Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Tuesday, October 9, 2012

ကြုံတွေ့ခဲ့ရသော ဒို့စစ်သားဘ၀ (အမှတ်တရ)


          ၀ါဆို၊ ၀ါခေါင်မှာ မိုးတွေ အရမ်းရွာတော့ မြစ်ချောင်း၊ အင်းအိုင် ပင်လယ်၊ သမုဒ္ဒရာတွေအပြင် မြေကြီးမှာ ရွှေသီးပြီးစိုက်ပျိုးရေးကို အားထည့်ကြတော့ ကောက်သိမ်းချိန်မှာ အထွက်နှုန်းကောင်းလို့ တို့ပြည်သူတွေ ပျော်ကြမြူးကြ ၀မ်းသာစရာပေါ့။ ငွေကိုမလို ရေကိုသာ လိုသည်ဟု တဖွဖွနှင့်ပြောနေတတ်သော မိုးခေါင်ရေရှား အပူပိုင်းက ပြည်သူများအတွက် အဆင်ပြေပေမယ့်၊ အောက်ပြည်အောက်ရွာ တို့ရွာသားတွေအတွက်တော့ မြစ်ရေမလျှံအောင် အသီးအနှံခင်းတွေ ရေဖုံးမလွှမ်းအောင် လုပ်ကြရပြန်တယ်။ ဒါပေမယ့်လည်း ဒီမိုးရွာမှသာလျှင် တခြားနိုင်ငံကလူတွေကို တိုက်ရိုက်မဆိုလိုပေမယ့် မြန်မာနိုင်ငံမှ ပြည်သူတွေအတွက်တော့ အိုကေမှာ စိုပြေကြရတာမဟုတ်လား။ တစ်နှစ်မှာတစ်ရာသီ ကြုံရစမြဲဖြစ်တာမို့ ပျောက်ကွယ်သွားဖို့ မဖြစ်နိုင်သလို၊ ပုံမှန်လေးရွာသွန်းစေချင်တဲ့ စိတ်လေးတွေကလည်း ကိန်းအောင်နေတတ်ကြပါတယ်။ နာဂစ်တို့ စူနာမီတို့လောက် မဖြစ်စေဖို့လည်း ကျွန်တော်တို့တွေ ဆုတောင်းကြရပြန်ပါတယ်။
          ငယ်ငယ်က…..
 မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့ဆို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ်လို့
မောင်နှမတွေ ၀ိုင်းဖွဲ့ကာ သီဆိုခဲ့ဖူးတယ်။ 
ဒီသီချင်းလေးတွေကိုလည်း မမေ့နိုင်၊ မိုးရွာရင်ပျော်တတ်ကြတဲ့ ကျွန်တော်တို့ လူမျိုးကိုလည်း တွေးကြည့်တယ်။ ဒီလိုနဲ့ပဲ ကျောင်းနေဘ၀ကနေတဆင့် အလုပ်တွေကိုယ်ဆီလုပ်လို့ သူငယ်ချင်းတွေနဲ့ ခွဲကာ ကိုယ့်အသက်မွေးဝမ်းကျောင်းကို ကိုယ်တိုင်တာဝန်ယူ ဖြေရှင်းကြရပါတော့တယ်။ စစ်တပ်ကိုအားကျပြီး ၀င်လာခဲ့တဲ့ ကျွန်တော်တို့တပ်မတော်သားတွေမှာတော့ ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင် ကြရပါတယ်။ ဒီတာဝန်တွေကို ကျွန်တော်တို့ကိုယ်တိုင် ထမ်းဆောင်ချင်လို့ ၀င်လာကြတာဆိုတော့ အလုပ်ကိုလည်း တန်ဖိုးထားကြရတာပေါ့။ ဘယ်အလုပ်မဆို အားစိုက်မှု့ရှိရသလို ပင်ပန်းမှု့ဆိုတာလည်း အထိုက်အလျှောက် ရှိကြပါတယ်။
“အနာခံမှ အသာစံရမယ် ဆိုတဲ့ စကားလည်းရှိပါတယ်။ ဒါကြောင့် အနာခံကြမယ် အသာစံဖို့ကိုတော့ ကျွန်တော်တို့ ခေါင်းထဲအရိုးစွဲစွာ ရှိမနေတတ်ကြပါဘူး…” ကြီးပွားချင်ရင် အပြင်မှာအလုပ်လုပ် စီးပွားရေးသမားလုပ် ဒါမှမဟုတ် ဓါးပြတိုက်စားကြမှာပေါ့။ မတရားရှာလို့ရတဲ့ငွေတွေသည် ခဏတာနဲ့ပျောက်ကွယ်တတ်ကြသလို ရန်သူမျိုးငါးပါးထဲက တစ်မျိုးမျိုးကလည်း ဒုက္ခပေးတတ်ကြတာကို ဗုဒ္ဓဘာသာပီပီ သိပြီးသားပါ။ ဒီပစ္စည်းတွေဟာ မမြဲသောသဘောတရားတွေနဲ့ ပျက်ဆီး ပျောက်ဆုံးသွားနိုင်တယ်။ ကျွန်တော်တို့ တပ်မတော်သားတွေမှာတော့ ငွေကြေးချမ်းသာမှုမရှိပေမယ့် သိက္ခာတရားနဲ့ ဂုဏ်ဆိုတာတော့ ရှိနေစမြဲမို့ နေရင်လည်းတန်တယ် သေရင်လည်းတန်နေပါတော့တယ်…။ တကယ်တော့ ဘယ်အလုပ်ကိုမဆို ကြိုးစားလုပ်ဆောင်ရန်သာ အရေးအကြီးဆုံးပါ…။ ဘယ်အရာမှ မလွယ်ဘူးလို့ ခေါင်းထဲမှာ ထည့်ထားရမယ်။ 
တောတောင်အလီလီထပ်လို့ ကျောပေါအိတ်ကိုလွယ်ကာ တိုင်းပြည်ကိုကာကွယ်နေရတဲ့ စစ်သားတစ်ယောက်ရဲ့ ဘ၀မှာတော့ အေးချမ်းမှု၊ ငြိမ်းချမ်းမှုကို လိုချင်ကြတာပေါ့။ နွေ၊ မိုး၊ ဆောင်း သုံးရာသီထဲ ရှိပေမယ့် ကျွန်တော်တို့ စစ်သားတွေအတွက် ဘယ်ရာသီမှ ချောင်တယ်လို့မရှိပါဘူး…။ နွေဆိုတော့လည်း ပူလိုက်တာ နေစရာတောင်မရှိဘူး…။ “ဆယ်တန်းအထိ အိမ်မှာနေခဲ့စဉ်က အမေက နေပူရင်အပြင်မထွက်ရဘူးတဲ့။ ဒါဟာ မှတ်သားလောက်တဲ့ စကားပါ။ ဒါပေမယ့် သားတို့စစ်သားဘ၀နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ စကားမဟုတ်တာတော့ သေချာတယ်အမေ…” ကတ္တရားလမ်းက အပူရှိန်တွေတက်ပြီး အငွေ့တွေပျံနေတဲ့အချိန်မှာ ကျွန်တော်တို့ စစ်သားတွေ ဘာလုပ်နေကြသလဲ… ကျောပိုးအိတ်ကိုလွယ်… သေနတ်ကိုထမ်းပြီး ကိုယ့်တိုင်းပြည်ကြီးအတွက် ကာကွယ်နေရတယ်လေ…။ နိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ ပြည်သူလူထုတွေ ငြိမ်းချမ်းစွာနေနိုင်ဖို့အရေး တို့တွေထမ်းထားရတဲ့ တာဝန်ကလဲ မသေးပါလား…။ 
မိုးရွာရင်ပျော်ပြီး မိုးရေထဲမှာ ကစားနေတဲ့ကလေးတွေက အများဆုံးတစ်နာရီထဲပါ… တစ်နေကုန်မိုးရွာထဲမှာ အ၀တ်တွေစိုရွဲနေအောင် လျှောက်ခဲ့ရတာ နာရီပေါင်းတော်တော်များခဲ့ပါပြီး…။ ပျော်နေတာလားလို့ ဘယ်သူများမေးခဲ့ကြဖူးသလဲ…? “မေးမယ့်လူမရှိပေမယ့် ရေတွက်လို့မရနိုင်တဲ့ မိုင်တိုင်တွေကတော့ တော်တော်လေးများခဲ့ပါပြီး…” ရေစိုဝတ်နဲ့ လျှောက်လည်တာ မြန်မာ့ရိုးရာသင်္ကြန် တစ်ခုထဲရှိတယ်ထင်ခဲ့တာ… ကျွန်တော်တို့ စစ်သားတွေကလည်း မိုးတွင်းမှာ ရေစိုဝတ်နဲ့တစ်နေကုန် လျှောက်သွားနေရတာ ပြန်စဉ်းစားမိမှ…. သြော်…ကိုယ့်ဘ၀ကို ကိုယ်သိလာရသလို… တန်ဖိုးလည်း ထားတတ်လာတယ်။ ယနေ့ခေတ်မှာ အဆုတ်ထဲရေ၀င်တယ် အအေးပတ်တယ် အပူရှပ်တယ်ဆိုတာ ငါတို့လို တပ်မတော်သားတွေအတွက် မရည်ရွယ်ထားပါလား။ မဖြစ်နိုင်တဲ့ ရောဂါတွေလို့တောင် သတ်မှတ်ရမလိုပါပဲ…။ လူချင်းတူတယ် နေရာချင်းမတူဘူးဆိုတာ ဒါများဖြစ်မလား… “ဒုတ်ပြီး၊ ဓါးပြီး၊ သေနတ်ပြီးလို့တော့ ကြားဖူးတယ်… ဘာမှမပြီးချင်ပါဘူး… တိုင်းရင်းသားတွေအကုန်ပါဝင်တဲ့ ငြိမ်းချမ်းရေးတံတားကြီးတစ်စင်းပဲ အမြန်ပြီးချင်ခဲ့တာပါ”  ဆန္ဒတွေမပြည့်သေးခင် အခက်အခဲရှိတာကိုလည်း အားငယ်စိတ် မမွေးမိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတပါးမလုပ်နိုင်တာကို ငါတို့လုပ်နိုင်ခဲ့ကြလို့ပါပဲ။ လူသူအရောက်နဲပါးတဲ့ တောတောင်အတွင်းမှာ မိုးရွာထဲသွားထားလို့ စိုနေတဲ့အ၀တ်တွေ မခြောက်ရင်နေပါ။ ဆာလာတဲ့ဗိုက်ကို ဘယ်လိုဖြည့်တင်းမလဲဆိုတာ ပြဿနာဖြစ်လာတယ်လေ။ ထမင်းချက်ဖို့ ထင်းတွေရေစိုနေသရွေ့ ဒီနေ့ထမင်းစာရဖို့ လမ်းမမြင်သလောက် ဖြစ်ခဲ့ရပါတယ်။ တကယ်တော့ လူ့အခွင့်အရေး ဆုံးရှုံးတယ်ဆိုတာ ငါတို့တပ်မတော်သားတွေကို ဘယ်သူများမှီနိုင်မလဲကွာ….လို့ဆိုပြီး ပေါက်ကွဲပစ်လိုက်ချင်ပါရဲ့…။
ထမင်းချက်တဲ့ရဲဘော်အတွက် မီးခိုးကြောင့် မျက်ရည်ကျသည်ဟု ထင်သယောင်ယောင် ငိုကြွေးသဏ္ဍာန်တူပါသည်။ တိတ်တခိုးပါပဲ အရိပ်အမျိုးမျိုးတွေကိုရှာလို့ သောက်စရာ ရေအိုင်လေးများတွေ့ရင် အတိုင်းမသိပျော်ရပေမယ့် ယုတ်မာရက်စက်သော ရန်သူတို့၏ မိုင်းတွေကြောင့်လည်း ရေမရခင် သွေးများလည်း ရခဲ့ကြသေးသည်။ အရှင်လတ်လတ်ကြီး ကိုယ့်အရှေ့မှာ ပေါင်ပြတ်၊ ဒူးပြတ် လက်ပြတ်၊ ခြေပြတ် ဆက်ငင်ဆက်ငင် ဤမြင်ကွင်းကို မကြည့်ရက်။ ၀မ်းနည်းကြေကွဲ အဖြေရှာလို့ မိသားစုကို ပြေးမြင်မိ၏။ တောထဲတောင်ထဲ ဆေးရုံ၊ ဆေးခန်းအဘယ်မှာလဲ ၂၄ နာရီဖွင့်ပေးနေတာက သေမင်းပဲရှိတာပါ။ သွေးထွက်လွန်မှာဆိုး၍ ဖြတ်သင့်ရင်ဖြတ်၊ ပတ်သင့်ပတ်(ဆေးပတ်တီးဖြင့်)၊ ပြီးတာနဲ့ ရဲဘော်ရဲဘက်ပီပီ ၀ါးကိုခုတ်၊ စောင်ကြားကိုထုတ် ပုခက်လုပ်ထမ်းပိုးပြီး လုံခြုံမှုနှင့်ဆေးကုသမှု အနည်းငယ်ရနိုင်မည့် နေရာတွင် ထားခဲ့ရပြန်သည်။ မိမိသည်ကာ မနားရပါ… မချိပြုံးနှင့်ပြုံးပြ၍ ပြန်လည်ထွက်ခွာ ရှေ့တန်းတာဝန် ထမ်းရပြန်သည်။ 
နိုင်ငံတစ်ခုမှာ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းနေနိုင်ရေး၊ လယ်သမားတွေ လယ်စိုက်နိုင်ရေး၊ စီးပွားရေးသမားတွေ လွယ်ကူစွာကုန်ကူးနိုင်ရေးတွေကအစ အခြေခံပြည်သူလူထုတွေ စားဝတ်နေရေး ပြေလည်စေဖို့အတွက် တိုင်းပြည်အေးချမ်းနေဖို့ လိုအပ်တယ်လေ…။ ငါတို့တပ်မတော်သားတွေ တောတောင်တွေထဲမှာ ဘယ်လောက်ဆင်းရဲဒုက္ခ ရောက်နေပါစေ… ပြည်သူပြည်သားတွေ ပျော်ရွှင်နေမယ်ဆိုရင်လေ ဘ၀ကြီးတစ်ခုလုံးကို ရင်းပြီးတော့ နေပစ်လိုက်ချင်တယ်။ “သနားစရာကောင်းတာက နွေးထွေးမှု့အပြည့်အ၀ မပေးနိုင်တဲ့ ကိုယ့်မိသားစုအကြောင်း ပြန်တွေးမိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။ မိသားစုအရေးထက်စာရင် တစ်ပြည်လုံးရဲ့အရေးက ပိုအရေးကြီးတယ်ဆိုတဲ့ တာဝန်တွေနဲ့ပဲ စစ်တပ်ထဲမှာ အသက် (၆၀)ထိ ထမ်းဆောင်ရင်းနဲ့ နေသွားတဲ့ တပ်မတော်သားတွေက စံပြဖြစ်နေစမြဲပါပဲလေ…..” အသက်ပေးသွားခဲ့တဲ့ ရဲဘော်ရဲဘက်တွေကိုတော့ အမြဲတမ်းလေးစားလျှက်ပါ….။ တိုင်းပြည်အတွက် တာဝန်ကျေပွန်ပြီး မိဘအတွက်၊ မိသားစုအတွက် တာဝန်မကျေနိုင်ခဲ့တဲ့ တပ်မတော်သားတွေကို ကိုယ်ချင်းစာကြည့်ပေးနိုင်ကြပါစေ…။
ဒီတာဝန်တွေကို ဘယ်သူမှပေးခဲ့တာ မဟုတ်ပါဘူး… ကျွန်တော်တို့ ကိုယ်တိုင်ယူခဲ့ကြတာပါ။ “ကျွန်တော်တို့တပ်မတော်ကိုက မျိုးချစ်တပ်မတော် ဖြစ်နေတာပါ။ တခြားနိုင်ငံက တပ်မတော်တွေလို ကြေးစားတပ်မတော် အမြဲတမ်းတပ်မတော်ဆိုပြီး မဟုတ်ပါဘူး။ အမျိုးကိုချစ်လို့ အမျိုးကိုကာကွယ် ရမှာမဟုတ်လား…” ဒါတွေက ဂုဏ်ယူစရာတွေ ဖြစ်လာပါတယ်။ ယနေ့ခေတ်မှာ အရည်အချင်းပြည့်ဝသည့် တပ်မတော်၊ စံနမူနာပြတပ်မတော်ဖြစ်အောင် တည်ဆောက်လျှက်ရှိရာ နေရေးထိုင်ရေး စားဝတ်နေရေး အသုံးအဆောင်တွေကစလို့ ပညာရေးနှင့်လူနေမှု အဆင့်အတန်းတွေကိုပါ မြှင့်တင်ပေးလျှက်ရှိပါတယ်။ လစာစရိတ် အကျိုးခံစားခွင့်နှင့်အတူ ဆေးဝါးကုသမှုရှိပြီး။ လူတော်တော်များများ ဇဝေဇ၀ါဖြစ်နေသည်မှာ တပ်မတော်သားတစ်ယောက်၏ မိဘသည်ကျန်းမာရေးတစ်ခုခုဖြစ်လျှင် တပ်မတော်စစ်ဆေးရုံတွင် အခမဲ့ကုသပိုင်ခွင့် ရှိပါသည်။ ၎င်းအချက်ကို လူတိုင်းမသိ၍ မေးနေကြသည်ကို  ယခုရှင်းပြလိုက်ပါသည်။ သို့ပင်သော်လည်း ယနေ့ခေတ် တပ်မတော်သားတစ်ယောက်ဖြစ်ရန် အလွယ်တကူ မဖြစ်နိုင်တော့ချေ။ စစ်ဆေးမှုတွေ၊ ဆေးစစ်မှုတွေ၊ ကြံခိုင်မှုတွေကအစ မိဘသဘောတူညီချက်တွေ (လက်ပွေ/လက်မှတ်/လူကိုယ်တိုင်) ထိတိုင် လိုအပ်ချက်တွေ All Clear ဖြစ်မှလက်ခံသည့် ခေတ်ရောက်လာခဲ့ပြီး။ အတင်းအဓမ္မစေခိုင်းမှု မဖြစ်အောင် ILO နဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်နေကြပြီး ဖြစ်ပါသည်။ “နောက်ပိုင်းတွင် ILO အဖွဲ့အစည်းများကို (အလုပ်ခန့်ထားရေးနှင့် တပ်သားစုဆောင်းရေး) ဘုတ်အဖွဲ့ဝင်အဖြစ် ထားရှိပေးရမည်ဟု အကြံပြုလာချင်သည်” ဒါဆိုရင် အရည်အချင်းလည်းပြည့်မည်… ပြဿနာတစ်စုံတစ်ရာလည်း ပေါ်ပေါက်မှု မဖြစ်တော့ဘူးပေါ့။ အဲဒါကြောင့်လေ ကျွန်တော်ပြောချင်တာက ခေတ်တွေပြောင်းလာတာနှင့်အမျှ လူတွေလည်းပြောင်းလာခဲ့ပြီး၊ မူတွေလည်းပြောင်းလာခဲ့ပြီး အခုတော့လေ စနစ်တွေပြောင်းပြီး တိုင်းပြည်ကို ကာကွယ်ချင်တဲ့ လူငယ်လူရွယ်များ (အသက်(၁၈)နှစ်မှ(၂၅)နှစ်အတွင်း) စစ်မှုထမ်းဆောင်နေကြပြီးဖြစ်ရာ တစ်နေ့တစ်နေ့ မိမိသဘောဆန္ဒဖြင့် ၀င်ရောက်သူပေါင်း (၁၀၀) ကျော်ထိ ရှိနေသည်ကို မြန်မာနိုင်ငံရှိ စစ်သားစုဆောင်းရေးတပ် အနီးတ၀ိုက်တွင် စုံစမ်းသိရှိနိုင်ပါသည်။ ဟိုတစ်နေ့က  သတင်းမှာ ကျိုင်းတုံတပ်နယ် ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတွင် မိမိတို့တပ်မတော်သည် အရည်အချင်းမှ အရေအတွက်၊ အရေအတွက်မှ အရည်အချင်းသို့ ဖော်ဆောင်သွားကြမယ်လို့လည်း ပြောထားပါတယ်။ ယောင်္ကျားတစ်ယောက်ရဲ့ဘ၀မှာ စစ်သားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူရမည့် အချိန်အခါဖြစ်နေပါပြီး။ 
သို့ပါသောကြောင့် နေပူပူမှာ ဘယ်အရာကိုမှ မမက်နိုင်ရှာတဲ့ လူလူချင်းအတူတူ ဒီတော၊ ဒီတောင်၊ ဒီရေ၊ ဒီမြေပေါ်မှာ ဒီရာသီဥတုဒဏ်တွေနဲ့ ဘယ်ဒုက္ခခံချင်ကြမှာလဲ…။ မေတ္တာဖြင့်ခြုံအကုန်လုံဆိုသလို နိုင်ငံအတွက် ကိုယ်ကျိုးစွန့်သင့်ရင် စွန့်ကြရပေမည်။ ထို့ကြောင့် မိဘဆိုတာက မိသားစုအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်လို့ပြောရင် မယုံနိုင်စရာမရှိသလို တပ်မတော်သည်လည်း နိုင်ငံတော် တည်တံ့ခိုင်မြဲရေး အတွက်ဆို တာဝန်အရှိဆုံး အဖွဲ့အစည်းတစ်ခုပါ။ ဒီအဖွဲ့အစည်းကြီးထဲမှာ တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများသည် မိမိအသက်ထက် တိုင်းပြည်အသက် (ပြည်သူလူထုအားလုံး၏အသက်)ကို ပိုတန်ဖိုးထားကြ၍ နွေ၊မိုး၊ဆောင်းရယ်မရှိ သေခြင်းတရားသာ ရှိသည်ဟု ခံယူကာ ဘ၀တွေကိုပေးဆပ်ရင်းနဲ့ တာဝန်ထမ်းဆောင်နေကြပါတော့သည်။
(လေးစားစွာဖြင့်)
NPNG(myanmarp)

