Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Sunday, October 31, 2010

ယူနီကုဒ်တွေ ဘာကြောင့်ထားသလဲ (လူတိုင်းအတွက်အရေးကြီးသည်)

ကျွန်တော်ရှာဖွေတွေ့ရှိတာလေးကို လက်ဆင့်ကမ်းတာပါ။ ဒါတွေက သိထားသင့်တဲ့ အရာတွေမို့လို့ပါ။ ကျွန်တော်တို့တွေ အသုံးပြုနေတဲ့ ယူနီကုဒ်တွေက ဘာကြောင့်ရှိနေတာလဲ ဆိုတာမျိုးပေါ့။ နိုင်ငံတိုင်းမှာလည်း ရှိပါတယ်။ ဒါမျိုးရေးထားတာက ရှားပါတယ်။ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ မှုရင်းရေးထားသူကို ကျေးဇူးတင်ရှိသောကြောင့် မျှဝေလိုက်ခြင်းဖြစ်ပါသည်။ အရင်က မိုက်ခရိုဆော့ဖိုင်လေးကို ကျွန်တော် Pdf ပြောင်းပြီး တင်ပေးထားတာပါ။ စာဖတ်သူအားလုံး အသိပညာကြွယ်ဝပါစေ။
ယူနီကုဒ် နှင့် မြန်မာ့ယဉ်ကျေးမှုဘာသာစကား

Saturday, October 30, 2010

ပတ်ဝန်းကျင်နှင့်ဘဝ

ပတ်ဝန်းကျင်မကောင်းရင် ကောင်းတဲ့လူပါ မကောင်းဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ အကယ်၍ ပတ်ဝန်းကျင်ကောင်းရင် မကောင်းတဲ့လူတွေပါ ကောင်းလာတတ်ပါတယ်။ သို့သော် အရာဝတ္တုတစ်ခု ရပ်နေတာကို ရွေ့စေချင်ရင် အရှိန်တစ်ခုခုတော့ ထည့်ပေးရမယ်။ ဥပမာတွန်းအား တစ်ခု ထည့်ပေးရသလိုပေါ့။ မကောင်းတဲ့ လူတစ်ယောက်ကို ကောင်းတဲ့ဘက်ကို ရောက်ဖို့ စည်းရုံးရတာ အင်မတန် ခက်ခဲပါတယ်။ မကောင်းမှုဆိုတာ ကျူးလွန်ရတာ လွယ်လွန်းတယ်လေ။ ကောင်းမှုဆိုတာ ပြုကျင့်ရတာ ခက်တယ်လို့ မြင်နေကြတာပဲ မဟုတ်လား။

ကျွန်တော်တို့ ပတ်ဝန်းကျင်တွေသည် မကောင်းတာလုပ်တဲ့လူကို အပြစ်မြင်ပြီး၊ ကောင်းတာလုပ်တဲ့လူကို အကောင်းမြင်တတ်ကြပါသည်။ ဒါက မှန်ပါတယ်။ သို့သော် ကောင်းတာလုပ်တဲ့လူ မကောင်းတာ ဖြစ်သွားရင် ဖာထေးပြီး ပြောတတ်ကြပါတယ်။ တချို့လည်း ကြောင်သူတော် ကြွက်သူခိုး စသည်အားဖြင့် ကဲ့ရဲ့တာရှိပါလိမ့်။ ဒါပေမယ့် မကောင်းတာလုပ်တဲ့ လူတစ်ယောက် ကောင်းတာလုပ်နေပြီးဆိုရင် လူနည်းစုသည် (တရားဓမ္မကို လိုလိုလားလားနဲ့ ရှာဖွေလေ့လာနေသူတွေ) အားရ၀မ်းသာ ကောင်းချီးထောပနာ ပြုကြ၏။ သို့သော် လူအများစုရဲ့ အကြည့်တွေ အပြောတွေ အတွေးအမြင်တွေက စောင်းလာတတ်ကြတယ်။ ရှင်းရှင်းပြောရရင်တော့ သူဌေးတောထဲ သူတောင်းစားဝင်လာသလို နှာခေါင်းရှုံ့တတ်ကြသည်။ ဒါနဲ့ပတ်သတ်လို့ ကျွန်တော်နားလည် ထားတာတစ်ခုရှိပါတယ်။ လူတွေဟာ သူ့အချိန်နဲ့သူ ဖြစ်ပျက်နေတာပါ။ တစ်နှစ်တစ်တန်း တက်လာရင်းနဲ့ စာတွေခက်လာတာရှိမယ်။ စာမေးပွဲကျသွားသူတွေ ရှိမယ်။ ကျောင်းထွက်သွားသူတွေ ရှိမယ်။ ဒါတွေက သူ့အကြောင်းနဲ့ သူပါပဲ။ ဒါပေမယ့် ကိုယ်မကြိုးစားပဲနဲ့တော့ လိုချင်တဲ့နေရာကို မရောက်နိုင်တာ သေချာပါတယ်။ သို့သော် အချိန်အတိုင်းအတာ တစ်ခု လိုအပ်ပါတယ်။ မဖြစ်နိုင်သေးတဲ့ အချိန်ကာလမျိုးတွေမှာ လူတစ်ယောက်ကို ဘယ်လိုမှ ပြောလို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အသိစိတ်ဓာတ် ကောင်းလာပြီး ဆိုရင်တော့ ကောင်းမှုကို လက်ခံပြီး မကောင်းမှုကို ပယ်ချပစ်ဖို့ ၀န်မလေးပဲ ကောင်းရာသုဂတိအတွက် ပြင်ဆင်ပါလိမ့်မယ်။

လောကမှာ ဘယ်အရာမှ ကြိုတွေးထားလို့ မရပါဘူး။ လူတွေက မကောင်းတဲ့ လူတစ်ယောက်ကို ဘယ်တော့မှ ကောင်းလာတော့မှာ မဟုတ်ဘူးလို့ ထင်မြင်နေကြတာ အယူမှားတွေပါ။ နောက်ပြီး ကောင်းတဲ့လူတွေ ဘာလုပ်လုပ် ကောင်းနေတော့မယ်လို့ ထင်မြင်နေကြတာလဲ အယူမှားနေတာပါပဲ။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဘုရားက ဝေဖန်စမ်းစစ်ပြီးမှ ယုံသင့်မယုံသင့် ဖြစ်သင့်ဖြစ်သင့်ကို တွေးတောဖို့ သတိပေးခဲ့တာပဲလေ။ တချို့အရာတွေက ဘ၀ပေးအကျိုးမကောင်းလို့သာ ၀ဋ်တစ်ခုလို ခံနေကြရတာပါ။ အခုခေတ်မှာ ဟိုးအရင်တုန်းကလို ဆိုးသွမ်းမိုက်ရိုင်းနေတဲ့ လူတစ်ယောက်ကို လူကောင်းဘ၀သို့ ရောက်အောင် လာဟောပေးမယ့် ဘုရားလည်းမရှိတော့ဘူး။ ဘယ်ချိန်မှာ အကျွတ်တန်း ၀င်မယ်ဆိုတာကိုလည်း ဘုရားလောက် မည်သူမှ မသိကြဘူး။ ဒါကြောင့် မကောင်းတာလုပ်နေသော သူတို့သည် မိမိအသိတစ်ချက်လောက် ရတဲ့အချိန်လေးမှာ တရားရှာကြပါ။ ဘယ်တရားသည် ကိုယ်နဲ့ကိုက်မလဲ ဆိုတာမျိုးပေါ့။ ဒါပေမယ့် တရားမှန်သမျှ ကောင်းပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း တရားတောင်းဖူးပါသည်။ ငါနဲ့ကိုက်မည့် တရားလေးရှိရင် သိပ်ကောင်းမှာပဲ... ငါ့ရဲ့ဆိုးသွမ်းနေတဲ့ ဒီစိတ်တွေကို တရားတစ်ပုဒ်လောက်နဲ့ ဆေးကြောပစ်နိုင်ရင် ဘယ်လောက်ကောင်းမလဲပေါ့လေ... ဘုရားရှင်လက်ထက်က တရားလည်းအပြီး သောတပန်လည်း ဖြစ်ဆိုတာမျိုးတောင် တွေးမိလိုက်သေးတယ်။ သောတပန်ဖြစ်ဖို့ (၇)ချက်ကိုတောင် မေ့ထားလိုက်သေးတယ်။ ဒါပေမယ့် ဒါမျိုးတွေ မရှိတော့ပါဘူး။ အဲဒါကြောင့် မိမိအမှားကို မိမိသိရင် ပြင်ကြပါ။ ကိုယ်မှမပြင်နိုင်ရင် ပြင်ပေးမယ့်လူမရှိ။ အဓိကစိတ်ပဲ... စိတ်ကိုမှမပြင်နိုင်ရင် သံသရာမှာ မှားနေအုံးမှာပဲ.... တရားရှာပါ...တရားကို သေချာရှာကြပါလို့ ပြောပါရစေ....။

"လူမိုက်တစ်သောင်း ချီးမွမ်းရှောင်လည်

လူကောင်းတစ်ယောက် ပြစ်တင်ကြောက်လော့"

ဘာမှမသိပဲ မိုက်နေတဲ့လူတွေအတွက် ဒီစကားပုံလေးက လမ်းမှန်ရောက်အောင် လမ်းပြပေးနေပါတယ်။

