Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Wednesday, December 8, 2010

လေးစားခဲ့ရသော သူငယ်ချင်းတစ်ယောက်

ရာသီဥတုအေးချမ်းတဲ့ နေရာတွေဆိုတာ နေလို့ကောင်းတယ်လို့ လူတကာပါးစပ်ဖျားမှာ ပြောလေ့ရှိကြပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့လေးဟာ မြို့ပြအဆင့်အတန်းလည်း ကောင်းတယ်။ ရာသီဥတုကို ကြည့်မယ်ဆိုလည်း အေးချမ်းလှတဲ့အတွက် အပန်းဖြေသူတွေ စိတ်ချမ်းသာစွာ လည်ပတ်နိုင်ဖို့ အဆင်ပြေစေပါတယ်။ မြန်မာပြည်သည် ပူပြင်းတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့အတွက် လူတိုင်းသည် အအေးဓာတ်ကို ခုံမင်နှစ်သက်ကြပါတယ်။ တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ပြင်ဦးလွင်၊ မိုးကုတ် စတဲ့မြို့တွေလို လူတွေရဲ့ စိတ်ကို အေးချမ်းမှု ပေးနိုင်တာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သိပ်အများကြီးရှိမယ် မထင်ပါဘူး။

မြစ်ကြီးနားနှင့် ချင်းတောင်တန်းတွေကို မရောက်ဘူးလို့ ရောက်ဖူးချင်တာကလွဲ၍ အချိန်ကြာမြင့်စွာ မနေလိုကြပါ။ ထို့ကြောင့် ဤဒေသများတွင် လူအရောက်အပါက်နည်းပြီး အပန်းဖြေဖို့အတွက် လည်ပတ်ခြင်းမျိုး နည်းပါးလှပါတယ်။ ပူလွန်းတဲ့အတွက် အအေးဓာတ်ကို ကြိုက်ကြတယ်ဆိုပေမယ့် အရမ်းအေးတဲ့ ချင်းတောင်တန်းလို နေရာမျိုးတွေကို အအေးခံဖို့အတွက် မည်သူမှ သွားရောက်မည်မဟုတ်။ အတွေ့အကြုံအရ၊ တာဝန်အရ၊ ဗွီဒီယိုမှတ်တမ်း၊ ရုပ်ရှင်ရိုက်တာကလွဲရင် ကျန်သော ကိစ္စရပ်များအတွက် အလည်ပတ်သွားမည့်သူ နည်းပါလှချေသည်။ ဘာကြောင့်လဲဆိုတော့ အရမ်းအေးတဲ့ ရာသီဥတုတွေ ဖြစ်နေလို့ပါပဲ။ ချင်းပြည်နယ်မှာက နှင်းတွေကျတတ်ပါတယ်။ ရံဖန်ရံခါ ရေခဲတတ်တဲ့အတွက် အမြဲလိုလို အပူချိန်ရနေတဲ့ အောက်ပြည်အောက်ရွာနှင့် အလယ်ပိုင်းသားတွေ အတွက် ကျန်းမာရေး အခက်အခဲ ရှိနိုင်ပါတယ်။

တောင်ကြီးမြို့ နှင့် ပြင်ဦးလွင်မြို့တွေသည် ရာသီဥတုအရ ကြည့်မယ်ဆိုရင် အေးအေးချမ်းချမ်းနဲ့ နေထိုင်လို့ အရမ်းကောင်းပါတယ်။ ဒီအချက်သည် ကျွန်တော်တစ်ယောက်ထဲ ဆုံးဖြတ်ချက် မဟုတ်ပဲ ရောက်ဖူးသူရော၊ မရောက်ဖူးတဲ့သူတွေကပါ သတ်မှတ်ထားခဲ့ကြတာ ယနေ့အချိန်ထိပါပဲ… ထို့အပြင် တောင်ကြီးမြို့ ရွှေညောင်ဘူတာမှ ရွှေညောင်သို့ သွားပြီး… လှေများစီးသွားမယ်ဆိုရင် အင်းလေးဖောင်တော်ဦး ဘုရားသို့ ရောက်ရှိပါမယ်။ ပင်တယဂူတွေအပြင် အခြား အထင်ကရနေရာတွေကိုလည်း သွားနိုင်ပါသေးတယ်။ ပြင်ဦးလွင်မြို့မှာဆိုရင် မဟာအံ့ထူးကံသာဘုရား၊ ပိတ်ချင်းမြှောင်၊ ပွဲကောက်ရေတံခွန်တွေကိုလည်း သွားရောက်လည်ပတ် နိုင်သလို ဘုရားစေတီပုထိုးများအား ဖူးမျှော်ခြင်းများလည်း ပြုလုပ်နိုင်ပါသေးတယ်။