Saturday, June 11, 2011

ငွေနဲ့ပေါက်လို့ဘာသာမပျောက်စေနဲ့ ဖိုးပညော (သပိတ်ကျင်း)

ငွေနဲ့ပေါက်လို့+ဘာသာ+မပျောက်စေနဲ့

NPNG မျိုးချစ်အယ်ဒီတာကိုစေ နှင့် ရင်ထဲကစကားလုံးတွေ ဖွင့်ဟပြောဆိုဖို့ စောင့်နေခဲ့တဲ့ ဧရာဝတီကိုကျော်ကြီးတို့၏ ဆွေးနွေးချက်

ကိုစေ: ဟိုင်း

မင်္ဂလာပါကိုကျော်ကြီး။

ကိုကျော်ကြီး: မင်္ဂလာပါ

ကိုစေ: မြန်မာနိုင်ငံနှင့် ပတ်သတ်ပြီး ဆွေးနွေးချင်လို့ပါ။

ကိုကျော်ကြီး: ရပါတယ်…။

ကိုစေ :ဟုတ်ကဲ့ ဒါဆို ကျွန်တော်မေးခွန်းလေးတွေ မေးချင်ပါတယ်။

ကိုကျော်ကြီး : မေးလို့ရပါတယ်။

ကိုစေ: နံပါတ်(၁) မေးခွန်းကို ကျွန်တော် မေးကြည့်ချင်ပါတယ် အဲဒါက မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်လိုမြင်ပါသလဲ...(လက်ရှိအချိန်မှာပေါ့)

ကိုကျော်ကြီး: ဘယ်လို မြင်လဲ ဆိုတော့ အခုအခါမှာ မြန်မာနိုင်ငံက စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင် ဦးတည်ပြီး သွားနေတယ်လို့ မြင်ပါတယ်၊ ကြိုးစားပြီး လုပ်ဆောင်နေကြတယ်လို့ မြင်ပါတယ်

ကိုစေ: ဒါဆို ကိုကျော်ကြီးအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်အောင် ဆောင်ရွှက်နေတယ်ဆိုတာ သံသယမရှိယုံကြည်တာပေါ့...