တကယ်တော့ ကျွန်တော်တို့တွေဟာ အကျိုးနှင့်အပြစ် နှစ်ခုစလုံးကို ကြည့်သင့်ပါတယ်။ မကောင်းမှုအတွက် ရမယ့်… အကျိုးက ဘာရှိမှာလဲ။ ကိုယ်လုပ်ချင်တာ လုပ်လိုက်ရလို့ ခဏတာပျော်ရွှင် ရပေမယ့် ပူလောင်ခြင်းကို ခံစားနေရမယ်။ မကောင်းမှုလုပ်တဲ့ အချိန်မှာသာ လူတွေက မစဉ်းစားကြတာ။ မကောင်းမှုမှ အသိတရားပြန်ဝင်လာတဲ့ အချိန်မှာတော့ စဉ်းစားပြီး နောင်မလုပ်ဖို့ကို တားမြစ်တတ်ကြသည်။ တကယ်တော့ မကောင်းမှုမှာ ရမည့်အပြစ်သည် ကြီးမားလွန်းပါတယ်။ မကောင်းတာလုပ်တဲ့ အပေါ်မှုတည်ပြီး အပြစ်က တဖြည်းဖြည်းနဲ့ ကြီးမားသွားပါတယ်။ ပုရွက်ဆိတ် သတ်တာနဲ့ ဆိတ်ကိုသတ်တာ အပြစ်ချင်းမတူပါဘူး… ဒီလိုပဲ ဆိတ်ကိုသတ်တာနဲ့ ဆင်ကိုသတ်တာ အပြစ်ချင်းမတူပြန်ဘူး။ မိမိသတ်လိုက်တဲ့ တိရိစ္ဆာန်ရဲ့ ခွန်အားဗလ ကြီးမားရင် ကြီးမားသလောက် ခွန်အားစိုက်ထုတ် သတ်ရတဲ့အတွက် အပြစ်ကိုလည်း ထိုကဲ့သို့ ကြီးမားစွာ ခံရတတ်ပါတယ်။

ကောင်းမှုမှာ အပြစ်ဆိုတာ မရှိပါဘူး။ အကုန်အကျိုးတွေပါပဲ…. ကျွန်တော့်သူငယ်ချင်း နိုင်ဝေက ပြောပါတယ်။ ဘာအကျိုးမှ မကြည့်နဲ့အုံး တရားနာလိုက်တာနဲ့ စိတ်ကိုကြည်လင် လန်းဆန်းပြီး အေးချမ်းသွားရတယ်။ အဲဒါဟာ ပထမဆုံး တရားနာခြင်းရဲ့ အကျိုးကျေးဇူးပဲတဲ့။ ဟုတ်ပါတယ်။ အလိုလို ရောက်ရှိလာတာ။ တောင်းတခြင်း မဟုတ်ပါဘူး ဗုဒ္ဓရဲ့အရိပ်အောက် ဖြန့်ကျက်ထားတဲ့ မေတ္တာတွေကို ခံစားကြရတာပါပဲ။ ဘာနဲ့မှလဲလို့ မရတဲ့အရာသည် ဒီတရားဓမ္မတွေ နာကြားချင်ကလည်း ရနိုင်ပါတယ်။ ထိုမှတဆင့် မေတ္တာတရားလေး ထားတတ်လာရင် ပိုကောင်းပါတယ်။ ကျွန်တော်က ဘုရားတရားကို ကိုနိုင်ဝေတို့လောက် မလိုက်စားပါဘူး။ ဒါပေမယ့် ကောင်းတာလုပ်တဲ့ သူငယ်ချင်းဖြစ်နေတာကြောင့် အားကျတာတော့ အမှန်ပါပဲ။ ကောင်းတာလုပ်သော လူမှန်သမျှကို လေးစားပါတယ်။

ကိုနိုင်ဝေကို အွန်လိုင်းမှာ တွေ့လိုက်ရင် ကျွန်တော်ပါ သူ့ဆီက မေတ္တာတရားတွေ ရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့သုံးနေတဲ့ ဂျီတော့ဘောက်မှာ “မင်္ဂလာပါ” လို့ ရေးထားတယ်လေ။ အမြဲတမ်း တင်ထားတတ်ပါတယ်။ ကျွန်တော် လေးစားဆုံးသော အရာတစ်ခုပေါ့။ တကယ်ကို မင်္ဂလာရှိနေတာပါ။ အပြင်မှာ တွေ့ရရင်လည်း ဒီအတိုင်းပါပဲ။ ချိုသာပြီး ဟန်ဆောင်ထားခြင်း မရှိပါဘူး။ အမှန်တကယ်တော့ အဲလိုဖြစ်နေရမှာပါ။ ကိုယ်နဲ့ပြောလိုက်တဲ့ လူတိုင်းစိတ်ချမ်းသာမှု ရစေချင်တာပါ။ ဒီလိုမျိုးနေထိုင်တတ်အောင် ကြိုးစားဖို့ လိုပါသေးတယ်လေ။ သာမာန်လူ မည်သူမှ မလုပ်နိုင်ပါ။ ကျွန်တော်လည်း မလုပ်နိုင်သေးပါဘူး။ စိတ်ကိုတစ်ခုထဲ စုစည်းထားနိုင်ဖို့ သာမာဓိ အားကောင်းဖို့ လိုပါလိမ့်မယ်။ ကိုနိုင်ဝေသည် ကျွန်တော့်အတွက် ပတ်ဝန်းကျင် ကောင်းကြီး တစ်ခုပဲ။ တရားကောင်းလေးတွေ ရတာနဲ့ ကျွန်တော့်ဆီကို ပို့ပေးပါတယ်။ တခါတလေ အတူတူ နားထောင်ဖြစ်ကြတယ်။ အွန်လိုင်းတိုက်ရိုက် လွှင့်တဲ့တရားပွဲမျိုးတွေ ရှိရင်ကျွန်တော်တို့ နှစ်ယောက် တရားနားဖို့ ပြောလေ့ရှိပါတယ်။

ထို့အပြင် ဘေးပတ်ဝန်းကျင်မှ သူငယ်ချင်းများကိုလည်း ကိုနိုင်ဝေက ခေါ်ထားလေ့ ရှိပါတယ်။ ကောင်းကျိုးအတွက်ဆို ကိုယ့်အချိန်ထဲက ကုန်ချင်ကုန်သွားစမ်းပါစေ အနစ်နာခံနိုင်တဲ့ လူတစ်ယောက်ပါ။ ပတ်ဝန်းကျင်မှာ အဲလိုတရားဓမ္မတွေ လိုက်စားတဲ့ လူတွေများလာမှ ကျွန်တော်တို့ ဗုဒ္ဓဘာသာ သာသနာ ဖွံ့ဖြိုးတိုးတက် လာတော့မှာပေါ့။ အရင်ကဆို သြကာသ သြကာသ ကြကာသ သုံးကြိမ်ဆို ဘာမှန်းမသိခဲ့ဘူး။ ကျောင်းတက်ခဲ့တဲ့ သူငယ်တန်းကနေ ဆယ်တန်းအထိ ၁၁ နှစ် အလွတ်ဆိုနေတာ အနက်အဓိပ္ပာယ် ဘာမှမသိ ဘုရားတွေ့ရင် ကန်တော့ရမယ်… ဒါတော့ ကောင်းကောင်းသိတယ်။

တခါက ကျွန်တော်တို့ ကျောင်းတွေပိတ်တော့ ရန်ကုန်မြို့ကို ဘုရားဖူးထွက် ခဲ့ကြသည်။ ရန်ကုန်ရောက်ရင်တော့ အပျော်ဆုံးပဲလေ။ မြို့ကြီးမဟုတ်လား… ကစားဖော်ကစားဖက်တွေလည်းရှိ စားချင်တာ သောက်ချင်တာလည်း စုံလင်ဆိုတော့ ကျောင်းပိတ်တိုင်း ရန်ကုန်လာလေ့ရှိတယ်။ နယ်မှာက ၅ တန်းလောက်ထိ နေဖူးတော့ ၅ ကြိမ်လောက်တော့ ရန်ကုန်ကို ရောက်တာပေါ့။ ရန်ကုန်လာတိုင်း ဘူတာကြီးရောက်ရင် အိပ်ပျော်နေတာ ရောက်မှပဲ အမေ့က ထတော့ရန်ကုန် ရောက်ပြီးသားလေးဆိုတော့ ပတ်ဝန်းကျင်ကို သိပ်ပြီး သတိမထားမိလိုက်ဘူး။ ရထားပေါ်မှာက တကယ်ပညာရတယ်။ ဘ၀စုံပဲ ထိုချိန်တုန်းက တော်တော်ဆိုးတယ်ဗျ။ ခါးပိုက်နှိုက်တွေရော ပိုက်ဆံပေးမစီးတာတွေ၊ လူလိမ်တွေ၊ တို့ဆေးတွေက ပေါပေါ၊ ရထားနဲ့သွားတာ ပျော်စရာကောင်းပေမယ့် ထိုင်ခုံမရပဲ အလယ်မှာ ဖြစ်သလို လိုက်တာတွေက စိတ်ညစ်ဖို့ အရမ်းကောင်းသလို သရုပ်လည်း ပျက်တာပေါ့နော်။ အခုနောက်ပိုင်းတော့ ရထားတွေ သန့်လာမယ်လို့ ထင်ပါတယ်။ ထိုချိန်တုန်းက မုတ္တမနှင့် ရန်ကုန်ပေါ့။ အခုတော့ မော်လမြိုင်-ရန်ကုန် တိုက်ရိုက် ဖြစ်နေပါပြီး။ ထို့ကြောင့် ၀မ်းသာရပါတယ်။