စာရေးသူသည် တောင်ကြီးမြို့မှာ နေဖူး၍ အေးမြတဲ့ရာသီဥတုကို ခံစားဖူးခဲ့သည်။ ထိုစဉ်က ငယ်ရွယ်သော တက်ကြွသော ကျောင်းသားတစ်ယောက်အဖြစ် နေထိုင်ကာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှပေးသော ရာသီဥတု အေးမြမှုနှင့် သဘာဝရှုခင်းသာယာလှပမှု၊ တောင်တန်းတွေနှင့် စေတီပုထိုးများအား ဖူးမျှော်ခွင့်ရခဲပါတယ်။ ထို့အပြင် ဓလေ့ထုံးတမ်း ယဉ်ကျေးမှုနှင့် ပွဲတော်များမှာလည်း ပါဝင်ဆင်နွဲခဲ့ရပါသေးတယ်။ ဤအချိန်တုန်းက စာရေးသူအနေဖြင့် ထူးထူးခြားခြား အမှတ်ရစရာလေးတွေ ရှိခဲ့ပါတယ်။ ၀ါးနှစ်ပြန်သုံးပြန်လောက် မြင့်မားတဲ့ မီးပုံးပျံကြီးတွေကို ပြုလုပ်ပြီး ကျောင်းကထိန်၊ သီတင်းကျွတ်ပွဲနှင့် တန်ဆောင်တိုင်ပွဲတွေမှာ လွတ်ဖူးခဲ့ပါတယ်။ ထို့အပြင် မီးပုံးပျံရိုးရိုး မဟုတ်ပဲ အောက်ခြေတွင် ယမ်များကို အမျိုးမျိုး ပြုလုပ်ထားကာ အလှဖော်ထားကြသည့် အတွဲတစ်တွဲလည်း ပါဝင်သေးသည်။ ၎င်းကို အောက်တွဲဟု ခေါ်ပါသည်။ ပြီးခဲ့တဲ့ တန်ဆောင်တိုင်ကိုလည်း လွမ်းမိပါတယ်။ ဒါကတော့ ကျောင်းနေဘ၀ မှတ်မိတာလေးကို ဒီဇင်ဘာလနှင့် အေးမြမှုကို သတိရမိလို့ ဖော်ပြလိုက်တာပါ။

ကျောင်းနေဘ၀ဆိုတော့ လူတိုင်းကိုယ်စီ သူငယ်ချင်း အပေါင်းအသင်းတွေ ရှိခဲ့ကြမှာပါ။ အဲဒီအထဲမှာမှ အခင်ဆုံး၊ အချစ်ဆုံး၊ စိတ်သဘောထား အကောင်းဆုံး၊ လေးစားရသော သူငယ်ချင်းတွေဆိုပြီး ပိုင်ဆိုင်ဖူးပါလိမ့်မယ်။ ထို့အပြင် အမုန်းဆုံးလူဆိုတာလည်း ရှိနိုင်ပါသေးတယ်။ ကျွန်တော့်ဘ၀မှာတော့ ကျောင်းသားဘ၀ အမုန်းဆုံးလူရယ်လို့ မရှိခဲ့တဲ့အတွက် ထည့်သွင်းဖော်ပြမည် မဟုတ်ပါ။ ယခုထိလည်း အမုန်းဆုံးဆိုတာ မရှိသေးပါဘူး။ ကြေငြာဝင်တာတော့ မဟုတ်ရပါဘူး….။