ကိုကျော်ကြီး: ယုံကြည်ပါတယ်ခင်ဗျာ ဘာလို့လဲဆို အရင်တုန်းက တင်းကျပ်နေတဲ့ စည်းမျဉ်း လျှော့ပေါ့ ပေးတယ် ဥပမာ စာပေလွတ်လပ်ခွင့်တို့ ဘာတို့ပေါ့ အရင်ကထက် စာရင် ပိုပြီး ပွင့်လင်းမြင်သာလာပြီလို့ ယုံကြည်ပါတယ် ဒီမိုကရေစီ ဆိုတာကလဲ အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရဘူးဆိုတော့ ကျွန်တော် တို့ အားလုံးဝိုင်းဝန်း လုပ်ဆောင် ကြရမှာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ခံယူပါတယ်

ကိုစေ: ဟုတ်ကဲ့ပါ ဒီမေးခွန်းအတွက် ကိုကျော်ကြီးကို ကျေးဇူးတင်ပါတယ်

ကိုစေ : နောက်ထပ် မေးခွန်းတစ်ခု ဆက်မေးအုံးမယ်ဗျ လူ့အခွင့်အရေး ချိုးဖောက်ထားတယ်ဆိုပြီး အနောက်နိုင်ငံတွေနှင့် နိုင်ငံရေးသမားတွေ၏ စွပ်စွဲချက်တွေကို ကိုကျော်ကြီးအနေနဲ့ ၁၀၀ % မှန်တယ်လို့ထင်ပါသလား…(သို့မဟုတ်) မှားနေတယ်လို့ထင်ပါသလား

ကိုကျော်ကြီး: Connection ကျ သွားလို့ဗျာ

ကိုစေ : သြော် ဟုတ်ကဲ့ ရပါတယ်

ကိုကျော်ကြီး: မြန်မာနိုင်ငံကို လူ့အခွင့်အရေး ဖောက်ဖျက်တဲ့ နိုင်ငံလို့ အနောက်နိုင်ငံက ပြောနေကြတဲ့ စွပ်စွဲ ချက်နဲ ပတ်သက်ပြီး ကွှန်တော့်အနေနဲ့ ပြောချင်ပါတယ် ဒီနေ့ ခေတ် ဘယ်နိုင်ငံမဆို ဒီမိုကရေစီ ကျင့်စဉ်ကို ၁၀၀% လိုက်ပါ လုပ်ဆောင်နိုင်တဲ့ နိုင်ငံရယ်လို့ မရှီပါဘူး တစ်ခုမဟုတ်တစ်ခုကတော့ လစ်ဟာ နေတာတွေ ရှိပါတယ် အမြဲတမ်း အဘက်ဘက်က ပြည့်စုံနေတဲ့ သူရယ်လို့ မရှိသလိုပဲပေါ့ အနောက် အုပ်စုတွေ အနေနဲ့ အာဖဂန် စစ်မြေပြင်မှာ အီရတ်စစ်မြေ ပြင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု့တွေ၊ အနောက် အုပ်စုတွေအနေနဲ့ သူနဲ့ တည့်တဲ့ နိုင်ငံ သူ့ကို ထောက်ခံတဲ့ နိုင်ငံဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှု့တွေ ဘယ်လောက် ရှိရှိ မပြောပေမယ့် မြန်မာနိုင်ငံလို အနောက်အုပ်စု သြဇာ မလွှမ်းနိုင်တဲ့ နိုင်ငံမျိုးကျတော့ ရည်ရွယ်ချက် ရှိရှိ နဲ့ နိုင်ငံရေး မတည်မငြိမ် ဖြစ်အောင် သွေးထိုး လှုံ့ဆော်တဲ့ အနေနဲ့ သုံးတဲ့ စွပ်စွဲ ချက် တစ်ရက်အနေနဲ့ ပဲ လက်ခံပါတယ်။

ကိုစေ: ဟုတ်ကဲ့ ကိုကျော်ကြီးအမြင်က နည်းလမ်းကျပါတယ်... ဒါကိုလည်း ယနေ့ကမ္ဘာမှာ ကျွန်တော်တို့ မြင်တွေ့နေရတာပါပဲ

ဒီမေးခွန်းအတွက် ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ် နောက်တစ်ခုထပ်မေးတာပေါ့ဗျာ။

ကိုကျော်ကြီး: ဟုတ်ကဲ့မေးပါခင်ဗျာ ကိုစေ

ကိုစေ: အခုအပေါ်မှာ ပြောသွားတဲ့ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး အနောက်အုပ်စုတွေက ၀ိုင်းဝန်းပိတ်ဆို့ထားတာ ရှိပါတယ်... ဒီအတွက် ကိုကျော်ကြီးအနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ ထားမှုကိုရော ဘယ်လိုသဘောရပါသလဲ....။

ကိုကျော်ကြီး: မြန်မာနိုင်ငံ စီးပွါးေ၇း ပိတ်ဆို့ခံရတာနဲ့ ပတ်သက်ပြီး ကျွန်တော့် အမြင်လေး ပြောရရင် အောက်ခြေတန်းစား ပြည်သူတွေအတွက် အရမ်းကို နစ်နာတယ်လို့ မြင်ပါတယ် အနောက်အုပ်စုတွေ ပြောသလို အစိုးရက ဒဏ်ခတ်ပိတ်ဆို့ တယ် မြန်မာနိုင်ငံ က စီးပွါးရေးသမားတွေကို ပိတ်ဆို့တယ်ဆိုပေမယ့် တကယ်တမ်းခံရတော့ ပြည်သူတွေ အောက်ခြေ လက်လုပ် လက်စား တွေ ခံရတာပါပဲ စီးပွါးရေး ပိတ်ဆို့ထားတော့ မြန်မာ့ ကုန်စည်တွေ အနေနဲ့ ရောင်းရဖို့ နိုင်ငံ က ပတ်ဝန်းကျင် နိုင်ငံလေးတွေပဲ ရှိတယ် နိုင်ငံ နည်းတယ် အပြိုင် အဆိုင် စနစ် မရှိဘူး ပေါ့ဗျာ အဲဒီ အတွက် တစ်ရာ တန်တဲ့ ပစ္စည်းတစ်ခုကို ရောင်းမယ် ဆိုရင် ဝယ် တဲ့ သူက နည်းတော့ ရ သင့်သလောက် မရဘူး တကယ်လို့ စီးပွါးရေးသာ ဖွင့်ထားမယ်ဆိုရင် ဈေးပိုပြီး ပေးနိုင်တဲ့ သူကို ကွှန်တော်တို့ေ၇ာင်းမှာပေါ့ ၁၀၀ တန်တဲ့ ပစ္စည်းတစ်ခုဟာ ၁၀၀၀ လဲ ဖြစ်နိုင်တာပေါ့ အဲဒီအတွက် ငါးလုပ်တဲ့ ငါးလုပ်သားကြီးတွေဆိုလဲ ဒိုင်တွေမှာ အမြတ်တွေ ပိုရမယ် လယ်သမားတွေ ဆိုလဲ စပါးတွေ ပိုက်ဆံပိုရမယ် လက်လုပ် လက်စား သမားတွေဆိုလဲ စက်ရုံတွေ ကုန်ဒိုင်တွေက သူတို့ အမြတ် ပိုများများ ရတော့ အလုပ် သမားတွေကိုလဲ ဝန်ထမ်း လစာတွေ များများ ပိုပေးနိုင်မယ် ဒါကြောင့် စီးပွါးရေး ပိတ်ဆို့ထားမှု့ကို ကျွန်တော့်အနေနဲ့ လူသားချင်း မစာနာတဲ့ လုပ်ရပ်လို့ မြင်ပါတယ် ။

ကိုစေ: ကိုကျော်ကြီး အဖြေက ကောင်းပါတယ်ဗျာ... တကယ့်ပြည်သူတစ်ယောက်ရဲ့ ဆန္ဒတွေကို ကိုယ်စား ပြောနေသလိုပါပဲ... ဒါဆို ကျွန်တော်တို့ နိုင်ငံမတိုးတက်တာ စီးပွားရေးပိတ်ဆို့ ခံထားရမှုမှာလည်း အများကြီး မူတည်တယ်ဆိုတဲ့ သဘောလား ကိုကျော်ကြီး

ကိုကျော်ကြီး: ကျွန်တော်ကတော့ အဲလိုပဲ မြင်ပါတယ်

ကိုစေ: ဟုတ်ကဲ့

စီးပွားရေး ပိတ်ဆို့မှုတွေကို လုပ်ပေးဖို့ တောင်းဆိုဖူးတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရော ကိုကျော်ကြီး အနေနဲ့ ပြည်သူတွေအတွက် ကြည့်ပေးခဲ့တယ် ဒီမိုကရေစီရအောင်လုပ်ခဲ့တယ်လို့ထင်သလား... ဒါမှမဟုတ် အဲလိုပိတ်ဆို့မှုက ပြည်သူတွေကို ကျဉ်းထဲကြပ်ထဲကျရောက်သွားစေတာလား....။

ကိုကျော်ကြီး: ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ဖခင် ကြီးရဲ့ သမီးမို့ လေးစားပါတယ် ဒီထက် မပိုပါဘူး ဒေါ်စုကြည် အနေနဲ့ ဘယ်လိုတွေးတယ်တော့ ကျွန်တော် မပြောတတ်ဘူး မြန်မာနိုင်ငံကို စီးပွါးေ၇း ပိတ်ဆို့ဖို့ NLD အနေနဲ့ တောင်းဆိုတာ၊ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ မလာဖို့ တောင်းဆိုတာ ဟာ ပြောရရင် မြန်မာနိုင်ငံကို ဆင်းရဲတွင်း ပိုနက်အောင် လုပ်နေသလို ပဲ သူ့အနေနဲ့ အာဏာရဖို့ တစ်ခုတည်း အတွက်နဲ့ ပြည်သူတွေကို ချနင်းနေတယ်လို့ မြင်ပါတယ် တကယ်တမ်းတော့ ရှင်းရှင်းပြောရရင် အရေးကြီးဆုံး က ပြည်သူတွေ ချောင်လည်ဖို့ပါ ဒေါ်စုကြည် အနေနဲ့ နိုင်ငံကို ချစ်တယ် ပြည်သူတွေ ချစ်တယ်ဆိုရင် ပုဂ္ဂိုလ်ရေး အာဃာတတွေ အာဏာတွေ ကို မကြည့်ပဲ မြန်မာ ပြည်သူတွေ ချောင်လည်ဖို့ စီးပွါးရေး အဆင်ပြေဖို့ ဝိုင်းဝန်း ကူညီပြီး စီးပွါးပိတ်ဆို့မှု့တွေ ဖွင့်ပေးဖို့ တောင်းဆို သင့်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