ကျွန်တော်မှတ်မိသလောက် ပြောရရင် ၅ ကြိမ်ရောက်တာ တစ်ကြိမ်ပဲ ရန်ကုန်အ၀င်ကို ကောင်းကောင်း သတိထားမိတယ်။ ဘာသွားတွေ့လဲဆိုတော့ ရန်ကုန်ဘူတာအ၀င်ဝကနေ လှမ်းကြည့်လိုက်ရင် အချွန်အတက်တွေ မြင်ရပါလိမ့်မယ်။ အဲဒါကို ဘုရားထင်ပြီး ကန်တော့နေတာ အဲဒီလောက်ထိကို ဖြစ်ခဲ့ဖူးပါတယ်။ နောက်မှ အမေက သား…အဲဒါ ဘုရားမဟုတ်ဘူးဆိုမှ ရှက်ရှက်နဲ့ မြို့အ၀င်မို့လို့ သားကဦးတိုက်တာပါလို့ လိမ်ပြော လိုက်ရသေးတယ်။ ဒီလိုဘ၀တွေကနေပြီး တဖြည်းဖြည်းနဲ့ နယ်ပယ်ကျယ်ပြန့် လာခဲ့ရတာပါ။ နောက်ပြီး ပတ်ဝန်းကျင်ကလည်း လိုသေးတယ်လေ။ ကျွန်တော်တို့နဲ့ တစ်နှစ်ထဲအတူတူ ကျောင်းတက်လာတဲ့ လူတွေကလည်း ဘုရားတရားလုပ်ဖို့ နေနေသာသာ ဆိုးလွန်းလို့ မိဘတွေတောင် မနိုင်တော့ဘူးလေ။ ဒါကြောင့်ကျွန်တော်တို့က သူတို့ကို မပေါင်းဖြစ်ဘူး။ ဒီပတ်ဝန်းကျင်နဲ့ ပေါင်းရင်လည်း သေချာပါတယ်။ ဒေ၀ဒတ်ရဲ့သား အဇာတသတ်ရဲ့ မြေးမြစ်တွေ ဖြစ်ပြီး အ၀ီစိရောက်မှာ သေချာတယ်။

အခုတော့ ဘ၀ကို ကျေနပ်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ဘေးမှာ ပတ်ဝန်းကျင်ကောင်းတွေ ရှိနေတယ်လေ။ ကိုနိုင်ဝေမှ မဟုတ်ပါဘူး။ ကျန်တဲ့ ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်။ လောကမှာ မကောင်းတာလုပ်တဲ့ လူကို အမြဲတမ်း ဒဏ်ခတ်ထားသလို။ ကောင်းတာလုပ်တဲ့ လူတွေကိုလည်း အမြဲတမ်း ချမ်းသာပေးထားပါတယ်။ ကိုယ်မသိတဲ့ တရားတွေကို ကိုယ်တိုင်လေ့လာနိုင်သလို နယ်ပယ်အရ ၀င်ရောက် လေ့လာဖို့လည်း အဆင်ပြေတဲ့ ခေတ်ကြီးပါပဲ။ မသိရင်မေး မစင်ရင်ဆေး ဆိုတဲ့စကားလဲ ရှိတယ်မဟုတ်လား။ တရားပြဆရာတော်တွေ အပြင် သိက္ခာ၊သမာဓိ ပြည့်စုံသူတွေကိုလည်း တရားနဲ့ပတ်သတ်ရင် မေးမြန်းနိုင်လို့ သိလိုစိတ်တစ်ခုသာ လိုပါတော့တယ်။ ဒါကြောင့် ဓမ္မဘေရီဆရာတော်က လာခြင်းကောင်းတဲ့ ပုဂ္ဂိုလ်မျိုးနဲ့တော့ဗျာ… ကျွန်တော်သေလို့ ခွဲခွာပါရစေ သူသေလို့ ကျွန်တော် မခွဲခွာချင်ဘူးလို့ ဟောပြခဲ့တာကိုး။

ဘ၀ခန္ဓာနဲ့ ဓမ္မ အလေးချိန် မမျှရင် အပ္ပာယ်သွား ရတတ်တယ်။ အခုစာဖတ်နေသူတို့၏ ဘေးမှာ ပတ်ဝန်းကျင်ကောင်းတွေ ရှိပါလိမ့်မယ်။ သတိမထားမိကြလို့ပါ။ အကယ်၍ သတိထားမိတယ်ဆိုရင် တန်ဖိုးထားကြပါ။ ပတ်ဝန်းကျင်ကောင်းမရှိခဲ့ရင် မလှမ်းမကမ်းကို ကြည့်ပါ။ သူငယ်ချင်းကောင်းတွေ ရှာပေါင်းပါ။ တကယ်လက်တွေ့ ဖြစ်နေတာက ငယ်ငယ်ရွယ်ရွယ် ဘုရားတရား ကိုင်းရှိုင်းရင် ဘိုးတော်လား… တောထွက်တော့မှာလား… ကိလေသာ ကုန်နေပြီးလားလို့ ပြောနေကြပါတယ်။ ဒါတွေက တရားမသိသော သူတွေအတွက်ပါ။ တရားသိသောသူသည် ဒါမျိုးမပြော အစဉ်အမြဲ လေးစားနေမှာပါ။ ဘုရားတရား လုပ်တဲ့လူတွေသည် အမြဲတမ်း နေရာရတတ်ပါသည်။ လူတောထဲသွားရင် မျက်နှာပွင့်လန်းစေပါတယ်။ သူတော်ကောင်းတွေက စောက်ရှောက်တတ်ပါတယ်။

နောက်ဆုံးပြောချင်တာက "သတိမမှု ဂူမမြင်" ဆိုသလို သတိလေးလည်း ကပ်ထားမှ၊ သေခြင်းတရားက ရင်ဘတ်နဲ့ကျောလို့ ကပ်နေတာလေ။ ဒါကြောင့် ပတ်ဝန်းကျင်ကောင်းတွေ ပိုင်ဆိုင်ထားပြီးဆိုရင် တန်ဖိုးထားပြီး မိမိဘ၀ ကောင်းသထက်ကောင်းအောင် တည်ဆောက်သွားကြပါလို့ ကျွန်တော်မြင်တဲ့ အမြင်လေးကို ရိုးရိုးလေး သီကုံးလိုက်ပါတယ်… အားလုံးသော စာဖတ်သူအပေါင်း သာယာချမ်းမြေ့သော ဘ၀လေး ပိုင်ဆိုင်နိုင်ကြပါစေ။

Friday, October 29, 2010

မြန်မာပြည်ကိုကောင်းစေချင်ရင် အရင်ဆုံးစိတ်ဓာတ်ကိုပြင်ကြပါ

ဘဝမှာကုန်ဆုံးသွားပြီးရင် ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အရာသုံးခုရှိပါတယ်။ အဲဒါဟာ အချိန်၊ စကားလုံး၊ အခွင့်အရေး တို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် အပြစ်မမြင်ကြပဲ လိုအပ်ချက်လေးတွေကို အပြုသဘောဆောင်ပြီး ဖော်ထုတ်ကြရင် အနာဂတ်နိုင်ငံတော်ကြီး ဒီထက်မက တိုးတက်လာမှာပါ။ အမြင်လေးတစ်ခုပဲ လိုအပ်ပါတယ်။ နိုင်ငံမကောင်းကြောင်းလို့ အမည်မတပ်ပဲ ကောင်းစေချင်တဲ့ စေတနာနဲ့ အကြံပြုစာတွေ ရေးကြပါလို့ ပြောချင်ပါတယ်။ နောင်မှာကောင်းလာဖို့အတွက် ကျွန်တော်တို့တွေ စတေးပြီး ဝေဖန်ခြင်းမဟုတ်ပဲ… မြင်တာကို ပွင့်ပွင့်လင်းလင်း တင်ပြကြရင် ဘယ်ဘက်ကမှ နားလည်မှု လွဲကြမယ်မထင်ပါဘူး။ ကျွန်တော် အခုရေးမည့် အကြောင်းအရာသည်လည်း ဝေဖန်ခြင်းမဟုတ်ရပါ။ အခုလို တကူးတက ကျွန်တော့်စာတွေကို လာဖတ်ပေးနေတဲ့ စာဖတ်သူတွေကိုလည်း ကျေးဇူးအထူး တင်ရှိကြောင်း အရင်ဦးဆုံး ပြောထားပါရစေ။

အသိဥာဏ်ရှိတဲ့ လူတွေဖြစ်တာကြောင့် ကျွန်တော့်ရဲ့ နိုင်ငံချစ်စိတ် အမျိုးချစ်စိတ်ကိုတော့ အသိအမှတ် ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော့်ကို မေးခွန်းထုတ်ကြမယ်။ မမေးပါနဲ့ မေးစရာမလိုတဲ့ အဖြေတွေကို ဖြေချင်နေခဲ့တာ အတော်ကြာနေပါပြီး။ “သူများခိုင်းမှ လုပ်တာ ကျွန်၊ သခင် ဖြစ်ချင်ရင် မိမိကိုယ်ကိုခိုင်း” ဆိုတဲ့ စကားပုံအတိုင်းပဲ။ အောက်ခြေမလွတ်စေနဲ့ ဘယ်အရာပဲလုပ်လုပ် ဘယ်စကားကိုပဲ ပြောပြော အရင်ဆုံးသေချာ စဉ်းစားပါ။ ကျွန်တော်တို့ ဆရာတွေ ပြောခဲ့သလိုပဲ မိမိသည် ဘာကောင်လဲ…? ဘယ်နေရာရောက်နေလဲ…?? သိအောင်လုပ်ပါ။ လောကမှာ ပါးစပ်စည်းကမ်းမရှိပဲ စိတ်လွတ်ကိုယ်လွတ် ပြောနေတဲ့လူတွေသည် လူဖြစ်ပါလျှက်နဲ့ တိရိစ္ဆာန်ဦးနှောက်ကို ပိုင်ဆိုင်ထားကြတဲ့ လူ့တိရိစ္ဆာန်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သတ်လို့ လက်ရှိကျွန်တော်တို့ လူမျိုးတွေ အများကြီးတွေ့နေရတယ်။ တရားဆိုဒ်တွေ ကုသိုလ်တရား လုပ်သူတွေမှအပ ကျန်အင်တာနက် စာမျက်နှာ ဘယ်နေရာကို ကြည့်ကြည့်၊ ကျွန်တော်ထင်ပါတယ် လူတော်တော်များများက အကောင်းမြင်တဲ့စိတ် နည်းပါးနေကြတယ်။ အဲဒါလေးတွေ လျှော့နိုင်ရင် လျှော့ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