ကျောင်းသားဘ၀ ဖြတ်သန်းလာတဲ့အထဲမှာ သူငယ်ချင်းပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးပါတယ်။ လူတန်းစာအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံခဲ့ဖူးပါတယ်။ ချမ်းသာတဲ့ အသိုင်းအ၀ိုင်းထဲက ရှိသလို၊ စားနိုင်သောက်နိုင် အသိုင်းအ၀ိုင်းအပြင် ဆင်းရဲတဲ့ အသိုင်းအ၀ိုင်းထဲက လူတွေနဲ့လည်း သူငယ်ချင်း ဖြစ်ခဲ့ကြပါတယ်။ ထူးခြားဆုံးသော အချက်ကတော့ ကျွန်တော်ခုနှစ်တန်းနှစ်မှာ သူငယ်ချင်းတစ်ယောက် အိမ်ဘေးနားကို ပြောင်းလာတာက စပါတယ်။ သူတို့က ညီအစ်ကိုနှစ်ယောက်ဆိုပေမယ့် အကြီးကောင်က စာမေးပွဲကျတာများလို့ အငယ်ကောင်နှင့် တစ်တန်းထဲဖြစ်သွားတယ်။ ကျွန်တော်နဲ့ပါ အတန်းတူသွားတာပေါ့။ နှစ်ယောက်စလုံးကို ခင်မင်ရင်းနှီးစွာ ပေါင်းသင်းခဲ့ပါတယ်။ ဒါပေမယ့် အသက်တူရွယ်တူဖြစ်တဲ့ အငယ်ကောင်နဲ့ ပိုပေါင်းမိတာတော့ အမှန်ပါပဲ။ ကျောင်းမှာတော့ အခန်းမတူကြဘူး။ အိမ်မှာ ဟိုဘက်ဒီဘက်ဆိုတော့ အမြဲတမ်းတွေ့နေကြတယ်။

ကျွန်တော်တို့တွေက စာအတော်ဆုံးထဲမှာလည်း မပါကြဘူး။ အညံ့ဆုံးစာရင်းမှာလည်း မပါဘူး။ ဒါပေမယ့် ရှေ့မရောက်တရောက်ထဲမှာတော့ ပါဝင်နေတယ်။ စာကတော့ လုပ်ကြပါတယ်။ ကျောင်းကပြန်တာနဲ့ ကျူရှင်ကို အတန်းပိုင်ဆရာမဆီမှာ သွားတက်ရပါတယ်။ ကျွန်တော်တို့ သုံးယောက်စလုံး တစ်ဝိုင်းထဲတက်တာပါ။ မနက်ကျောင်းသွားရင် အတူတူသွားလိုက် ပြန်လာရင် ကျူရှင်မှာတွေ့လိုက်၊ ကျောင်းပိတ်ရက်တွေမှာ ခြင်ခတ်၊ ဘောလုံးကန် အတူတူဆိုတော့ ရင်းနှီးမှုလည်း ပိုမိုလာတာပေါ့။ တခါတလေဆို ကျွန်တော်တို့ မီးပုံးပျံကို အတူတူလွတ်ကြတယ်။ တောင်ကြီးမှာက အသီးအနှံတွေပေါတယ်။ ကျွန်တော်တို့ အိမ်ခေါင်းရင်းမှာ ထောပတ်ပင်တစ်ပင်၊ အိမ်ရှေ့မှာတစ်ပင်၊ အိမ်နောက်မှာက မက်မွန်သီးပင်နဲ့ သကြားသီး အပင်တွေရှိတယ်။ မှတ်မိတာကတော့ နေကြာပင်နဲ့ ပြောင်းဖူးပင်ကို ကြိုက်သလိုစိုက် ဖြစ်ထွန်းတယ်။ ညဘက်ဝိုင်းတက်တာဆိုတော့ အရမ်းအေးတယ်။ တခါတလေ စိုက်ခင်းထဲမှာ ပြောင်းဖူးအတူတူ သွားခူးကြတယ်။ မီးလှုံရင်းနဲ့ ပြောင်းဖူးဖုတ် စားကြတာပေါ့။ ဆရာမခြံထဲက သစ်တော်သီး သွားခူးလိုက်ပေါ့။ မျက်နှာပွင့်ချင်ရင်တော့ နှင်းဆီပင်စိုက်… အလေ့ကျတောင် ပေါက်တယ်။ ကောင်မလေးတွေကို ပေးရင်တော့ အဆင်ပိုပြေတာပေါ့ဗျာ…။ ဒါက အကြီးကောင် လုပ်နေကြ အလုပ်မို့ ကျွန်တော်မှတ်မိနေသေးတယ်။ တောင်ကြီးမြို့သည် တကယ့်ကို နေလို့ကောင်းတဲ့ မြို့လေးတစ်မြို့ဆိုတာ စာရေးသူအနေဖြင့် ရဲရဲဝံ့ဝံ့ အာမခံပါတယ်။