ကိုစေ: ဟုတ်ကဲ့ ဒီအဖြေကို ကျွန်တော်လည်း နှစ်သက်သဘောကျမိပါတယ်။ နောက်တစ်ခုက ဟိုတလောက မီဒီယာတွေမှာ ပွသွားတဲ့သတင်းတစ်ခုရှိပါတယ် ကုလသမ္မဂမှာ ဦးသန့်အတွင်းရေးမှုးချုပ်ဖြစ်ခဲ့လို့ ကျွန်တော်တို့ဂုဏ်ယူနိုင်ခဲ့တယ်။ မြန်မာဆိုတာက ဂုဏ်ယူစရာကိုရှာကျန်ယူတတ်ကြပါတယ်…။ ယခုအာဆီယံမှာ ဦးသိန်းစိန် ဥက္ကဌဖြစ်မယ်ဆိုတော့ နိုင်ငံရေးသမားတွေက ရှုံ့ချကြပါတယ်…ကိုကျော်ကြီးအနေနဲ့ရော အဲဒါကို ဘယ်လိုသဘောရသလဲ…။

မီဒီယာတွေက နိုင်ငံရေးအတွက် လုပ်တဲ့လူတွေဆိုရင် vote ပေးကြပါ ဆိုပြီး မေးတွေကနေ တဆင့်တောင်းဆိုတာတွေရှိပါတယ်... မြန်မာမို့လို့ ဥပမာ ဝေနှင်းပွင့်သုန်တို့ ကိစ္စမျိုးတွေက စလို့ပေါ့... အခုကိုယ့်မြန်မာနိုင်ငံက ဒီအာဆီယံနိုင်ငံမှာ ဥက္ကဌဖြစ်ဖို့ကျတော့ မတန်ဘူး... မဖြစ်သင့်ဘူးလို့ ပြောနေတာတွေကို မှန်တယ်လို့ ထင်သလား...

ကိုကျော်ကြီး: ကျွန်တော် တော်တော် အံ့သြမိတယ် မြန်မာလူမျီုးတွေ အနေနဲ့ သူထက်သာ မနာလို့ တဲ့ စိတ်မျိုး ဘာလို့ ရှီနေတာလဲ အင်္ဂလိပ် လက်အောက်မှာ နှစ် ၁၀၀ လောက်နေရလို့များလား ? ငါ မင်းသားမလုပ်ရတာနဲ့ ပတ်မကြီး ထိုးဖောက်မယ်ဆိုတဲ စိတ်ဓါတ်မျိုးဟာ အဆင့်အတန်းတော်တော် နိမ့်ပါတယ်။ ဦးသန့် ကုလမှာ တာဝန်ထမ်းဆောင်တဲ့ ကာလအတွင်း မြန်မာနိုင်ငံလေးမှာ ဒီလိုမျီုး အရည်အချင်းရှိတဲ့ သူတွေရှိပါလားဆိုပြီး ကမ္ဘာ့အလယ် မှာ ရင်ကော့နိုင်တယ် ဂုဏ်ယူရတယ်။ အခု မြန်မာနိုင်ငံ သမ္မတ ဦးသိန်စိန် အာဆီယံမှာ ဥက္ကဌ ဖြစ်ရင် ဒေသတွင်း နိုင်ငံတွေမှာ သြဇာ ကြီးနိုင်မယ် စီးပွါးရေး ကူးသန်းရောင်းဝယ်မှု့တွေ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ ဆင်းရဲ မှု့လျှော့ချရေးတွေ ဒီထက်ပိုပြီးလုပ်နိုင်မှာပါ် အရင်တစ်ခါတုန်းက လဲ အလှည့်ကျ ဥက္ကဌနဲ့ လွဲခဲံ့တဲ့ မြန်မာနိုင်ငံအတွက် ဒီတစ်ခါ ဥက္ကဌဖြစ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။

ကိုစေ: ဒီနေရာမှာ ကျွန်တော့်အနေနဲ့ မီဒီယာတွေ အလုပ်လုပ်နေတာ ပြည်သူတွေအတွက် မျှတမှုမရှိဘူးလို့ ထင်မိပါတယ်... ဘာကြောင့်လဲဆိုတော့ မုန်းတီးရေးဝါဒကိုသာ ဖိအားပေး ရေးသားနေတာတွေ့ရပါတယ်... နောက်ပြီး လိမ်လည်ရေးသားတာကိုလည်း တွေ့ရပါတယ်။ ဥပမာ ပြီးခဲ့တစ်ရက်နှစ်ရက်မှာ ၂၀၀၃ မှာဖြစ်သွားတဲ့ ဒီပဲယင်းအရေးအခင်းနဲ့ ပတ်သတ်ပြီး လက်နက်ကိုင်ပြီး(တုတ်၊ဓါး) ဒေါ်အောင်ဆန်းစုကြည်ကို ရန်ရှာသူပေါင်း ၅၀၀၀ လောက်ရှိတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်... ဒီသတင်းတွေကို ကြည့်ခြင်းအားဖြင့် ဘယ်လောက်ထိ ပြည်သူတွေအပေါ် လိမ်လည်ရေးသားနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်... ဒီမီဒီယာတွေနဲ့ ပတ်သတ်ပြီးရော ကိုကျော်ကြီးအနေဖြင့် ပြည်သူတွေကိုယ်စား ဘယ်လို ပြန်ကြားချက်ပေးချင်ပါသလဲ...။

ကိုကျော်ကြီး: ကျွန်တော့်အမြင်လေး ပြောရရင် ပြည်ပ မီဒီယာတွေဆိုတာကလဲ အနောက် နိုင်ငံတွေရဲ့ လက်ကိုင် တုတ် အနေနဲ့ ရေးသားဖေါ်ပြ နေတာပါ ဘာလို့လဲဆိုရင် အနောက်အုပ်စုနဲ့ သင့်မြတ်တဲ့ နိုင်ငံတွေအကြောင်းဆိုရင် သတင်းအမှောင် ချထားပြီး မသင့်မြတ်တဲ့ နိုင်ငံတွေ အကြောင်းကိုသာ သတင်းေ၇ာ အတင်းရော အပိုတွေရော ရောထွေးပြီး နိုင်ငံရေး သပ်ဝင်မှု့ တစ်ခုအနေနဲ့ မီဒီယာနဲ့ တိုက်ခိုက်နေတယ်လို့ မြင်ပါတယ်။ ပြည်သူတွေရဲ့ အနေနဲ့ ဒီလို ပြည်ပ နိုင်ငံတွေရဲ့ နိုင်ငံရေး အရ ဝင်ရောက်စွက်ဖက် မှု့တွေ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သတင်းတွေကို ရေးသားတိုင်း မယုံပဲ ကိုယ်ဦ့းနှောက်နဲ့ကိုယ် စဉ်းစားဆုံးဖြတ် စေချင်ပါတယ် မြန်မာ စကားပုံမှာတောင် ကိုယ့်ဒူးတောင် ကိုယ်မယုံရဘူးဆိုတဲ့ စကားရှိနေတာပဲ နိုင်ငဲံခြားမီဒီယာ တစ်ခုက မြန်မာ့အရေး မြန်မာ ကောင်းစားဖို့ လို့အသံကောင်းလွှ့င့်နေတာဟာ ရယ်စရာဖြစ်နေပါတယ်။

ကိုစေ: နောက်ထပ်တစ်ခုက တပ်မတော်အုပ်ချုပ်ခဲ့တဲ့ အတိုင်းအတာ ကာလမှာ ပြုပြင်ပြောင်းမှုရှိမရှိ၊ ရှိခဲ့တာတွေကို ခင်ဗျားအနေနဲ့ ၀မ်းသာမလား ဒါမှမဟုတ် ပြည်ပအတိုက်အခံတွေ ပြောနေကြစကားတိုင်း အဲဒါတွေလုပ်ပေးမှ နိုင်ငံတိုးတက်တာ မဟုတ်ဘူးလို့ ပြောမှာလား… အကယ်၍ မရှိခဲ့တာတွေကို ရှေးရှုပြောနိုင်ပါသေးတယ်။

ဒီမေးခွန်းလေးပြီးရင် နောက်ထပ် နှစ်ခုလောက်ဆိုရင် အဆုံးသတ်ပါမယ် ကိုကျော်ကြီး..

ကိုကျော်ကြီး: ဟုတ်ကဲ့ပါ ဗျာ ကိုစေ

ကိုကျော်ကြီး: တပ်မတော် အုပ်ချုပ်ခဲ့စဉ်က တပ်မတော် အကြိးအကဲတွေ အနေနဲ့ လမ်းတွေ ဖေါက်တယ် တံတားတွေ ဆောက်တယ် ကျွန်တော်တို့ ဒေသဆိုရင် ဟိုးအရင်က ရန်ကုန် ကို သွားဖို့ လမ်းမှာ ညအိပ်ပြီး သွားရတယ် အခုဆိုရင် ကားလမ်းတွေ ရှိလာ တံတားတွေ ဆောက်ပေးတဲ့အတွက် နေချင်းပြန် သွားလို့ ရတယ် ပုပ်လွယ်တဲ့ သိုးလွယ်တဲ့ ဟင်းသီးဟင်းရွက်တွေ အနေနဲ့ ဆိုရင်လဲ နေခြင်း အရောက်ပို့နိုင်တယ် ဒါဟာ ကောင်းတဲ့ အချက်တွေပါ ကျွန်တော့် အဘိုးဆို ဟိုးအရင်တုန်းက သူတို့တုန်းက မရှိခဲ့တဲ့ လမ်းတွေ တံတားတွေ ရှိလာတဲ့ အတွက် သူဆို ဝမ်းသာတယ်လို့ ခဏခဏ ပြောတယ် ကျန်းမာရေး စောင့်ရှောက်မှု့အနေနဲ့ ဆေးခန်းတွေ ဆေးရုံတွေ ဆောက်ပေးတာ ပညာရေးအတွက် ကျောင်းတွေ ဆောက်ပေးတာ ဒါဟာ နိုင်ငံတော်အတွက် မရှိမဖြစ်တဲ့ အခြေခံ အဆောက် အဦးတွေပါ ကျွန်တော်ကတော့ ဝမ်းသာပါတယ် ဒီလို အခြေခံ အဆောက်အဦးတွေ လမ်းတွေ တံတားတွေ ကျောင်းတွေ ဆေးရုံတွေ ရှိလာတာ ဟာလဲ နိုင်ငံတော် တိုးတွက်ဖို့အတွက် ပြည်သူတွေ အဆင့်အတန်းမြင့်ဖို့အတွက် အဓိကလိုအပ်ချက်တွေလို့ ကျွန်တော် မြင်ပါတယ် ခင်ဗျာ။

ကိုစေ : ဟုတ်ကဲ့ တန်ဖိုးသိမှ တန်ဖိုးရှိကြတာဆိုတော့ ဒီတန်ဖိုးတွေကို သိဖို့ ကိုကျော်ကြီးအခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ..