တစ်ယောက်အကျိုးကို တစ်ယောက်က သယ်ပိုးထမ်းဆောင်မဲ့ မေတ္တာမျိုးတွေ မရှိတဲ့အတွက် အနစ်နာလည်း မခံနိုင်ကြရှာဘူး။ တစ်ယောက်က တစ်ယောက်ထက် ကျော်သွားမှာကို မနာလိုကြဘူး။ သူ့ကိုကျော်မယ့် တစ်ယောက်အထက်မှာ လူပေါင်းမည်မျှ ရှိနေမည်ကို သတိထားမိမှာ မဟုတ်ချေ။ ဒီတစ်ယောက်ကိုတော့ ပေးမကျော်စေချင်တာ အမှန်ပင်တည်း။ အဲဒီစိတ်တွေ ပြင်နိုင်လေ ကောင်းလေပါပဲ။ အရင်ကတော့ ပုခုံးဖက်ပေါင်းလို့ အဖုအထစ်လေးတွေ ဖြစ်လာရင် ဘယ်မျက်နှာမှ မထောက်တတ်ပဲ အကုန်ဖော်ကြတယ်။ ကိုယ်မကျေနပ်တော့ရင် သူဒုက္ခရောက်လည်း အကြောင်းမဟုတ်ဘူးလို့ ထင်ကြပြန်ရော… ဘယ်မှာလဲ အကြင်နာတရား… အဲဒီလူတွေရဲ့ မှတ်ပုံတင်ကို သွားကြည့်လိုက်ပါ ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ၊ လူမျိုး မြန်မာ ဆိုတာတွေပါပဲ။ အမည်ခံထားတဲ့ ဖုန်းတွေလိုပဲ။ ရောင်းချင်တိုင်းရောင်း နေကြတာလေ။ အမှန်တကယ်တော့ တန်ဖိုးရှိတာတွေကို မေ့နေကြတာ။ အဲဒါဟာ သီလ၊ သမာဓိ၊ ပညာ နဲပါးကြလို့ပဲ။ သီလဆိုတာ ကောင်းတာကိုလုပ်ပြီး ကောင်းတာကိုပြောရတာပါ။ သမာဓိက မကောင်းတာကို မတွေးနဲ့ စိတ်တွေကို ထိန်းထားနိုင်ရမယ်။ ပညာဆိုတာ အကြောင်းနဲ့အကျိုးကို စနစ်တကျသိတတ်ရမယ်။ ဒီသုံးလုံးပေါင်းလိုက်ရင် တစ်လုံးပဲ ထွက်ပေါ်လာပါတယ်။ အဲဒါဟာ ဓမ္မ ဖြစ်တယ်လို့ သီတဂူဆရာတော်မှ ဟောကြားခဲ့လေသည်။

နောက်တစ်ချက်က ကျွန်တော်တို့မြန်မာတွေ လူကြည့်တော့ ဘာအလုပ်မှမရှိဘူး။ ဒီမိုကရေစီကျတော့ ရချင်ကြတယ်။ ဒီမိုကရေစီနိုင်ငံ ဖြစ်ပြီးဆိုရင် တစ်နိုင်ငံလုံး မီးခိုးတိတ် အလုပ်မလုပ်ပဲ ထမင်းစားလို့ရတယ် ထင်နေကြတာ။ ကျွန်တော့်ရှေ့မှာ မြန်မာနိုင်ငံ အသုံးမကျဘူးလို့ လာပြောရင် မခံနိုင်ပါဘူး။ တကယ်တော့ အဖြေကရှင်းပါတယ် မြန်မာနိုင်ငံမကောင်းမှတော့ မြန်မာနိုင်ငံထဲနေတဲ့ လူအကုန်ပါပြီးပေါ့ ဒါကြောင့် ပြောတဲ့လူလည်း အသုံးမကျတဲ့ စာရင်းဝင်သွားတယ်။ ဒါဆိုဘာလို့ မြန်မာနိုင်ငံ အသုံးမကျဘူးလို့ ပြောနေအုံးမှာလဲ… ငါတို့အသုံးမကျဘူးလို့ ရဲရဲဝံ့ဝံ့ ၀န်ခံလိုက်စမ်းပါ။ မ၀န်ခံရဲရင် မြန်မာနိုင်ငံ အသုံးမကျဘူးလို့ မပြောနဲ့ပေါ့။ ၀န်ခံနိုင်ရင်ပြောတာ အကောင်းဆုံးပဲ။ လုပ်မှာလား မလုပ်ဘူးလား အေး…လုပ်ရဲရင် ခံရဲရတယ်… ကျွန်တော်တို့ အဘိုးကလက်မထိပ်ကို သံရိုက်သွင်းတဲ့ ဘုရင့်နောင်လည်း မဟုတ်ဘူး။ ဒါပေမယ့် ၀န်ခံရဲတယ်ဆိုတဲ့ သတ္တိတွေရှိတယ်။ ဒါမျိုးဝန်ခံလို့ ခေါင်းဖြတ်သတ်တာမျိုးလည်း မရှိပါဘူး။ ၀န်ခံခြင်းဆိုလို့ တစ်ခုရှိသေးတယ်… ကျွန်တော်တို့ မြန်မာတွေမှာ အကျင့်တစ်ခုရှိပါတယ်။ ဓမ္မစေတီ ဆရာတော် ဟောသလိုပြောရရင် ကလေးတွေဟာ အရမ်းဖြူစင်ကြပါတယ်။ ဒါကိုအရောင်ဆိုး ကြတာ ဘယ်သူတွေလဲ သေချာစဉ်းစားကြည့်ပါ။ ကလေးတစ်ယောက်ဟာ မုန့်တစ်ခုကို စားချင်လို့ ယူစားလိုက်တယ်။ ဒါကိုလူကြီးတစ်ယောက်က မေးမယ် ဒီပေါ်ကမုန့် ဘယ်သူစားတာလဲ… ကလေးကပြန်ဖြေတယ်။ သားသားစားလိုက်တာပါ… အဲဒီချိန်မှာ လူကြီးက…ရိုက်ပြီးတော့… စားချင်အုံးဟဲ့… ဆိုတော့ နောက်တစ်ခါ ကလေးကမှတ်သွားရော။ အမှန်တိုင်းပြောရင် ရိုက်ခံရတယ်။ ဒါကြောင့် လိမ်တတ်သွားတယ်။ အမှန်တကယ်တော့ ဒီမုန့်က ဆွမ်းတော်ကပ်မလို့ စားလိုက်တော့ ငရဲကြီးတယ်။ သားကမသိလို့ စားလိုက်တာဆိုတော့ အပြစ်မရှိဘူး။ နောက်တစ်ခါဆိုရင်တော့ ဒါမျိုးမလုပ်ရဘူးလို့များ အကျိုးသင့် အကြောင်းသင့် ပြောပြလိုက်ရင် အဲဒီကလေး တစ်သက်လုံး မှတ်သွားပြီး မိဘအရိပ်အောက်က လွတ်သွားလည်း အကျင့်စာရိတ္တကောင်းတဲ့ လူတစ်ယောက် ဖြစ်လာရမှာပါ။

ဒီလိုလူတွေ များလာလေလေ တိုင်းပြည်ကြီးမှာ ခိုးမှုတွေနဲပါးလာမယ်၊ တခြားအကျင့်စာရိတ္တနဲ့ ပတ်သတ်တဲ့ ပြဿနာတွေ ရှားပါးလာရင် တိုးတက်ဖို့အတွက် အထောက်အကူတွေပဲ မဟုတ်လားဗျာ။ ပြင်သင့်တာလေးတွေလည်း ပြင်ကြပေါ့… လူငယ်တွေဆိုတာက နောင်တစ်ခေတ်အတွက် မျိုးဆက်ပဲလေဗျာ… အကျင့်စာရိတ္တကောင်းပြီး အရည်အချင်းရှိရှိနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးဖို့အတွက် မသေသေးတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကောင်းတွေ သွင်းပေးဖို့ လိုအပ်လွန်းပါတယ်။ ကျွန်တော်တို့ခေတ်မှာ ဒီလိုနေခဲ့ရတာ မကြိုက်ရင် နောင်တစ်ခေတ်မှာ ဒီထက်ကောင်းအောင် မိမိဘာလုပ်နိုင်သလဲ စဉ်းစားပါ။ လူအချင်းချင်း မတိုက်ခိုက်ပါနဲ့… အဖွဲ့အချင်းချင်း မတိုက်ခိုက်ပါနဲ့ တိုင်းပြည်ကောင်းဖို့အတွက်ပဲ စေတနာလေးထားပါ။ အကောင်းတွေလုပ်ရင် အကျိုးတွေ ကောင်းတတ်ပါတယ်။ ဒေါသနဲ့ပြောရင် ပူလောင်ပါမည်။ မေတ္တာဖြင့် ပြောရင် အေးချမ်းပါသည်။ ဘာနဲ့ပြောကြမလဲ ကိုယ်တိုင်ဆုံးဖြတ်ကြပေါ့။

သူ့အလုပ်ကိုယ့်အလုပ်ကို ထည့်တွက်ပေးကြပါ။ ကျွန်တော်တို့ မြန်မာတွေဟာ ကိုယ်ဘက်ကနာမှာအရမ်း ကြောက်ကြတယ်။ သူတပါးနာချင်နာပါစေ ပြောတတ်တယ်၊ လုပ်တတ်ကြတယ်။ ဒါနလောက်သာ ရက်ရောတယ်ဆိုတာကို ငြင်းပယ်ပြီး မေတ္တာတရားကြီးမားပုံကိုလည်း ပြသစေချင်တယ်။ လုံးဝမရှိတော့ဘူးလို့ ကျွန်တော်ပြောနေခြင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ မြတ်နိုးတဲ့ ဒီယဉ်ကျေးမှုတွေ ပျောက်ပျက်သွားမှာ ဆိုးလို့ပြောနေရတာပါ။ ကျွန်တော့်အတွေးက သေးငယ်ချင် သေးငယ်ပါလိမ့်မယ်… နိုင်ငံနှင့်လူမျိုးပေါ် ထားတဲ့ သစ္စာတရားကတော့ ပင်လယ်ကြီးလောက် ကျယ်တယ်ဆိုတာကို ပြောပါရစေ…