စာရေးသူက သိပ်ကြာကြာတော့ မနေခဲ့ရဘူး… တစ်နှစ်ကျော်လောက်သာ နေခဲ့ရတယ်။ အဲဒီတုန်းကတော့ အရာအရာ အမှုမဲ့အမှတ်မဲ့ပေါ့။ ဒါပေမယ့် ရည်ရွယ်ချက် တစ်ခုက သွားတူနေတယ်။ အတန်းတွေကျနေတဲ့ အကြီးကောင်အတွက် ရည်မှန်းချက်က ၁၀ တန်းအောင်ရင် တောင်ကြီးတက္ကသိုလ် တက်ဖို့ပဲ။ ရည်းစားတွေလည်း သူကထားတက်နေပြီးလေ… အပျော်အပါးအတွက် သူကကျွန်တော်တို့ လိုင်းကိုမနှစ်သက်တော့ဘူးပေါ့။ အငယ်ကောင် ၀ါသနာပါတာက စစ်ဗိုလ်။ ၁၀ တန်းပြီးရင် ဗိုလ်သင်တန်း တက်မယ်လို့ သူပြောဖူးပါတယ်။ အမှတ်မထင်ပဲ ကျွန်တော်နဲ့ လေးတန်းလောက်တုန်းက ခင်ခဲ့တဲ့ အကိုတစ်ယောက်က ဗထူးဗိုလ်သင်တန်းကနေ တောင်ကြီးမှာ စစ်ရေးပြဆိုပြီး ရောက်လာပါတယ်။ အိမ်ကိုလာလည်ရင်းနဲ့ သူတို့ဗိုလ်လောင်းတွေ တည်ခိုနေတဲ့ နေရာကို ခေါ်သွားပါတယ်။ အဲဒီမှာစပြီး ကျွန်တော်လည်း ၀ါသနာပါလာခဲ့တယ်။ ၀ါသနာချင်းတူခဲ့တဲ့ ကျွန်တော်နဲ့အငယ်ကောင်တို့ ဘ၀ပေးကံလေးတွေတော့ ကွဲပြားခြားနားခဲ့ကြပါတယ်။ ဒီလိုနဲ့ စာမေးပွဲတွေ ဖြေအပြီးမှာပဲ စာရေးသူရဲ့အိမ်က အောက်ပြည်အောက်ရွာကို တစ်ခါပြန်ပြောင်းလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အကြီးကောင်ရော၊ အငယ်ကောင်နဲ့ပါ အဆက်အသွယ် မရှိကြတော့ဘူး။ အထက်တန်းတက်စဆိုတော့ စာထဲစိတ်ရောက်နေတာနဲ့ သူငယ်ချင်းဟောင်းတွေကို မေ့နေခဲ့တယ်။ ၉ တန်း၊ ၁၀ တန်းဆိုတော့လည်း သူငယ်ချင်းသစ်တွေနဲ့ ပေါင်းသင်းမိတာပေါ့။ ဒါနဲ့ပဲ တောင်ကြီးက ဟိုနှစ်ယောက်ကို မေ့နေလေရဲ့။ အသစ်တွေ့တော့ အဟောင်းမေ့ဆိုတာ ဒီလိုနေရာမျိုး သုံးလို့ရမယ်ထင်တယ်။ အတွေးတော့ မချော်ပါနဲ့… အသိစိတ်က မေ့ပစ်လောက်အောင် သတိမရတော့တာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင် မတူတော့လို့ မေ့နေတဲ့ သဘောလောက်ပါပဲလေ။