ကိုကျော်ကြီး: ဟုတ်ကဲ့ပါဗျာ ကိုစေ ရင်ထဲမှာ ပြောချင်နေတာ ကြာပါပြီ အခုလို့ ပြောခွင့်ရတဲ့အတွက် ကျွန်တော်ကလဲ ကျေးဇူးတင်ပါတယ်

ကိုစေ : တရားဝင်ခန့်အပ်ထားတဲ့ နိုင်ငံတော်အစိုးရ သမ္မတဦးသိန်းစိန်အပေါ်ကို ဘယ်လိုသဘောထား ရှိပါသလဲ… ပြည်သူတစ်ယောက်ရဲ့ နှလုံးသားစစ်နှင့် ဖြေပေးမယ့် ကိုကျော်ကြီး အဖြေကို ဖွင့်ဟပေးပါအုံး။

ကိုကျော်ကြီး: ဟုတ်ကဲ့ပါခင်ဗျာ ဟိုးအရင်ကဆို ဒီမိုကရေစီ ဆိုတာ ဘာမှန်းမသိခဲ့ဘူး ဒီမိုကရေစီဆိုတာ မဲမဲကြီင်္းလားဖြူဖြူကြီးလား မသိခဲ့ပါဘူး အစတုန်းက ထင်မိတာက ဒီမိုကရေစိ ၇ရင် ချက်ချင်းပဲ ချမ်းသာတော့မလား အဲလိုမျိုးထင်မိပါတယ် :) အဲဒီအတွက် ကျွန်တော် တိှု့ မြန်မာနိုင်ငံကြီး ဒီမိုကရေစီ ရတော့မယ် ရွေးကောက်ပွဲတွေ လုပ်နေပြီဆိုတော့ ပျော်မိတယ် နောက်ပိုင်းမှာ ရွေးကောက်ပွဲကြီး ပြီးသွားပြီ သမ္မတ ဒုသမ္မတ တွေ ကြေငြာတော့ ဦးသိန်းစိန်က သမ္မတ ဒုသမ္မတတွေထဲမှာ သီဟသူရ ဦးတင်အောင်မြင့်ဦး ပြီးတော့ တိုင်းရင်းသားထဲက ဒေါက်တာ စိုင်းမောက်ခမ်း ။ ဦးသိန်းစိန် သမ္မတ အရွေးခံရတော့ သူ့အကြောင်းတွေ ရှာဖတ်ကြည့် တယ် သူက စစ်တပ်မှာ ရာထူးကြီးကြီး နဲ့ ဝန်းကြီးချုပ်တာဝန် ယူခဲ့တယ် အာဆီယံနိုင်ငံတွေမှာလဲ ဝင်ဆံ့တယ် အပြစ်ပြောစရာဆိုလဲ ကြီးကြီးမားမားမရှိဘူး အရည်အချင်းရှိတယ် သမ္မကြီး ဦးသိန်းစိန် အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင် တင်ပေးနိုင်မယ့် ခေါင်းဆောင် တစ်ယောက်လို့ ယုံကြည်ပါတယ် ။

ကိုစေ : ဟုတ်ကဲ့ ဒီယုံကြည်ချက်ကို အကောင်ထည်ဖော်နိုင်ပါစေလို့လည်း ဆုတောင်းပြုပါတယ်။

ကိုကျော်ကြီး: ကျွန်တော်လဲ ဆုတောင်းပါတယ်ဗျာ

ကိုစေ: နောက်ဆုံးမေးမြန်းချင်တာက ကိုကျော်ကြီးရဲ့ အမြင်တစ်ခုထဲကိုပဲ ရှေ့တည့်တည့် ဖြေပေးစေချင်ပါတယ်။ ယနေ့ (11.6.2011) မြန်မာနိုင်ငံသည် နိုင်ငံရေးသမားတွေ ရေးနေကြသလို ပျက်စီးနေတယ်လို့ ထင်ပါသလား… တိုးတက်ပြောင်းလဲ ခဲ့ပါပြီးလို့ ထင်သလား… ဒီမေးခွန်းလေးပြီးရင်တော့ ကျွန်တော်တို့ တစ်ခန်းရပ်ကြတာပေါ့ဗျာ…။

ကိုကျော်ကြီး: ကျွန်တော့် အနေနဲ့ ကတော့ မြန်မာ နိုင်ငံ ပျက်စီးတယ်ဆိုတာတော့ လက်မခံပါဘူး ကျွန်တော်တို့ ဒီမှာလဲ ပုံမှန်လှုပ် ရှားသွားလာနေကြတာပါပဲ အေးအေးဆေးဆေးပါပဲ ကျေးရွာတွေ မှာ အခုဆို လမ်းမီးတွေ ဆိုင်ကယ်တွေ တစ်ဝီဝီ နဲ့ အရင်လို မဟုတ်ကြတော့ပါဘူး အရင်တုန်း လှည်းသွားတဲ့ လမ်းတွေမှာ ကားတွေ မောင်းနေကြပါပြီ အရင်တုန်းက နွားနဲ့ လယ်ထွန်တဲ့ လယ်သမားတွေလဲ လည်ထွန်စက်တွေနဲ့ ဖြစ်ကုန်ကြပါပြီ အရင်တုန်းက မြို့နဲ့တောနဲ့ ကွာခြားပေမယ့် အခုဆို မြို့နဲ့တောနဲ့သိပ်မကွာတော့ပါဘူး အသိပညာတွေ တိုးတက်လာကြပါပြီ ဒါကို ပျက်စီးနေတယ်လို့ ပြောတာကို တော့ ကျွန်တော် တော်တော် ရယ်ချင်ပါတယ် မြန်မာနိုင်ငံကို တစ်ခေါက်လာ ကြည့်လှည့်ပါလို့ပဲ ကျွန်တော် ကတော့ ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ ။

ကိုစေ : အခုလို ဖြေကြားပေးတဲ့ ကိုကျော်ကြီး(ဧရာဝတီ)ကို အထူးကျေးဇူးတင်ပါတယ်

ကျွန်တော်ကတော့ NPNG ကအယ်ဒီတာ ကိုစေ ဖြစ်ပါတယ်။

ကိုကျော်ကြီး: ဟုတ်ကဲ့ပါ ကျွန်တော်ကလဲ NPNG ကအယ်ဒီတာ ကိုစေ ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ

ကိုစေ : မီဒီယာတွေက အပြစ်တစ်ခုခုကြောင့် နိုင်ငံတော်ကို မျက်မုန်းကျိုးနေသူကိုသာ လိုက်လံမေးမြန်းထားတာကို တွေ့ရပြီး အခုလို မျိုးချစ်စိတ်ဓာတ်ရှိပြီး နိုင်ငံတော် ကောင်းရာကောင်းကျိုးနှင့် ရှေ့နောက် ပြုပြင်ပြောင်းလဲတိုးတက်လာတာတွေကို မျက်ကွယ်မပြုပဲ ဖြေကြားသွားတဲ့ ကိုကျော်ကြီးတို့လို ပြည်သူတွေကိုလည်း မေးမြန်းဖို့ လိုအပ်ကြောင်း NPNG မှဖော်ထုတ်ခဲ့ပါပြီး။ ဘယ်လိုပဲဖြစ်ဖြစ် NPNG မှာဖော်ပြထားတဲ့ မှန်ကန်တဲ့ လမ်းကြောင်းပိုင်ဆိုင်သူများ ခရီးဆက်ဆိုတဲ့အတိုင်း ကျွန်တော့်တို့ မြန်မာနိုင်ငံသည် မှန်ကန်စွာဖြင့် ရှေ့သို့ခရီးဆက်နေကြပါပြီး...

ကိုစေ :ကိုကျော်ကြီးရေ... ဒီဆွေးနွေးမှုလေးကို ကျွန်တော်တို့ ပြည်သူတွေ အားလုံးသိရအောင် NPNG ကနေ ဖော်ပြပေးဖို့ကိုလည်း ခွင့်တောင်းပါတယ်ဗျာ...။

ကိုကျော်ကြီး: ဟုတ်ကဲ့ပါ ရပါတယ် ခင်ဗျာ ကိုစေ ကျွန်တော်ကလဲ အခုလို ရင်ဖွင့် ချင်တာပါ အားလုံးကို အမှန်မြင်ပြီး နိုင်ငံတော် စည်းစည်းလုံးလုံးနဲ့ တိုးတက် တာပဲ ဖြစ်စေချင်တာပါ။

ကိုစေး ကျေးဇူးတင်ပါတယ်။

(ထောင်ဒဏ်ကျခံသူတို့၏ ပြန်ပြောသောစကားများကို ကြားရ၍စိတ်မကောင်းဖြစ်မိပါသည်။ လောကမှာ မလုပ်နဲ့ဆိုတာကို မလုပ်ပါနဲ့ လုပ်လို့ အပြစ်ခံရရင် ကျေနပ်စွာ ခံယူပါ။ မခံချင်လျှင် အစကတည်းက မလုပ်ပါနဲ့။ ဘယ်သူ့အတွက်ပဲလုပ်လုပ် ကိုယ်ခံရတဲ့အချိန်မှာ အတင်းသဘောမျိုးနဲ့ မျက်မုန်းမကျိုးဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံမှာ လူဦးရေး သန်းပေါင်း ၄၇ သန်းကျော်ရှိပါတယ်။ နာဂစ်ကြောင့် သေကြေသူအပေါင်းဖယ်ရှားပြီး ပြုစုထားသော စာရင်းအရ သိရသည်။ လူတိုင်းထောင်မကျခဲ့ပါဘူး။ ထောင်ဆိုသည်မှာ အပြစ်ပေးခြင်းဖြစ်သည်။ ဝေးလံသောအရပ်ဒေသတွေ ဆိုးဝါးကြမ်းတမ်းသော နေရာတွေမှာ ထောင်သားတွေအပြင် ၀န်ထမ်းတွေပါ တာဝန်ထမ်းဆောင်ရတာပါ။ ဒီလိုမှမဟုတ် အေးချမ်းနေရမယ်… လျှော့လျှော့ပေါ့ပေါ့လေးနဲ့ ဇိမ်ခံရမယ်ဆိုရင် အဲဒီထောင်ထဲကို ၄၇ သန်းလုံးလုံး သွားချင်ကြမှာပဲ။ သေချာစဉ်းစားကြပါ။ မီဒီယာတွေမှာ ထိုးနှက်ချက် မျိုးစုံနဲ့ ဘယ်လိုပဲအကောင်အထည်တွေ ဖော်ဖော်ပါ။ ပါးစပ်ပြောနေတဲ့ ရည်ရွယ်ချက်ရှိတယ် ဘယ်လိုပြောပြော ပြည်သူထဲက အခုလို ကိုကျော်ကြီး(ဧရာဝတီ) တို့လို လူတွေကိုလည်း မေးမြန်းသင့်ပါတယ်။ ဒါမျိုးတွေကျတော့ မမေးမြန်းပဲ စုတ်ပြတ်သတ်တာတွေ၊ အကျင့်စာရိတ္တပျက်ပြားနေတာတွေကို အားပေးအားမြှောက်ပြုလုပ်ရင်းနဲ့ ခရီးဆက်နေမယ်ဆိုရင်တော့ ဒီထက်မွဲပြားကျဖို့ပဲ ကျန်တော့တယ်။ ထို့အပြင်ဒီအခြေအနေပတ်သတ်ပြီးတော့ဘာရည်ရွယ်ချက်နဲ့ ပြုလုပ်နေသလဲ မေးမြန်နေသလဲဆိုတာ ပေါ်လွင် ထင်ရှားလာပါလိမ့်မယ်။ အခုခေတ်မှာ အရင်ကလို မဟုတ်တော့ပါဘူး။ အကုန်လုံးက အသိမြင်တွေ တိုးတက်နေပါပြီး။ အတိုက်အခံတွေရဲ့ စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်သာလျှင် ငါတို့ရဲ့(x) ဖြစ်တယ်လို့ ယုံကြည်ထားလဲ ကိစ္စမရှိဘူး။ ဒါပေမယ့် အရင်ကတောင် ဒီပဲယင်းကြီး ဖြစ်ခဲ့သေးတယ်။ ဒေါ်အောင်ဆန်းစုကြည် မျက်နှာတစ်ခုထဲ ကြည့်နေတဲ့လူတွေနဲ့တင် ဒီမိုကရေစီဆိုပြီး အော်မနေသင့်တော့ဘူး။ လူတွင်ကျယ် လုပ်မနေသင့်တော့ဘူး။ ဒီပဲယင်းထက်မကတဲ့ ပြဿနာတွေကို ထပ်မဖြစ်စေချင်တော့လို့ပါ။ လူ့အခွင့်အရေးကို မျှမျှတတ ဖြစ်စေချင်တယ်ဆိုရင် တပ်မတော်မုန်းတီးရေး၊ အစိုးရမုန်းတီးရေးတွေကို ပြောနိုင်တဲ့လူတွေကိုပဲ ရှာကျန်မေးမြန်း မနေသင့်တော့ဘူးလို့ ကိုစေမှ ထပ်လောင်းပြောကြားလိုက်ပါတယ်။)