နိုင်ငံတော်က လူကြီးတွေသည်လည်း ကျွန်တော်တို့ထက် ပိုပြီးတွေးမိမှာပါ။ သို့သော်လည်း အိမ်ထောင်တစ်ခုမှာတောင် ကိုယ်စီပြဿနာတွေနဲ့ပဲ မဟုတ်လား။ ကျွန်တော်တို့တွေမှ ဒါတွေကို မဖော်ထုတ် မပြောဆိုခဲ့ရင် နောက်ထပ် ဘယ်သူတွေက ထပ်ပြီးပြောနေအုံးမှာလဲ။ နောက်လူကို စောင့်ပြီး အလုပ်မလုပ်တာ အကောင်းဆုံးပါပဲ။ နောင်လာနောင်သားတွေ ပြောမယ်ဆိုရင်တောင် တစ်ခေတ်နောက်ကျနေအုံးမယ်။ အဲလိုနဲ့ နောက်ကျနေခဲ့တာ ခင်ဗျားတို့ကျွန်တော်တို့ အသက်တွေ တဖြည်းဖြည်းကြီးလာတာပဲ မဟုတ်လားဗျာ။ နိုင်ငံကောင်းအောင် ပြောတဲ့နေရာမှာ စိတ်ရင်းစေတနာ မှန်မှန်နဲ့ ပြောဖို့လိုပါတယ်။ အမျိုးချစ်တယ်ဆိုပြီး တစ်သက်လုံး တိုင်းတစ်ပါး လုပ်ကျွေးနေလို့ မရသလို၊ ပြည်တွင်းထဲမှာ အချိန်ရှိသရွေ့ လ္ဘက်ရည်ဆိုင် ထိုင်အချိန်ဖြုန်း နေလို့လည်း မရပါဘူး။

ကျွန်တော့်မှာ မျှော်လင့်ချက်တစ်ခု ရှိတယ်။ အဲဒါဟာ မြန်မာ့သမိုင်းကို ဖတ်လိုက်တိုင်း သမိုင်းစာမျက်နှာတွေ ပြန်လှန်ကြည့်လိုက်တိုင်းမှာ ဂုဏ်ယူလောက်စရာတွေ အပြည့်ရှိပါလျှက်နဲ့ ကျွန်တော်တို့ခေတ်မှာ ဘာလို့ဒီထက်မြင့်အောင် မလုပ်နိုင်သေးတာလဲ။ ခေတ်တွေလည်း ပြောင်းခဲ့တယ် စနစ်တွေလည်း သစ်လာတယ်။ လိုအပ်နေတာလေးတွေ ရှိသေးတယ်ဆိုတာ အားလုံးသိကြမှာပါ။ အလျှား ပေ ၆၀ အနံ ပေ ၄၀ ကားဂိုဒေါင်တွေနဲ့ စမတ်ကျနေတဲ့ တိုက်အိမ်ခြံတွေ အများကြီးရှိနေတယ်။ ရုံးခန်းတွေမှာ စနစ်ကျကျ အခန်းတွေ ဖွဲ့ထားလိုက်တာ လူနေအိမ်တွေထက် သန့်လို့၊ ကွန်ပျုတာအခန်းတွေများ အဲယားကွန်တွေနဲ့ ရှယ်ဖြစ်နေလိုက်တာ၊ ဒီဘက်ခေတ်မှာ လူလာဖြစ်ရတာ တန်တယ်လို့ မထင်လိုက်ကြပါနဲ့။ မပြောင်းလဲနိုင်သေးတဲ့ စနစ်တွေနဲ့ မြင်နေရတုန်းပါပဲ။ အတော်လေးကြာခဲ့တယ် ဆိုပေမယ့် အခုလည်း ဒီအတိုင်း ကျန်နေသေးပါတယ် ဆိုတဲ့အကြောင်းကို နောက်ပို့စ်တစ်ခုမှာ ရေးသားတင်ပြချင်ပါသေးသည်။ အားလုံးသော မျိုးချစ်ပုဂ္ဂိုလ်များ ကိုယ့်မြေ၊ ကိုယ့်ရေကို ချစ်ရင် အရာအားလုံးကို တန်ဖိုးထားကြပါလို့ ဆန္ဒပြုလိုက်ပါတယ်….

NPNGMP

မွေးနေ့လုပ်ရတဲ့ ရည်ရွယ်ချက်

ယခင်က မွေးနေ့လုပ်ရတဲ့ ရည်ရွယ်ချက်တွေ ကောင်းကောင်းမသိခဲ့ပါဘူး။ ထို့ကြောင့် မွေးနေ့တွင် ပျော်ပါးခြင်းတွေဖြင့်သာ အချိန်ကုန်ခဲ့လေ၏။ သူငယ်ချင်းတစ်ယောက် ဒီနေ့မွေးနေ့ရှိသည်ဟု ပြောလာတယ်။ သူက ကျွန်တော့်ဆီလာပြီး ဖိတ်ပါတယ်။ သူငယ်ချင်း ဒီနေ့ငါ့မွေးနေ့ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ အုန်းထမင်း စသောအစားအစာများထဲမှ တစ်ခုခုဖြင့် ဧည့်ခံမယ်ပေါ့။ ဗုဒ္ဓဘာသာတွေ ဖြစ်တဲ့အတွက် အလှူအတန်းကတော့ ရက်ရောတာ ပြောစရာလိုမယ် မထင်ဘူး။ ဒါနဲ့ကျွန်တော်က အချိန်မေးလိုက်တယ်… ဘယ်ချိန်လဲဆိုတော့ ညနေပိုင်းတဲ့။

ကျွန်တော်သွားခဲ့ပါတယ်… အဲဒီပွဲမှာ အသောက်အစားပါတာမို့ စကားသွက်ကြတာ မစမ်းတော့ပါ။ နဂိုစကားတစ်လုံးမှ ၀င်မပြောတတ်တဲ့ ငတုံးကလည်း ပြောချင်တာပြောပေါ့လေ။ မွေးနေ့ရှင်ကလည်း သူငယ်ချင်းတွေကို ပျော်စေချင်တဲ့ စိတ်အပြည့်ရှိပုံရပါတယ်။ လိုလေသေးမရှိအောင် အကုန်လုပ်ပေးပါတယ်။ စကားလေး တပြောပြောနဲ့ စလိုက်တာ ဘာမဟုတ်တဲ့ ဘောလုံးပွဲနဲ့မှ ပြဿနာဖြစ်ကြလေရဲ့။ အဲဒီကနေ အမေရိကန် သမ္မတ ဘားရခ် အိုဘားမားမှာ သားသမီး ဘယ်နှစ်ယောက်ရှိလဲပေါ့နော်… အိုဘားမားမိန်းမက ချောလား စသည်အားဖြင့် လျှောက်ပြောလာတော့ တစ်ဖက်က မဖြေနိုင်တော့ဘူး။ ဟိုတစ်ယောက်က ဖတ်ထားတယ် ထင်တယ်။ အဲဒါနဲ့ ကျွန်တော်က ၀င်မေးကြည့်တယ် ကလေး ဘယ်နှစ်ယောက်ရှိလဲ…??? သူကပြန်ဖြေတယ်ဗျ… နှစ်ယောက်တဲ့… မိန်းကလေးတွေပဲ။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့ သူကဖတ်ထား မယ်လို့ယူဆရတော့ ကိုယ်လည်းဘာမှ ပြန်မငြင်းခဲ့ပေ။ ဒါပေမယ့် တစ်ခုတော့ ပြန်ပြောလိုက်တယ် အဲဒါက မယားကြီးနဲ့လား မယားငယ်နဲ့လား…?? လို့ သူ့စိတ်ကို ဇဝေဇ၀ါဖြစ်အောင် စလိုက်တာပါ။ တကယ်တော့ အိုဘားမားမှာ မယားတစ်ယောက်ထဲ ရှိချင်ရှိလိမ့်မယ်။ ကျွန်တော်လည်း မသိပါဘူး။ ငါတော့ မယားနှစ်ယောက် ရှိတယ်ဆိုတဲ့ သတင်းမဖတ်ဖူးဘူးတဲ့…. မဖြစ်နိုင်ဘူးထင်တယ်လို့ သူကပြန်ပြောပါတယ်။ အဲဒီချိန်မှာ အစောပိုင်းက မဖြေနိုင်တဲ့ တစ်ယောက်က ဘာထပြောတယ် ထင်သလဲ…? မင်းကလဲ ယုံလိုက်စမ်းပါတဲ့… မင်းကိုငါပြန်မေးမယ်တဲ့ ငါ့မှာ ကလေးဘယ်နှစ်ယောက်ရှိလဲ မင်းသိလားတဲ့….??? ဟင်းအင်း မသိဘူးဆိုတော့မှ ပြောလိုက်တာက ဒီလိုလေးပါ အေး…မင်းညီမနဲ့ တိတ်တိတ်ပုန်းရတာ သုံးယောက်ရှိပြီး မှတ်ပြီးလား… အဲဒီမှာ စကားများ ရန်ဖြစ်လိုက်တာ ထိုးမယ်ကြိတ်မယ်ဖြစ်လို့ ကျွန်တော်တို့လည်း လူစုခွဲပြီး ပြန်လာခဲ့လိုက်တယ်။ ဒါဟာ ဘယ်ကနေ စတာလဲဆိုတော့ မွေးနေ့ပွဲရဲ့ ရလဒ်ပဲ… ညနေပိုင်းလုပ်တဲ့အတွက် အရက်ပါတယ်။ ထိုအတွက်ကြောင့် အပျော်ကနေအပျက် ဖြစ်တက်တယ်ဆိုတာကို ဒီဖြစ်စဉ်လေးနဲ့ ရှင်းပြလိုက်ရတာပါ။ အားလုံး ဆင်ခြင်နိုင်ကြပါစေ။