စာရေးသူ ၁၀ တန်းအောင်တော့ စစ်တက္ကသိုလ်တက်ဖြစ်တယ်။ ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တဲ့ အလုပ်ဆိုတော့ အဆင်ပြေပါတယ်။ ရည်မှန်းချက်တစ်ခု အောင်မြင်တယ်လို့ ဆိုရမှာပေါ့။ အိမ်မှာလည်း ကျောင်းဆင်းပွဲတိုင်း ကြည့်ဖြစ်တယ်။ ဒါပေမယ့် သိပ်တော့ နားမလည်ဘူး။ ကြိုက်တာတော့ ကြိုက်တယ်။ ၀တ်စုံတူညီပြီး စစ်ရေးပြကလည်း ညီညာနေတော့လေ။ စစ်မိန့်သံကလည်း ကောင်းတယ်။ အပြင်မှာ ငယ်ငယ်က အမေရိုက်လို့ အာပြဲကြီးနဲ့ အော်တာက အကျယ်ဆုံးပဲ။ စစ်တက္ကသိုလ်မှာကတော့ နာကျင်မှုမပါပဲနဲ့ ယောင်္ကျားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ပညာရပ်အပြင် အသံနေအသံထားပါ အောင်လာခဲ့တယ်။ အပြင်မှာနေရင် အဲလိုအသံမျိုး အော်ဖို့ဆိုတာ ကိုယ်ကအဆိုတော်လည်း ဖြစ်မယ့်ရုပ် မဟုတ်ဘူးလေ။ ဒါကိုလည်း အားရကျေနပ်မိ၍ စစ်တက္ကသိုလ်ကို ကျေးဇူးတင်မိပါတယ်။ အထူးသဖြင့် ၀တ်စုံအဖြူနဲ့ ဆင်းရတာကို ကြိုက်တာပါ။ တကယ်တမ်း ကျောင်းဆင်းပွဲ စစ်ရေးပြတွေကျင့်တော့မှ မျက်လုံးတွေကို ကြိမ်းနေအောင် ခံစားရတာ သိတော့တယ်။ ဒါကြောင့် အိပ်ရေးပျက်လို့ မရဘူး။ အားနည်းလို့ မရဘူးလေ။ မှုးပြီးမေ့မှာထက် စစ်မိန့်သံအတိုင်း လိုက်လုပ်နိုင်ဖို့က အရေးကြီးတာပါ။ ဒါကြောင့် ကိုယ်သိပ်သဘောကျခဲ့တဲ့ ဒီဝတ်စုံအဖြူကြီးနဲ့ ကိုယ့်ငယ်ငယ်တုန်းကလို ကိုယ့်ကိုပြန်ကြည့်နေမယ့် လူငယ်တွေအတွက် ရဲရဲတောက်ဖြစ်အောင် စံနမှုနာဖြစ်အောင် စစ်ရေးပြနဲ့အညီ လိုက်ပါလုပ်ဆောင်ပြီး စိတ်ဓာတ်ရှိကြောင်း ပြခဲ့ရသေးတာပေါ့လေ….။ ဒါကစာရေးသူ စစ်တက္ကသိုလ် တက်ခဲ့စဉ်က တစ်စိတ်တစ်ဒေသလေးပါ။ ရေးရင်တော့ ကုန်မှာမဟုတ်ပါဘူး။ ဒီအကြောင်းတွေ ရေးနေရရင် အမိစစ်တက္ကသိုလ်ကို အရမ်းလွမ်းမိပါတယ်။ သြော်…စစ်တက္ကသိုလ်ဆိုတာကလည်း ကျွန်တော့်ဘ၀ရဲ့ ဒုတိယအမေတစ်ယောက်ပါပဲလေ။ သူမွေးထုတ်ပေးခဲ့လို့ ကျွန်တော်တို့ ဒီလိုနေနိုင်ခဲ့ကြတာပါ။ မွေးအမေမှာ ကျေးဇူးတွေ ဆပ်လို့မကုန်နိုင်အောင် ရှိသလို။ သူ့မှာလည်း ဘယ်လိုကျေးဇူးမျိုးတွေ ရှိသလဲဆိုတာ စစ်တက္ကသိုလ် တက်ဖူးသူတိုင်း သိကြလိမ့်မယ်လို့ စာရေးသူ ယုံကြည်နေပါတယ်။