NPNG(ကိုစေ)

Saturday, March 26, 2011

မှန်ကန်တဲ့လမ်းကြောင်းပိုင်ဆိုင်သူများ ခရီးဆက်

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ချီတက်နေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသည် ယခုအချိန်တွင် ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေးကျင့်ပလျှက်ရှိရာ နေ့စဉ်ထုတ် သတင်းများမှ ဖတ်ရှုနိုင်ပါသည်။ စည်းစနစ်တကျဖြင့် အလုပ်လုပ်နေသော လုပ်ငန်းတစ်ခု လည်ပတ်ရန် အခက်ခဲပေါင်းများစွာ ရှိနိုင်မည်မှာ မမှန်ပင်တည်း။ အမှန်တကယ်တော့ ရွေးကောက်ပွဲကြီး ပြီးဆုံးဖို့အတွက်ကို အရင်ဆုံး အားသွန်ခွန်စိုက် လုပ်ခဲ့ကြရတာပါ။ ဖိအားတွေအမျိုးမျိုးကြားမှ အစိုးရက ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီလိုအောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်ပေါ်လာခြင်းသည် အစိုးရနှင့် ပြည်သူလက်တွဲညီလို့သာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ နိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးရန်အတွက် အကောင်းဆုံး နည်းလမ်းတွေ ဖော်ဆောင်ရာကို အခုလိုလိုက်ပါ ဆောင်ရွက်သူ အားလုံးသည်လည်း နောင်တစ်ချိန်မှာ မျိုးဆက်သစ်တွေအတွက် လမ်းပြသူတွေဖြစ်လာကြမှာပါ။

ပြည်သူဆိုတာက လိုအပ်ချက် အမြဲရှိနေမှာပဲ… အပြစ်မဟုတ်သော လိုအပ်ချက်တွေ အဖြစ်နှင့်သာ ကျွန်တော်တို့ အစိုးရတွေက နားလည်မှုရှိရမယ်။ ဒီလိုရှိခဲ့လို့လည်း လိုအပ်ချက်တွေကို ယခင်ကထက် ပိုမိုဆောင်ရွက်ပေးနိုင်တာ မြင်တွေ့ရုံတင်မက လက်တွေ့ ခံစားနေကြရတယ် မဟုတ်လားဗျာ…။ အတိုက်ခံဆိုတာကတော့ ရှိနေမှာပဲ… ကောင်းသောအမြင်ကို လက်ခံနိုင်သူရှိမည် သို့သော် မကောင်းသော အမြင်နှင့် ဆန့်ကျင်မည့်သူလည်း ရှိနေနိုင်ပါသည်။ အမြင်တွေမတူတာကလည်း အပြစ်တစ်ခု မဟုတ်ပါဘူး။ လူပုဂ္ဂိုလ်တစ်ဦးဦး ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုကို အစွဲပြုပြီး ဖျက်လိုဖျက်စီး စိတ်တစ်ခုထဲကြောင့် အစွန်းရောက် ၀ါဒသမားတွေကိုတော့ အပြစ်လို့ခေါင်းစဉ် တပ်နိုင်ပါတယ်။ ပြည်သူတွေ လက်ခံတဲ့အရာတွေကို လက်မခံပဲ ဆန့်ကျင်ပြီး ပြည်သူတွေကို ဒုက္ခရောက်အောင် သွေးထိုးလှုံဆော်တာဟာ အတိုက်ခံသက်သက်သာ ဖြစ်တယ်ဆိုတာ သိသာထင်ရှားလွန်းပါတယ်။

ကျွန်တော်တို့နိုင်ငံ ဘယ်လောက်ဆိုးဆိုး၊ ဘယ်လောက်ဆင်းရဲဆင်းရဲ ဒီအတိုက်ခံသမားတွေက မဆင်းရဲတာတော့ သေချာတယ်… ဆင်းရဲမယ်ဆိုရင် ဒီအလုပ်မလုပ်ကြဘူး။ နိုင်ငံတကာမှာ ပြည်ပကိုထွက်လာပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့ မိကောင်းဖခင် သားသမီးပေါင်းများစွာ ရှိနေသည်။ သူတို့တွေမှာလဲ အမြင်ပေါင်းများစွာ ပိုင်ဆိုင်တယ်။ ဒါပေမဲ့ ဘ၀အတွက် လုပ်ဆောင်ချက်တွေ ကွာခြားကြတယ်။ အတိုက်ခံသမားတွေရဲ့ သွားရာလမ်းကို မလိုက်တဲ့လူတွေကို လေးစားရမှာပဲ။ အတိုက်ခံသမားဆိုတာက အလွယ်လိုက်တဲ့ မတည်မြဲသော ဘ၀အာမခံချက်ရှိလို့သာ မြန်မာနိုင်ငံ ပျက်စီးဖို့အရေး ဇောက်ချ လုပ်ကိုင်နေကြတာပဲ မဟုတ်လား။ သေချာတာတစ်ခုက ကျွန်တော်တို့နိုင်ငံက အမြဲတမ်းအပြစ်တွေ ရှိနေမှာမဟုတ်ဘူး။ အမြဲတမ်းနိုင်ငံတကာအလယ်မှာ ပြောစရာဖြစ်နေမှာ မဟုတ်ဘူးဆိုတာကိုလည်း သိစေချင်တယ်။ ဘယ်နိုင်ငံရဲ့ သြဇာကို မခံချင်လို့ ကိုယ်တိုင်ရပ်တည်နေတာ ခင်ဗျားတို့ အားကိုးနေတဲ့ အမေရိကန်တောင် ဘာလုပ်နိုင်လို့လဲ… အဲဒါကိုကြည့်ခြင်းအားဖြင့် မြန်မာပြည်က လူကြီးတွေ ဘယ်လောက်ထိ ဥာဏ်ပြေးသလဲ စဉ်းစားကြည့်တော့။ ယနေ့ကမ္ဘာမှာ ကိုယ့်ထက်အင်အား တောင့်တင်းတယ် ဘယ်လိုပြောပြော အမေရိကန်နဲ့ဖြစ်တာနဲ့ အတိုက်ခံရတာပဲ မဟုတ်လား။ ခင်ဗျားတို့ အတိုက်ခံတွေ ခေါင်းမရှိလို့ အခုချိန်ထိ လက်ဆုပ်လက်ကိုင်မရှိတဲ့ ပေါကြောင်ကြောင် နိုင်ငံရေးသမားတွေ ဖြစ်နေတာပေါ့ဗျာ။ စစ်ပြေးတွေကို လိုက်လံဖော်ထုတ်ပြီးသာ အမြတ်ရှာနေတာ ခင်ဗျားတို့ အဖွဲ့အချင်းချင်းမှာ ဖော်ကောင်လုပ်နေတာ အများကြီးပဲ။ တစ်ချို့ဘလော့တွေမှာ ဖတ်ရပါတယ်။ ဒီမိုငတုံးတွေကို အလိုမရှိပါ၊ ဦးနှောက်မရှိသော နိုင်ငံရေးသမားများ ဘေးထွက်ပါ။ အသက်ကြီးပြီး အချိန်မစီးတဲ့ နိုင်ငံရေးဘိုးတော်များ နုတ်ထွက်ပေးပါ…. တပ်မတော်ရဲ့ အပြစ်တွေ လိုက်ရှာမနေနဲ့ ခင်ဗျားတို့အချင်းချင်း ယုံကြည်ချက် ကွဲပြားပြီး ဖော်ကောင်တွေကိုလည်း သတိထားဦး။ ကိုယ်ချင်းစာကြည့်တဲ့အခါ နိုင်ငံနှင့် တပ်မတော် မကောင်းဘူးလို့သာ ပြောနေကြပေမဲ့ သူတို့တွေရဲ့ စိတ်ထဲမှာတော့ မြန်မာနိုင်ငံကို ပြန်ချင်နေကြတယ်။ လုပ်ခဲ့တဲ့အမှားတွေအတွက် နောင်တရချိန်သည် အရမ်းနောက်ကျနေခဲ့ပြီး။ ဒါကြောင့် မှားပြီးသမျှ ဆက်မှားဖို့ကို ဘ၀အာမခံချက်အတွက် တာဝန်ယူခဲ့ရတယ်။

ရှက်တက်ရင် လဲသေနိုင်တယ်ဆိုတဲ့ စကားက ဒီလူတွေအတွက် ရှိမယ်မထင်ဘူး။ အရှက်နဲ့လူလုပ်တာ မဟုတ်မှတော့ ရှက်စရာလည်း မလိုဘူးပေါ့ဗျာ။ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်ပါလျှက်နဲ့ မြန်မာပြည်အကြောင်း မကောင်းရေးတာ အရမ်းရှက်စရာပါဗျာ။ ကျွန်တော်တို့ အဲဒီအလုပ်ကို လုပ်ချင်လား… ဘယ်သူမှလုပ်ချင်ကြမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘာကြောင့်သူတို့ လုပ်နေကြသလဲ… မျိုးချစ်စိတ်ဓာတ် ဘယ်မှာလဲ…။ ဘာမျိုးချစ်စိတ်ဓာတ်မှ မရှိဘူးလို့ပြောရင် ခံနိုင်မည်မဟုတ်။ မှန်ကန်တဲ့ လမ်းကြောင်းကနေ အလုပ်ဖြင့် သက်သေပြနေလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ကျွန်တော့်အထင် ပြောရရင် မြန်မာပြည်ကိုချစ်တဲ့ သံယောဇဉ်မရှိကြလို့ သစ္စာတရားကို စွန့်လွတ်ထားပြီး ဒီအလုပ်တွေကို လုပ်နေကြတာ ရင်နာဖို့ကောင်းပါတယ်။