နောက်တစ်ချက်က စာဖတ်သူတွေကို ကျွန်တော်စေတနာနဲ့ ပြောပြချင်ပါတယ်။ မွေးနေ့မှာ ကျွေးမွေးတာပဲဖြစ်ဖြစ်၊ အလှူအတန်းလုပ်တာပဲဖြစ်ဖြစ် လုပ်မည့်အရာအားလုံးကို မနက်ပိုင်းမှာသာ လုပ်စေချင်ပါတယ်။ ညနေပိုင်း လုပ်ဖြစ်တယ်ဆိုရင်လည်း သောက်စားမည့် အစီအစဉ်မပါတာ ပိုကောင်းပါမည်။ များသောအားဖြင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်… စိတ်မချမ်းသာစရာတွေလည်း ဖြစ်သွားနိုင်ပါတယ်။ တချို့တွေက အရက်သောက်ချင်ကြ၍ တောင်းတတဲ့အခါ မွေးနေ့ရှင်ဖြစ်တဲ့ ကိုယ်ကမလိုက်လျှောရင် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် ညနေပိုင်း မလုပ်စေချင်တာပါ။ ကိုယ်ကစေတနာ မှန်ပေမယ့်… အချိန်အခါကိုလိုက်ပြီး ပြောင်းလဲတတ်တဲ့ လူတွေရဲ့ စိတ်သဘောထားကိုလဲ နားလည်ထားဖို့ လိုပါတယ်။ မနက်ပိုင်းလုပ်တဲ့အတွက် အားလုံးကောင်းပါတယ်။ ညနေမှာ အရက်သောက်မယ့် လူမျိုးတွေကို မနက်ပိုင်းမိမိမွေးနေ့ ဆွမ်းကပ်တဲ့အချိန်မှာ ရအောင်ခေါ်ပြီး တရားနာခိုင်းလိုက်စမ်းပါ။ မိမိလည်းကုသိုလ်ရမယ်၊ သူလည်းကုသိုလ်ရမယ်၊ နားတဲ့တရား ကောင်းလေလေ (သို့) အားစိုက်ပြီး နားထောင်လိုက်မယ် ဆိုရင်လေ ညနေမှာ အရက်သောက်မယ်လို့ ထပ်ပြောဦးမှာ မဟုတ်တော့ပါဘူး။ မနက်ပိုင်းလုပ်မှာ ဖြစ်တဲ့အတွက် တစ်နေ့လောက်တော့ ကြိုပြင်ဆင်ရမှာပေါ့။ လူအများအတွက် ဒါနပြုရင် ကာယကံရှင်ကတော့ ပင်ပန်းမှာပဲ။ ဒါကိုထည့်မတွက်ပါနဲ့… ကုသိုလ်တရားကိုသာ ထည့်တွက်စေချင်ပါသည်။ ကောင်းတာလုပ်မည့် သူတိုင်းကို ပံ့ပိုးကူညီမည့် သူတော်ကောင်းတွေ ပတ်ဝန်းကျင်မှာ အမြဲတမ်း ရှိနေတတ်တယ် ဆိုတာကို သိထားစေချင်ပါတယ်။

မွေးနေ့ပွဲတွေမှာ ညပိုင်းလုပ်တဲ့ မွေးနေ့ပွဲတွေဟာ အင်မတန် ဆိုးရွားလွန်းတယ်လို့ ထင်ပါတယ်။ မည်သူ့ကိုမှ ပုတ်ခတ်ပြောဆိုခြင်း မဟုတ်ရပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ခေတ်မှီလာတာက အနည်းငယ်ပါ။ အတုခိုးတာတွေက အရမ်းများနေတယ်။ ရွာမှာမွေးနေ့ဆို ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်၊ ဥပုဒ်သီလဆောက်တည် တစ်ရွာလုံးကျွေးတဲ့ အစဉ်အလာကောင်းတွေကို ဘယ်နေရာရောက်ရောက် ထိန်းသိမ်းထားစေချင်ပါသည်။ အခုခေတ်က ရွာကနေမြို့မှာ ကျောင်းလာတက်တယ်။ မြို့မှာ သူများလုပ်သလို လိုက်လုပ်ကြတယ်။ ရွာမှာမွေးနေ့ပွဲ တစ်ခါမှ မလုပ်တဲ့သူကလည်း မွေးနေ့ပွဲတွေ ကျင်းပ၊ ခန်းမတွေဘာတွေ ဌား၊ သူငယ်ချင်းတွေ ခေါ်ပြီး ပျော်ရွှင်နေလိုက်ကြတာ။ ညဘက်မှာလည်း တစ်ဝိုင်းရှိအုံးမယ် ဆိုတာက ပါသေးတယ်။ ကျွန်တော်တို့တွေ မြင်တွေ့နေရတာပဲ အထူးသဖြင့် ပြည်သူတစ်ရပ်လုံးကို အသိဥာဏ် ဗဟုသုတ တိုးစေတဲ့ ရုပ်ရှင်တွေမှာလဲ များသောအားဖြင့် ပိုက်ဆံရှိ အဆင့်အတန်းလောက်ဆို ညစာစားပွဲနှင့် တည့်ခင်းဧည့်ခံပါမည်။ ရက္မာလေ နဲနဲဝင်တော့ မှားသွားတဲ့ အခန်းလေးတွေ ပါအုံးမယ်။ ဒီ(၂၀)ရာစုနောက်ပိုင်း အရက်သောက်တဲ့ အထဲမှာ မိန်းကလေးတွေ အနည်းစုပါဝင်မည် ဟုဆိုလျှင် ကျွန်တော်မှားမယ် မထင်ပါ။ အတုမြင်အတတ်သင် ဆိုပေမယ့်၊ ဘုရားသွား ကျောင်းကန်ဆောက်နေတဲ့ သရုပ်ပြ ရုပ်ရှင် ကားကြီးတွေကိုလည်း မေ့မသွားကြဖို့ သတိပေးစေလိုပါသည်။ သူများလူမျိုးနဲ့ မနှိုင်းစမ်းပါနဲ့ ကိုယ့်လူမျိုး ကိုယ့်ဗီဇနဲ့ ယဉ်ကျေးမှုကို တန်ဖိုးထားကြပါ။

အခုခေတ် မိန်းကလေးတွေ အရက်သောက်တာ မစမ်းဘူးလို့ ပြောနေကြတယ်။ ကျွန်တော်တို့ လူမျိုးတွေအတွက် စမ်းကိုစမ်းနေရမှာ။ ကျွန်တော့်အတွက်တော့ မိန်းကလေးတစ်ယောက် အရက်သောက်တာဟာ ထူးထူးစမ်းစမ်းကို ဖြစ်နေရပါတယ်။ အရက်ကလည်း အရည်ထဲပါတာပဲ။ ယောင်္ကျားသောက် မိန်းမသောက်လို့တော့ ခွဲထားတာ ဘယ်ရှိမလဲ။ မိန်းမကောင်းအင်္ဂါ (၆၄) ရပ်နဲ့ နေရမယ်မပြောပါဘူး။ မိန်းမတို့၏ ကောင်းခြင်း(၅)ဖြာ ထဲတော့ ဘယ်ပါတော့မလဲ။ မိန်းကလေးတွေ အရက်သောက်ပြီး မှုးနေတာကို မြင်ရတာ စိတ်မချမ်းသာစရာပါ။ စဉ်းစားကြည့်ရင် လွယ်လွယ်လေးပါ။ ယောင်္ကျားလေးတစ်ယောက် အရက်မှုးလို့ ကူညီမယ်ဆိုတာ ရှားပါတယ်။ ကူညီတယ်ပဲထားဦး… ယောင်္ကျားအချင်းချင်းတော့ ခပ်ပါးပါးဆိုတော့ ပြဿနာ သိပ်ရှိမယ်မထင်ဘူး။ မိန်းကလေးတစ်ယောက် အရက်မှုးတယ်ဆိုရင် မြန်မာလူမျိုး သနားကြင်နာ ကူညီတတ်တာ လူတိုင်းသိ၊ တစ်ကမ္ဘာလုံးသိပဲ။ ကူညီချင်လိုက်တာများ မင်းကူညီ ငါကူညီနဲ့ ငြင်းနေမှာမဟုတ်ဘူး။ မှုးနေသော မိန်းကလေးတစ်ယောက် အတွက် ပြဿနာအများကြီး ရှိတတ်ပါတယ်။ သိပ္ပံပညာရှင်တွေကတောင် ဖိုဓာတ်နဲ့ မဓာတ်ဟာ ဆွဲငင်မယ်တဲ့။ ဒီတော့ဘာဖြစ်နိုင်မလဲ စဉ်းစားကြည့်ကြပေတော့။ အမှုးပြေမှ နင့်ကိုငါယူပြီးပြီး ဆိုတဲ့သတင်းတွေလဲ မှုခင်းဂျာနယ်မှာ မြင်တွေ့နေရတာပဲလေ။ ကျွန်မမှုးသွားလို့ ဖြစ်သွားတာပါ ဟုဖြေရှင်းချက်တွေ ထုတ်ပြီး ရုံးတိုင်တာကနောက်ပေါ့။ ထို့ကြောင့် ဖြစ်နိုင်ရင် အမျိုးကောင်းသမီးများ အရက်မသောက်ပါနဲ့။ အထူးသဖြင့် မွေးနေ့ပွဲတွေမှာ မသောက်ပါနဲ့ဗျာ… အဓိက ပြောချင်တာကတော့ ကျွန်တော်တို့လို အမျိုးကောင်းသား ယောင်္ကျားလေးများပေါ့။ သောက်ပြီးရင် မှားတတ်လိုက်တဲ့ အမှားတွေ ဖြစ်စဉ်တွေ ရှိပါတယ်။ တကယ့်ဖြစ်ရပ်မှန်တွေမှာ အဖေကိုတောင် ဓားနဲ့ပြန်ထိုးတဲ့ အရက်မှုးတဲ့ သားအကြောင်းတွေကို ကြားဖူးကြမှာပါ။ ဒီတော့ ရှောင်သင့်မရှောင်သင့် မိမိကိုယ်တိုင် စဉ်းစားကြပေါ့။ ဆေးဖြစ်ဝါးဖြစ် အနည်းငယ်သောက်ခြင်း၊ မဖြစ်မနေ သောက်နေရခြင်းတို့မှ အပ ရှောင်နိုင်ရင် ပိုကောင်းလေပါပဲ။ ကျွန်တော်တို့ မြတ်ဗုဒ္ဓကတော့ မှုးရစ်စေတတ်တဲ့ အရက်မှမဟုတ်ဘူး၊ ကျန်တဲ့ မှုးရစ်စေတဲ့ ဆေးလိပ်တို့လဲ ရှောင်ကျဉ်ရန် ဟောထားပါသေးတယ်။ အဲဒီတော့ မနက်ပိုင်း ငါးပါးသီလယူပြီး ညနေပိုင်းမှာ ဒါတွေသောက်နေမလား ရှောင်မလား… ကိုယ်ကြိုက်တာကို ကိုယ်လုပ်နေမှာလား…. ဒါဆိုရင်တော့ အနန္တာ အနန္တငါးပါး ကြိုက်၊မကြိုက် ချင့်ချိန် ပယ်ရှားသင့်တာကိုပယ် လုပ်သင့်တာကိုလုပ်ပါလို့ အကြံပြုပါရစေ။