အဲဒီလို ကျွန်တော်စစ်တက္ကသိုလ် တက်နေချိန်မှာ တောင်ကြီးက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဘယ်တွေရောက်နေလဲ စဉ်းစားမိတယ်။ ဒါပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။ စစ်တက္ကသိုလ်ထဲမှာ သူပါမလားလို့ မကြည်ရဲကြည်ရဲ လူတိုင်းမမြင်ရတဲ့ မျက်လုံးလေးတွေနဲ့တောင် စာရေးသူ လိုက်ရှာမိပါသေးတယ်။ မတွေ့မိခဲ့ပါဘူး။ သူငယ်ချင်းတစ်ယောက်ကိုတော့ တွေ့ပါတယ်။ ဒါပေမယ့် အငယ်ကောင် မဟုတ်ပါဘူး။ ၁၀ တန်းနှစ်မှာ အတူတက်ခဲ့တဲ့ သူငယ်ချင်းပါ။ ဒီလိုနဲ့ စစ်တက္ကသိုလ်တက်ပြီး ပထမနှစ်အပြီး ခွင့်ရလို့ အိမ်ပြန်တော့ အမေက ပြောပါတယ်။ အငယ်ကောင်နဲ့ အကြီးကောင်တို့ အိမ်လာသွားကြတယ်။ အကြီးကောင်ကတော့ ၉ တန်းမအောင်လို့ ကျောင်းထွက်လိုက်ပြီးတဲ့။ အငယ်ကောင်ကတော့ သားလိုပဲ ၁၀ တန်းအောင်တော့ ဗိုလ်သင်တန်း လျှောက်တာ မရလိုက်ဘူး။ အထက်တန်းစတက်တော့ သူယူထားတဲ့ မေဂျာက ၀ိဇ္ဇာတွဲဖြစ်နေလို့ ကန့်သတ်ချက်ထဲ ပါသွားတယ်။ သနားပါတယ် အငယ်ကောင်က တော်တော်လုပ်ချင်နေတာလို့ အမေကပြောပါတယ်။ နောက်ပြီး သားက စစ်တက္ကသိုလ်တက်နေတဲ့အချိန် ဆေးစစ်ကာလတုန်းက သားရိုက်ပြီး အမေတို့ဆီပို့လိုက်တဲ့ မိုးကာအကျီင်္နဲ့တစ်ပုံရယ် သေနတ်ကိုင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေကို မြင်သွားတော့ သူပိုပြီး နာကျင်သွားတယ်ထင်တယ်။ အခုတော့ သူစစ်တပ်ထဲဝင်သွားပြီးလို့ သူ့အမေက ပြောလာတယ်။ သားတို့စစ်တက္ကသိုလ်မှာ အခြေခံသင်တန်း အပြီးမှာ ဒေါက်တင်ပွဲလုပ်ပြီး သိပ်မကြာဘူး။ ရဲဘော်အဆင့်နဲ့ တပ်ထဲကို ၀င်သွားတယ်။ အငယ်ကောင်ကတော့ အမေတို့ကို ပြောသွားတယ်… ကျွန်တော်ဗိုလ်အရမ်း ဖြစ်ချင်တယ်။ စာရေးသူကိုလည်း အားကျတယ်။ ဒါကြောင့် နည်းလမ်းတစ်ခုခုနဲ့ ရအောင်သူ စစ်တပ်ထဲ ၀င်သွားရှာတယ်။