နိုင်ငံတော်အစိုးကို နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်တယ်။ ပြည်သူကိုကျတော့ နည်းအမျိုးမျိုးနဲ့ မြောက်ပေးတယ်။ တိုင်းပြည်အတွက် အားကိုးအားထားပြုရတဲ့ စစ်တပ်ကို ပြည်သူနှင့် အစိုးရကြား သွေးခွဲပေးမယ်။ ရန်တိုက်ပေးမယ်။ လူမဆန်တဲ့ လုပ်ရပ်တွေကို လူစိတ်မရှိတဲ့ နိုင်ငံတကာက မြန်မာစကားပြောနေသော သူများသာ အကောင်ထည်ဖော် ဆောင်ရွက်နေတာ ယနေ့အထိဆိုတာ ငြင်းစရာရှိမယ် မထင်ဘူး။ ကျွန်တော်ပြောချင်တာက ဟိုတလောက ကြားလိုက်ပါတယ်… ရန်ကုန်တစ်မြို့လုံး ထကြွပြီးတဲ့… Just do it ဆိုတဲ့အဖွဲ့တဲ့… မီဒီယာတွေ ဘယ်လောက် ဖွသလဲဆိုရင် ရန်ကုန်မှာဖြစ်နေပါပြီး။ အထက်မြန်မာပြည်မှာတော့ ပိုအားကောင်းတယ်ဆိုတဲ့ သတင်းတွေက အပေါစားစည်းရုံးရေးတွေ ဖြစ်မယ်လို့ သူတို့ကိုယ်တိုင် မသုံးသပ်ခဲ့ကြဘူး။ မမှန်မကန်ရေးနေတဲ့ သတင်းတွေကြောင့် ကျွန်တော်တို့ပြည်သူတွေကို စိတ်အနှောက်အယှက် ဖြစ်စေတာကိုလည်း ထည့်မတွက်ကြဘူး။ ထို့အပြင် ဝေဖန်ပိုင်းခြားပြီး စဉ်းစားဆင်ခြင်တတ်တဲ့ နိုင်ငံရဲ့ကိုးကွယ်ရာ ဗုဒ္ဓအယူဝါဒကိုပါ မေ့နေကြတယ်။

နိုင်ငံရေးဆိုတာ ကျွန်တော်ငယ်ငယ်က အရမ်းကြီးကျယ်မယ်… အဓိပ္ပာယ်ရှိတာကို လုပ်ကြတယ်လို့ ထင်ခဲ့တာ။ အခုကျတော့ ပါးစပ်က လျှောက်အော်နေကြတဲ့ နိုင်ငံရေးဆိုတာကို ကောင်းကောင်း သိလိုက်ရတယ်။ ခံယူချက်မရှိသော ဦးတည်ရာပျောက်နေသော အမှားတစ်ခုခုကြောင့် နိုင်ငံတကာမှာ ခိုလှုံခွင့် တောင်းခံထားသူများရဲ့ လုပ်ရပ်ဆိုတာ သိလာရတယ်။ ဒီအတွက်လည်း အထူးပင် စိတ်မကောင်းဖြစ်ရပါကြောင်း ပြောချင်ပါတယ်။ နောင်လာနောင်သားတွေ ကျွန်တော်ရေးပြတဲ့ စာတွေကို ဖတ်ရရင် ပိုပြီးတော့ စိတ်ပျက်မိမှာ ဧကန်စင်စစ်ပေါ့ဗျာ။

လူတိုင်းမှာ တွေးခေါ်ဆင်ခြင်တတ်တဲ့ ဥာဏ်တွေပါလာပြီးသားပါ။ စာပေဗဟုသုတ လိုက်စားသူမှန်သမျှ ပိုင်ခြားသိမြင်နိုင်ပါတယ်။ ဒါဆို ကျွန်တော်တို့တွေက ဘာလို့မဟုတ်တာတွေကို အချိန်ကုန်ခံပြီး ရေးနေကြမှာလဲ။ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံးသတင်းတွေ၊ နိုင်ငံတော်တိုးတက်စေမယ့် သတင်းတွေနှင့် ကိုယ့်နိုင်ငံရဲ့ သယံဇာတတွေကိုဖော်ထုတ်၊ အလှတရားတွေ၊ ပြည်သူတွေရဲ့ စိတ်ထားမွန်မြတ်မှုတွေကို ဘာကြောင့်မရေးနိုင်ရမှာလဲ…။ ရန်တိုက်ပေးမဲ့စာတွေ ရေးမယ့်အစား ပြည်သူတွေကို စိတ်ဓာတ်မြင့်တင်ရေး ဆောင်းပါးတွေ၊ အကျိုးပြုစာတွေ၊ နည်းပညာဆိုင်ရာတွေကို ရေးသင့်ပါတယ်။ အခုခေတ်မှာ မီဒီယာဆိုတာက တစ်ဖက်နားပေါက်နေသူတွေ ဖြစ်နေတယ်။ မြန်မာပြည်သူတွေကို ဒါလေးလုပ်လိုက်လို့ ဘာမှမဖြစ်ပါဘူး၊ ကိစ္စမရှိပါဘူး… အေးဆေးပါပဲ။ နောက်တစ်ခါ ထပ်လုပ်လိုက်တယ်… ပြန်စဉ်းစားမယ်… ဘာမှမဖြစ်ပါဘူး၊ ကိစ္စမရှိပါဘူးဆိုတဲ့ အတွေးတွေ ခဏခဏ ကိန်းအောင်လာပြီး ဆိုရင်တော့ တစ်ခုခုဖြစ်နေပြီး၊ ကိစ္စရှိနေပြီးလို့သာ မှတ်ယူရမယ်။ လူတိုင်းရောက်အောင် သွားနေရတဲ့ သေလမ်းမှာ ကိစ္စရှိနေလိမ့်မည်။

အရာရာမှာ ဆန့်ကျင်ရန် ခံယူချက်အဖြစ်နဲ့ ယူဆထားလို့ရှိရင် စိတ်ထဲမှာ ပဋိပက္ခ အများကြီး ဖြစ်နေတတ်တယ်။ အရည်မဖျော်နိုင်သေးတဲ့ အစိုင်အခဲတွေကြောင့် ကိုယ့်ပတ်ဝန်းကျင်ကို ၀န်ထုပ်ဝန်ပိုး မဖြစ်ပါစေနဲ့။ ကိုယ်ဖြစ်ချင်တဲ့ ပုံစံအတိုင်း မမှန်ကန်တဲ့နည်းနဲ့ စည်းရုံးနေလို့ မရပါဘူး။ အသိဥာဏ်ရှိသော အတတ်ပညာရှိသော လူတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုကိုလည်း မီဒီယာတွေနှင့် နိုင်ငံရေးသမားများကို အသိပေးချင်ပါတယ်။ ဒီလိုစနစ်တကျ ဖွဲ့စည်းထားလို့လည်း ဘက်စုံထောင့်စုံမှ နှစ်ပေါင်းများစွာ ပိတ်ဆို့မှုတွေ မီဒီယာထိုးနှက်ချက်တွေ ကြားမှာရပ်တည်နေတဲ့ မြန်မာဆိုတာကိုလည်း မမေ့စေချင်ဘူး။ ကျွန်တော်တို့ မြန်မာပြည်သူတွေ ဂုဏ်ယူတတ်မယ်ဆိုရင် ကျွန်တော်ပြောပြမယ်… အနောက်နိုင်ငံတွေ အင်အားကြီးနိုင်ငံတွေ နှင့် ပြည်ပြေးနေသော သူတွေအမျိုးမျိုး တိုက်ခိုက်တာတောင် ကမ္ဘာမှာမြန်မာပြည် ရပ်တည်နေတုန်းပဲ။ ယနေ့မြန်မာလူမျိုး မပျောက်သေးဘူး… ကိုးကွယ်သည့်ဘာသာ ဆက်လက်တည်တံ့ ပြန့်ပွားအောင် ရဟန်းသံဃာတွေ၊ ပြည်သူလူထုတွေ လုပ်နိုင်ခဲ့တာ ဂုဏ်ယူမဆုံးနိုင်ပါဘူး…။

ကျွန်တော်တွေးမိတာ တစ်ခုရှိပါတယ်… မှန်ကန်တဲ့လမ်းကြောင်း ပိုင်ဆိုင်သူတွေသာ ခရီးဆက်နိုင်ကြတာပါ။ မှန်ကန်တဲ့လမ်းကြောင်း မရှိသူတွေဟာ တစ်ဘ၀လုံး လုပ်နေလဲ လိုချင်တာတွေ ဖြစ်လာမယ်လို့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ရိုးရိုးလေးစဉ်းစားကြည့်ပါ… တပ်မတော်ကို အံတုလာတာ နှစ်ပေါင်းတော်တော် ကြာပါပြီး။ တိုက်ခိုက်နေတာလဲ အတော်ကြာပါပြီး ပျက်စီးသွားသလား… ဒါလည်းမေးခွန်း ထုတ်စရာပဲ… မေးခွန်းထုတ်တယ်ဆိုတာက ကျွန်တော်တို့ပြည်သူတွေ ဖြေဖို့မဟုတ်ဘူး… တပ်မတော်ကို ဖျက်လိုဖျက်စီး လုပ်နေသောသူတွေနှင့် နေ့စဉ်နှင့်အမျှ မီဒီယာတွေမှ တိုက်ခိုက်နေသော သူများအတွက်သာ ဖြစ်ပါတယ်။ ငါတို့မှာမှ လက်နက်မရှိတာဆိုတဲ့ အကြောင်းပြချက် ပေးနေတဲ့လူတွေလည်း အများကြီးပဲ။ ရှင်းရှင်းလေးပါပဲ… ဒါဆိုရင် လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိပါတယ်။ ယခုအချိန်ထိ တိုက်နေတုန်း ရှိပါတယ်။ ၀င်နိုင်သလား… ခံယူချက်တွေ ပြင်းထန်နေတယ်ဆိုရင်ပေါ့… တပ်မတော်က မြန်မာနိုင်ငံကို ဖျက်ဆီးနေတယ်လို့ ခင်ဗျားတို့ ယုံကြည်ထားရင် တောတွင်းလက်နက်ကိုင်တွေ အများကြီးရှိတာပဲ။ ခင်ဗျားတို့ အားပေးနေတဲ့ သောင်းကျန်သူပေါင်းများစွာထဲကို ၀င်လိုက်ပါလို့ အကြံပေးချင်တယ်။