အခုမှ လိုရင်းကို စပြောရတော့မယ်… ဘာကြောင့် မွေးနေ့မှာ အရက်မသောက်ခိုင်းရတာလဲ…??? လူတွေဟာ နှစ်တိုင်းမှာ မွေးနေ့ကို ဘာကြောင့်လုပ်ရသလဲ ဆိုတာကိုပဲ အရင်စပြောပါမယ်။ မွေးနေ့လုပ်ရတဲ့ ရည်ရွယ်ချက် နှစ်ချက်ရှိပါတယ်။

(၁) မိမိသေရမည့် ရက်နီးလာတာကို အမှတ်ရစေဖို့

(၂) မိမိကို မွေးဖွားပေးခဲ့သည့် မိခင် အသက်နဲ့ရင်းပြီး မွေးခဲ့တဲ့ ရက်ကို အမှတ်ရစေဖို့ အတွက်ပါ

မွေးနေ့မှာ မိဘအနားမှာနေပြီး မိဘစိတ်ချမ်းသာအောင် ထားပေးရပါမယ်။ ဒီလိုနေ့တွေမှာ အရက်သောက်၊ ဘီယာသောက်မှ Happy birthday လို့ အော်လို့ရတာမဟုတ်ပါဘူး။ အမှန်တကယ်တော့ ဘီယာခွက်တွေကိုင်မယ့်အစား စိပ်ပုတီးကိုင်၊ ဘီယာခွက်တွေ တိုက်လိုက်လို့ ထွက်လာတဲ့အသံက ကြေးစည်းသံ ဖြစ်နေရမှာပါ။ သတိပြုစေချင်ပါသည်။ အခုဒီဘက်ခေတ်မှာ လုပ်နေတာက ခွက်တိုက်လို့ ထွက်လာတဲ့ အသံက နားထောင်ကောင်းတယ် ထင်နေကြတယ်။ မဟုတ်ဘူး အဲဒါမှားနေကြတာ တကယ်တော့ သေမင်းကို လက်တို့ပြီး လာခေါ်ဖို့အတွက် အချက်ပြသံ ဖြစ်နေတာပါ။ သောက်စားမှုးရစ်ပြီး အိပ်သွားတော့ရော ဘာကောင်းလို့လဲ။ မိမိသေရမယ့်ရက် နီးလာတာကို သတိမရရင်ထားပါအုံး၊ မိဘကိုတောင် မေ့သွားတာပဲ မဟုတ်လား။ မိခင်က ၀မ်းနှင့်လွယ်ပြီး ဒုက္ခခံကာ မွေးခဲ့တဲ့ ဒီမွေးနေ့မှာ အမေ့ကိုတောင် ဦးသုံးကြိမ် မချမိတဲ့သားလောက် အဘယ်မှာ ကြောက်စရာ ကောင်းအုံးမလဲ။ ဒါကြောင့် မွေးနေ့မှာ အရက်မသောက်ခိုင်းရခြင်း ဖြစ်ပါတယ်။

အမှန်တကယ် ၀န်ခံရရင် ကျွန်တော်ကိုယ်တိုင်လည်း ဒါမျိုးလုပ်ခဲ့ဖူးပါတယ်။ မိဘနဲ့ဝေးနေတဲ့ အချိန်မှာ နှစ်နှစ်လောက် သူငယ်ချင်းမွေးနေ့ပွဲ သွားပျော်လိုက်။ ကိုယ့်မွေးနေ့ပွဲ ပျော်လိုက်နဲ့။ ဒါပေမယ့် ကျွန်တော်မိဘကို ဘယ်တော့မမေ့တတ်ဘူး။ ချစ်သူနဲ့မိဘဆိုရင်တောင် မိဘကိုပဲ အမြဲတမ်း ဦးစားပေးခဲ့တယ်။ သို့သော် အဲလိုမွေးနေ့တွေတော့ ပျော်နေမိတာ အမှန်ပါပဲ။ မကောင်းမှုတွေ လုပ်ခဲ့မိတာကို အခုနောက်ပိုင်းမှ နားလည်လာရတယ်။ ဒီတရားစာပေတွေ ဗုဒ္ဓတရားတွေသာ မရှိရင်လေ ကျွန်တော်တို့ကို ဘယ်သူက အမှန်ရောက်စေအုံးမှာလဲ။ ဒါကြောင့် ငါတို့ဗုဒ္ဓသည် ကယ်တင်ရှင်မဟုတ်၊ ဖန်ဆင်းရှင်မဟုတ်၊ လမ်းမှန်ရောက်အောင် လမ်းပြပေးတဲ့ ဘုရားဆိုတာကို သိလာရတယ်။ ဒါကြောင့် ကျေးဇူးရှင်ကို ကျေးဇူးသိတတ်သလို နေထိုင်ရမယ်လို့ ဆရာတော်တွေက ဟောကြားတော်မှုတာပေါ့။ ထိုအထဲတွင် မိဘသည် အရေးကြီးဆုံးသော မိမိဘ၀၏ ကျေးဇူးရှင်ဖြစ်သည်။ မိဘနဲ့နီးနီးကပ်ကပ် နေရသည်ဖြစ်စေ၊ မနေရသည်ဖြစ်စေ မိဘတန်ဖိုးကို သိတတ်ကြပါစေ၊ မိဘတွေက သားသမီးတွေကို နားလည်မှု ပေးနိုင်သလို သားသမီးတွေက မိဘတွေကို နားလည်မှုရှိတတ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

တစ်နှစ်မှာတစ်ခါ ကျရောက်လာတဲ့ ဒီမွေးနေ့ပွဲတွေမှာ အပေါ်ကပြောခဲ့တဲ့ အချက်နှစ်ချက်ကိုလည်း မမေ့နဲ့။ လျှောက်ရမဲ့လမ်းကိုလည်း မရပ်တန့်ပါစေနဲ့။ မိဘရဲ့ အရိပ်အာဝါသအောက်မှာ နေချင်ပေမယ့် အရွယ်ရောက်ကတည်းက ဘ၀ဇာတ်ခုံပေါ်တက် ကျရာအခန်းက ပီပြင်အောင် ကိုယ်တိုင်သရုပ်ဆောင် နေရလို့ အမေအဖေတို့ အနားမှာမရှိပေမယ့် အချိန်တိုင်းမှာ သတိရနေပါတယ်။ အဖေနှင့်အမေ…. သားတို့ရဲ့မြတ်စွာဘုရား ချမှတ်ပေးထားတဲ့ ဇာတ်ညွန်းက “မကောင်းမှုကိုရှောင် ကောင်းမှုကိုဆောင် ဖြူအောင်စိတ်ကိုထား” လို့ ဟောကြားတော် မှုခဲ့တယ်။ ဒီလမ်းစဉ်ကို ကျင့်သုံးရင်းနဲ့ မိဘကျေးဇူး ဆပ်နိုင်သော သားတစ်ယောက် အဖြစ်သို့ ရောက်ရပါလို၏ အရှင်ဘုရား…။