ကံကောင်းချင်တော့ ၁၀ တန်းအောင်ထားတော့ ဟိုပုန်းမြို့မှာ ဖွင့်ထားတဲ့ ကွန်ပျူတာစာရေး သင်တန်းကို သူတက်ခွင့်ရတယ်လို့ ကြားတာပဲ။ အခုချိန်ထိတော့ တစ်ခါမှ သူနဲ့မဆုံရသေးပါဘူး။ တပ်ကြပ်ကြီး ဖြစ်နေပြီး အသက်ကလည်း ငယ်သေးတော့ နောက်တစ်ဆင့် ဗိုလ်သင်တန်းဖြေမှာပေါ့လေ။ ဒါပေမယ့် သူဝါသနာပါတဲ့ ဒီစစ်တပ်ထဲမှာ နေနေရလို့လားတော့ မသိဘူး။ အငယ်ကောင် ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ စာရေးသူအတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ သူရွေးချယ်ခဲ့တဲ့ ဘ၀အဆစ်ချိုးက သူ့ဘ၀လမ်းကြောင်းနဲ့ သူ့ရဲ့ ရည်မှန်းချက်ကို တိမ်းစောင်းသွားစေခဲ့တာပေါ့လေ။ သူသာ သိပ္ပံတွဲကို ယူခဲ့ရင် အခုချိန်မှာ ကျွန်တော်နှင့်အတူ စစ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ် တစ်ခုခုကနေ ကျောင်းဆင်းပြီး အရာရှိတစ်ယောက် ဖြစ်နေပြီးပေါ့လေ။ အခုတော့ တပ်ကြီးကြပ် အဆင့်နဲ့ သူရည်မှန်းချက်ကို ဆက်လှမ်းရတာပေါ့။ ဒါပေမယ့် အခက်အခဲတွေနဲ့ဆိုတော့ ပိုပင်ပန်းရမယ်လေ။ ကျွန်တော့် သူငယ်ချင်းသည် စိတ်ဓာတ်ကောင်းမွန်ပြီးသား လူတစ်ယောက် ဖြစ်တာမို့ သူ့ရည်မှန်းချက်တွေ အောင်မြင်မှာပါ။ အောင်မြင်ပါစေလို့လည်း ကျွန်တော်ဆုတောင်းပေးနေပါတယ်။

စာရေးသူ အနေဖြင့် ဒီအကြောင်းအရာကို ဘာကြောင့်ဖော်ပြရသလဲဆိုတော့ သူငယ်ချင်းကို အရမ်းလေးစားမိလို့ပါ။ ကျွန်တော်တို့တတွေဟာ ပြည်သူတွေဖြစ်ခဲ့ပါတယ်။ အဲလိုပြည်သူတွေကနေ တဆင့် ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရင်းနဲ့ အလုပ်အကိုင်တွေ ကိုယ်စီရှိလာကြပါတယ်။ ကျွန်တော်ပြောခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း အငယ်ကောင်လို စိတ်ဓာတ်မျိုးရှိတဲ့ တပ်မတော်သားတွေ ရှိနေဦးမှာပါ။ အဲလိုစိတ်ဓာတ် ရှိတဲ့သူတိုင်းကို ကျွန်တော်လေးစားမိပါတယ်။ ကျွန်တော့်ရဲ့ သူငယ်ချင်း ရဲဘော်ဖြစ်နေလဲ သူ့အတွက်ကျွန်တော် အမြဲတမ်းဂုဏ်ယူနေမှာပါ…။ တပ်မတော်သားတွေထဲမှာ တိုင်းပြည်ကိုလည်းချစ်တယ်… တပ်မတော်ကိုလည်း ချစ်တဲ့လူတွေ အများကြီးရှိနေကြောင်း နှင့် စိတ်ဓာတ်ကောင်းမွန်တဲ့ တပ်မတော်သားတွေ ရှိနေတယ်ဆိုတာကို စာရေးသူ၏ လေးစားရပါသော သူငယ်ချင်းရဲဘော်ဘ၀နှင့် တပ်မတော်ထဲ ၀င်ခဲ့တဲ့အကြောင်းလေးကို ရေးသားဖော်ပြရင်း….။

NPNGMMP

 
RSS FeedRSS Subscription!
Follow me!Follow me!