မစားရတဲ့အမဲ သဲနဲ့ပက်နေတဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ကြဖို့လည်း လိုအပ်တယ်။ တိုင်းပြည်မှာ တပ်မတော်နှင့်ပြည်သူ ဟန်ချက်ညီညီ ဆောင်ရွက်နေတာတွေကို ဘာကြောင့်မခံမရပ်နိုင် ဖြစ်နေရပါသလဲ။ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရပ်တည်ချက်အမျိုးမျိုးနဲ့ ကိုယ့်အခန်းကဏ္ဍအမျိုးမျိုးဖြင့် ဆောင်ရွက်နေတာကို ဖျက်လိုဖျက်စီး ၀ိုင်းလုပ်နေတာ ပြည်သူတွေအနေနဲ့ စဉ်းစားရင် မဖြစ်သင့်ဘူးလို့ အဖြေထွက်မှာပါပဲ။ ရွေးကောက်ပွဲ မလုပ်တော့လည်း မလုပ်လို့၊ လုပ်ပြန်တော့လည်း လမ်းစဉ်မမှန်ကန်လို့၊ လိမ်လည်မှုတွေ ဆိုပြီး အမည်တပ်နေတာ ဘယ်လိုနားလည်ပေးရမလဲ။ ခင်ဗျားတို့ရဲ့ ဘ၀ဇာတ်ကြောင်းကို ကောင်းကောင်းသိတဲ့ လူအနေနဲ့ဆို တော်တော်ရှက်ဖို့ ကောင်းမယ်ထင်ပါတယ်။ ဒါကလည်း ခင်ဗျားတို့အချင်းချင်း ပိုသိကြမှာပါ။ အနည်းဆုံးတော့ အိပ်ရာဝင်ချိန်လေးမှာ လုပ်ခဲ့တဲ့အမှားတွေအတွက် စဉ်းစားမိကြမှာပါ။ တခါတလေ ခင်ဗျားတို့ကို ဗုဒ္ဓဘာသာရော ဟုတ်ရဲ့လားလို့ ကျွန်တော်တွေးမိတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ရဲ့ ပင်ကိုယ်စိတ်တွေက တစ်နေ့တစ်နေ့ သူတပါးမကောင်းကြောင်း သတင်းရေးဖို့ တိုက်ခိုက်ဖို့ကို အဓိကထား ဆောင်ရွက်နေလို့ပဲဖြစ်တယ်။ ပြည်ပြေးတွေထဲမှာ ငါတို့မြန်မာနိုင်ငံကွသာ အော်နေတာ လူမျိုး/ဘာသာ ပြောင်းသွားသူတွေ အများကြီးပဲ… မျိုးချစ်စိတ်ဓာတ်က အဲလိုမျိုး ရှင်သန်ကြတာ…။ ခင်ဗျားတို့ မကျေနပ်တဲ့ တပ်မတော်သားတွေက ပြည်ပရောက်လည်း ဗုဒ္ဓဘာသာကို ကြည်ညိုနေတုန်းပဲ… ဘယ်နိုင်ငံသားကမှ ဓားထောက်ပြီး ငါတို့ဘာသာထဲ ၀င်ပါလို့ ပြောမှာမဟုတ်ပါဘူး….

တပ်မတော်အကြောင်းလေး ပြန်ဆက်ရအောင်…. အရင်ကောင်းလို့ အခုကောင်းသည် အခုကောင်းလို့ နောင်ကောင်းပါမည် ဆိုတဲ့ဆိုရိုးစကား ရှိတာနဲ့အညီ တပ်မတော်သည် မှန်ကန်တဲ့ လမ်းကြောင်းကနေ စနစ်တကျ လုပ်ဆောင်နေတာ ယနေ့အချိန်ထိပါပဲ။ ဒီမိုကရေစီစနစ် ကောင်းမွန်စွာ လည်ပတ်သွားပြီးဆိုရင် တပ်မတော်အနေဖြင့် ခင်ဗျားတို့ပြောနေတဲ့ အိပ်ဆောင်ကို ပြန်ကြမှာဖြစ်ပါတယ်။ တပ်မတော်ရဲ့ အဓိက လုပ်ဆောင်ချက်ထဲမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေပါဝင်တယ်။ ငြိမ်းချမ်းမှုတွေ ရရှိအောင်လည်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ကြိုးစားနေကြတယ်။ ငြိမ်းချမ်းရေးကို လိုလားတဲ့ တိုင်းရင်းသားတွေအတွက် လက်ကမ်းကြိုဆို နေပါတယ်။ မြန်မာနိုင်ငံကနေ ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်နိုင်ငံ ထူထောင်ချင်နေတာကို လုံးဝ ခွင့်ပြုလို့မရသလို ခွင့်လွတ်ပေးလို့လည်း မရပါဘူး။

ကိုယ်ပိုင်နယ်မြေ မဟုတ်တာတောင် ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်နေတာ… ပေးများပေးလိုက်ရင် ဘယ်လောက်ဆိုးလိုက်မလဲ…. တယူသန်ဝါဒတွေ ဖြစ်နေတဲ့ နိုင်ငံတကာက ထောက်ပံ့ပေးထားတဲ့ သောင်းကျန်သူအချို့သာ မိုင်းထောင်မိုင်းခွဲ လုပ်နေကြလို့ အပြစ်မဲ့တဲ့ ပြည်သူတွေ အလကားသေကြေ ပျက်စီးနေရတယ်ဆိုတာ ခဏခဏကြားနေရတာပဲ။ အရိုးရှင်းဆုံးပြောရရင် စစ်သားသည် အကြောင်းမရှိပဲ မိုင်းမထောင်ဘူး။ မြန်မာနိုင်ငံအကြောင်း ဘယ်လောက်ထိ မမှန်မကန် ရေးနေသလဲဆိုရင် မြို့ထဲဗုံးပေါက်တာတောင် စစ်တပ်က တမင်တကာ လုပ်တယ်ဆိုပြီး ပြောလာတယ်။ ကျွန်တော်သေချာ ရှင်းပြလိုက်ချင်တယ်။ မြို့တွင်းမှာ မိုင်းထောင်ဖို့ မပြောနဲ့ အကြောင်းကိစ္စ (သို့မဟုတ်) လုံခြုံရေးမဟုတ်ပဲနဲ့ သေနတ်တောင် ကိုင်ဆောင်ခွင့် မရှိဘူး။ မြို့တွင်းမိုင်း ထောင်ရလောက်အောင်လည်း အသိဥာဏ် မကင်းမဲ့ဘူး။ ကိုယ့်မြို့တွင်းမှာက ကိုယ့်ဆွေးမျိုးတွေ နီးစပ်ရာအသိုင်းအ၀ိုင်းတွေ ရှိနေတာကို လူမဆန်တဲ့ အလုပ်ရှောင်ကျဉ်တယ်။ ထို့အပြင် စစ်သားတစ်ယောက် မိုင်းဝယ်ယူလို့ မရဘူး။ ကြီးကြပ်ကန့်သတ် ပစ္စည်းတွေကို သုံးချင်တိုင်းသုံးလို့မရဘူး။ အမိန့်မရပဲ ဘာတစ်ခုမှ လုပ်လို့မရဘူး ဆိုတာတွေကို နားလည်ပြီးမှ သတင်းတွေ ရေးတာပိုကောင်းမယ်လို့ ထင်ပါတယ်။

ဒီလိုမမှန်မကန်တဲ့ နည်းလမ်းတွေသုံးပြီး တပ်မတော်ကို တိုက်ခိုက်နေခဲ့တာ ဆံပင်တွေလည်းဖြူ အသက်တွေလည်း ကြီးရင့်ပြီး နောက်ဆုံးခရီးလမ်းမှာ မြန်မာဓလေ့နဲ့ ဆွမ်းတောင် မသွပ်နိုင်ရှာကြဘူး။ အလှူအတန်း ကောင်းမွန်စွာ မလုပ်နိုင်ကြဘူး။ တိုင်းတပါးမှာ အခြေချလိုက်တဲ့ ကောင်းကျိုးတွေပေါ့ဗျာ။ သူခိုးကလူကို ပြန်ဟစ်တယ်ဆိုတဲ့ စကားကို ကြားဖူးတယ်မဟုတ်လား နောင်တရသူတွေ အင်မတန် များပြားသော်လည်း ကိုယ့်ဘ၀ရပ်တည်ချက်အတွက် သေတမန် သက်တဆုံး သူတပါးနိုင်ငံမှာ ကျွန်ခံနေကြတာ သတိမထားမိကြဘူး… သူတို့ကပြောကြတယ် မြန်မာပြည်သူတွေ ကျွန်ဖြစ်နေတာတဲ့… ကိုယ့်ဘ၀ကိုလည်း ကိုယ်ပြန်ကြည့်တတ်ဖို့လည်း လိုအပ်တယ်လို့ ပြောလိုက်ချင်တယ်။ အခုတော့ ကျွန်ဖြစ်ရုံတင်မက ကျွန်ဝယ်ရာအစစ်ပါ ဆိုသလို သားသမီးတွေပါ အမွေခံနေရတာပဲ မဟုတ်လား။ ဒီလောက်ဆို ရှင်းသွားပြီးလို့ ထင်ပါတယ်… ဘယ်သူကျွန်ဖြစ်နေသလဲပေါ့… ကျွန်စနစ်က သူများကို လွတ်မြောက်ဖို့ မပြောပါနဲ့အုံး ကိုယ့်ကိုယ်ကို အရင်ဆုံး ကျွန်ဘ၀က လွတ်မြောက်အောင် ကြိုးစားကြပါလို့ ပြည်ပအတိုက်ခံများနှင့် မမှန်မကန် သတင်းရေးသော မီဒီယာအဖွဲ့များကို တိုက်တွန်းလိုက်ပါတယ်။

တိုင်းပြည်ကို ထိပါးစော်ကားလာရင် မခံနိုင်ပဲ ပြန်ချမည့်လူတွေ အများကြီးရှိခဲ့လို့ မြန်မာပြည် လွတ်လပ်ရေး ရခဲ့တယ်။ ဒီကြိုးပမ်းမှုတွေထဲမှာလည်း ဗိုလ်ချုပ်အပါအ၀င် တပ်မတော်ရဲ့ အသက်၊ သွေးချွေးတွေလည်း ပါဝင်ခဲ့တယ်။ ပြည်သူတွေအနေဖြင့် ပူးပေါင်းပါဝင် ကူညီထောက်ပံ့ ပေးရုံသာမက အသက်ပေးကာ တိုက်ပွဲဝင်ခဲ့ကြတာက သမိုင်းမှာမှတ်ကျောက် တင်ရှိပြီးသားဖြစ်တယ်။ ယခုလို တပ်မတော်နှင့် တပ်မတော်သားတွေကို အပြစ်တင်ဝေဖန် အပုတ်ချနေခြင်းကိုလည်း မခံနိုင်သော သစ္စာရှိသော မျိုးချစ်စိတ်ဓာတ် ရှိသော ပြည်သူထဲမှ ပေါက်ဖွားလာသော တပ်မတော်သားတွေ အနေဖြင့် လက်ပိုက်ကြည့်နေမည် မဟုတ်ပါ။ နောက်ဆုံးပြောချင်တာက နိုင်ငံတော်ကို ကာကွယ်စောက်ရှောက်တဲ့ အစဉ်လာကောင်း တစ်ရပ်တော့ တပ်မတော်မှာရှိခဲ့တယ်… ကျေးဇူးတရားချင်း ယှဉ်ကြည့်ရင် တပ်မတော်ကို မမှီနိုင်ပါဘူးလို့ ပြည်ပသြဇာခံတွေ၊ မီဒီယာတွေနှင့် ပြည်ပအားကိုးပုဆိန်ရိုးများအား အသိပေးပါတယ်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ တပ်မတော်ကို နှစ်ပေါင်းများစွာ အတိုက်အခံလုပ်ပြီး တပ်မတော်နှင့် ပြည်သူကြား ရန်တိုက်ပေးခဲ့သော်လည်း မှန်ကန်နေသောကြောင့် ရှေ့ဆက်လှမ်းနိုင်မည်မှာ နိုင်ငံတော်ကြီး ရည်ရှည်တည်တံ့ ခိုင်မြဲခြင်းအတွက်သာ ဖြစ်ပေသည်…။

မှတ်ချက်။ ။မှန်ကန်တဲ့လမ်းကြောင်း ပိုင်ဆိုင်သော တပ်မတော်သည် ယနေ့အချိန်ထိ ထွန်းတောက်နေဆဲ ဖြစ်သည်…။ မှန်ကန်တဲ့လမ်းကြောင်း မပိုင်ဆိုင်သော သူများအဖို့တော့ ဘာဖြစ်နေလဲဆိုတာ…… (ပြည်သူများဖြည့်တွေးကြည့်လိုက်တော့)…….။

 
RSS FeedRSS Subscription!
Follow me!Follow me!