NPNGMP

Wednesday, October 27, 2010

ကိုယ့်အတွေး နဲ့ အားလုံးကောင်းစေဖို့

ဘယ်နေရာဘယ်ဒေသမှာ ငါတို့ခန္ဓာတွေ ထားခဲ့ရမယ်ဆိုတာ မသေချာသော အသိတွေနှင့်သာ အဆုံးသတ်မယ့် လူတွေထဲမှာ ဘာမှမသိသေးတဲ့ မိမိကိုယ်တိုင် ပါဝင်နေပါတယ်။ ကျွန်တော် လူတစ်ယောက်ကို မေးဖူးပါတယ်။ သူက မင်းထွက်သွားပြီးတဲ့နောက် မင်းရဲ့သတင်းတွေ ဘယ်လောက်ထိ ကျန်နေမှာလဲ… ဘယ်သူက စိတ်ဝင်တစား ရှိနေအုံးမှာလဲ။ မင်းကိုစွဲလမ်းနေဖို့ မလိုဘူး။ တကယ်တော့ မင်းကိုအကြောင်းပြုပြီး ကျန်ရစ်သူတွေက ကုသိုလ်ယူကြရမှာ။ အခုဖြစ်နေတာက ငါတို့ပတ်ဝန်းကျင်မှာ သေသောသူအတွက် ကောင်းမှုရအောင် လုပ်ပေးတာတဲ့။ ကိုယ့်အတွက် ကိုယ်လုပ်နေတာကို မသိကြပဲ။ အဓိပ္ပာယ်လွဲမှားနေကြတယ်။ သေသောသူကို ဘာပေးပေး ဘာမှမရတာတော့ အသေချာပဲ။ နောက်ပြီး လူတိုင်းဟာ ပတ်ဝန်းကျင်အသစ်ကိုသာ ခုံမင်ကြတယ်။ လူတိုင်းမှာ ပုံမှန်ဆိုတာ မရှိဘူး။ ဆင်းရဲရင်ချမ်းသာအောင် ချမ်းသာရင် ဒီထက် ပိုချမ်းသာအောင် ကြိုးစားကြမှာပဲ။ မင်းကိုသတိရတယ်ဆိုတာ အချိန်ဘယ်လောက်ရှိမှာလဲ။ ဖြစ်မလာနိုင်တော့တဲ့ အရာတွေအတွက် သတိမရတာကို ငါတော့ပိုကြိုက်တယ်လို့ သူကပြောတယ်။ လူတွေဟာ နတ်ပြည်ရောက်ဖို့ထက် နေခဲ့တဲ့လောကမှာ သမိုင်းကျန်ဖို့ကို ပိုအလေးထားနေကြတယ်။ အဲဒါကိုကျွန်တော် စဉ်းစားကြည့်တော့ ဟုတ်တယ်ဗျ။ ဘယ်လောက်ပဲ အစွဲတွေ ကျွတ်တယ်ပြောပြော သေသွားခဲ့ရင် နာမည်ကောင်းလေးတော့ ကျန်ခဲ့ချင်တာပဲ။ ကိုယ့်ကိုမေ့သွားမှာကို ကြောက်နေကြတယ်။ ဒါကဖြစ်နေကြတာကို ပြောပြတာပါ။ ကျွန်တော်လည်း ဒီလိုပါပဲ။ ဒါပေမယ့် သေပြီးဆိုမှတော့ ဘာကိုသိအုံးမှာလဲ သိတော့ရော ဒီပတ်ဝန်းကျင်နှင့် ဘာဆိုင်တော့မှာလဲ… လူတွေယုံကြည်နေကြတဲ့ အမျိုးထဲမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ပြန်ဝင်စားတာကရော ဘာထူးစမ်းလို့လဲ။ သိသင့်တာက ကိုယ်မဟုတ်တော့ဘူးလေ… ရုပ်နာမ်အသစ် တစ်ခုဖြစ်သွားပြီး။

တကယ်တော့ နာမည်ကောင်း ကျန်ခဲ့ခြင်းက ကောင်းပါတယ်။ တစ်ချိန်က စာရေးသူသည် ဘယ်အရာကိုမှ မကြောက်ခဲ့ဘူး။ ထစ်ခနဲဖြစ် ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ်ဆိုတဲ့ စိတ်မျိုးတွေနဲ့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီး ထင်နေခဲ့တယ်။ ဘ၀ကသံကြိုးရိုက် မှတ်သားပေးလိုက်တဲ့ အတိုင်းအရောင်မဆိုး မပြုပြင်ပဲ ဆက်တိုက် မိုက်နေအုံးမယ်ဆိုရင် နောက်တစ်ဘ၀မှာ ဒီထက်ပိုဆိုးသွားမှာကို နားလည်လာခဲ့တယ်။ ကျွန်တော်တို့တွေဟာ တော်တော်များများ သိနေကြပါတယ်။ ဒါပေမယ့် သိတာကိုသိတဲ့အတိုင်းပဲ ထားတတ်ကြတာက ပိုများပါတယ်။ အဲဒီအကျင့်က အလွန်းဆိုးပါတယ်။ သိတဲ့အတိုင်း လုပ်နိုင်ကြမယ်ဆိုရင် အကောင်းဆုံးပဲပေါ့။ အကုန်မလုပ်နိုင်ဘူးပဲ ထားပါ နိဗ္ဗာန်တံခါးက မပိတ်ထားပါဘူး။ လုပ်နိုင်တဲ့လူအတွက် အမြဲတမ်းတံခါးဖွင့် ကြိုဆိုလျှက်ပါပဲ။ အခုပြောသွားသလိုပေါ့ သိပြီးမှ မကောင်းမှုတွေ လျှောက်လုပ်နေတာက ပိုဆိုးပါတယ်။ အကုသိုလ်ဖြစ်တယ်လို့ မယူဆရင်နေပါ အဓိပ္ပာယ်ရှိခြင်း မရှိခြင်းကို အရင်သုံးသပ်ကြည့်ရင် လုပ်သင့်မလုပ်သင့် အဖြေတစ်ခု ထွက်လာမှာပါပဲ။ “ဗုဒ္ဓတရားတွေမှာလဲ အမှားအမှန် ဝေဖန်စမ်းစစ်ပြီးမှ လုပ်ဖို့အချက်” ပါတာပဲမဟုတ်လား။ တကယ်တော့ ပတ်ဝန်းကျင်ကို အပေါ်ယံတွေနဲ့ ကိုယ့်ကိုအထင်ကြီးစေဖို့ ခြိမ်းခြောက်နေတာပါ။ ကိုယ့်အတွင်းမှာက ဟန်မရှိပဲ စံလုပ်တတ်တဲ့လူလို့ ယခုအချိန်မှာ သုံးသပ်မိတယ်။ ပတ်ဝန်းကျင် ဆိုတာက ကိုယ့်အလုပ်နဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေပေါ့။ ပဲ့ကိုင်ရှင်ကတော့ ကိုယ်ပါပဲလေ။ ဘာပဲလုပ်လုပ် အရင်ဦးဆုံး ကိုယ်တိုင်ပဲ ဆုံးဖြတ်တာပါ။ ခိုင်မာပြီး သေချာတဲ့ ဆုံးဖြတ်ချက်မျိုးတွေကို ချမှတ်ဖို့သာ လိုအပ်တာပါ။ မှားရင်လည်းခံ မှန်ရင်လည်းစံပေါ့။

လုပ်ငန်းခွင်အတွင်း အချိန်ကုန်နေသော ဘ၀တစ်ခုကို ပိုင်ဆိုင်ထားပြီး ဆိုမှတော့ အမေ့အိမ်လောက်တော့ ဘယ်ငြိမ်းချမ်းတော့မလဲ။ ဒါကသဘာဝ ကျပါတယ်လေ။ အမြဲတမ်း မိဘရင်ခွင်မှာ နေလို့မှ မရနိုင်တာ။ ကိုယ့်အလုပ်နဲ့ကိုယ်မို့ အိမ်ကို ခဏလောက်သာ ပြန်ရတာ မစမ်းတော့ပါဘူး။ အဲလို ရောက်တဲ့အချိန်လေး ခဏအတွင်းမှာ မိမိ၏ဖခင်နှင့် အတွေ့အကြုံလေးတွေ ဖလှယ်ကြတယ်။ ဘယ်လိုမှ လိုက်မမှီတဲ့ ဖေဖေကို ကျွန်တော်အမြဲတမ်း လေးစားမိတယ်။ ဘ၀မှာ စံ တင်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် အမြဲတမ်းရှိသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အတွက်တော့ အဖေဟာ စာအုပ်ထဲမှာ အမြဲဖတ်နေတဲ့ ပညာရှင်တွေရဲ့ အထက်မှာ ထာဝရ ရှိနေပါတယ်။ နိုဘယ်ဆုရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်နေတယ်။ ကိုယ့်ဘ၀မှာလဲ အဖေနဲ့တွေ့တိုင်း နိုဘယ်ဆုရှင်တွေနဲ့ တွေ့ရတာထက် ပိုတန်တယ်လို့ တွေးမိတယ်။ ဘာကြောင့်လဲဆိုတော့ အဖေနဲ့ဆို ကျွန်တော့် ပတ်ဝန်းကျင်တွေ၊ ကျွန်တော့်အလုပ်တွေ၊ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဂရုတစိုက်နဲ့ နားထောင်ပေးတယ်။ ပြီးရင် ကျွန်တော့် ဘ၀အတွက် အကြံပေးတယ်။ ပြဿနာတွေရှိရင် အချိန်ပေးပြီး ကူညီဖြေရှင်းပေးတယ်။ အဲဒီနိုဘယ်ဆုရှင်တွေ၊ သိပ္ပံပညာရှင်တွေက ကျွန်တော့်ကို အချိန်ပေးဖို့ နေနေသာသာ တွေ့ချင်မှာတောင် မဟုတ်ဘူး။ သူတို့ရဲ့ အဆိုအမိန့်တွေထက်စာရင်လေ အဖေပြောပြတဲ့ စကားပုံတစ်ခု သားမှတ်နေတယ် အဖေ “ငါ့သားအမြဲမှတ်ထား၊ ဘယ်လုပ်ငန်းပဲလုပ်လုပ်၊ ရပြီးတဲ့ အောင်မြင်မှု သရဖူနဲ့ ကျေနပ်မနေနဲ့၊ ပန်းတိုင်တစ်ခု ရောက်ပြီးပြီးဆိုရင် နောက်ထပ်ဒီထက် မြင့်တဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခု ထပ်ချရမည်” ဒီစာပုဒ်လေးကို ကြိုက်လွန်းလို့ သားမှတ်စုလေးထဲမှာကို သေချာမှတ်သား ထားပါတယ်အဖေ။ အဖေပေးတဲ့ ဒီအမွေက တန်းဖိုဖြတ်လို့ မကုန်နိုင်ပါဘူး။ နောင်လာနောင်သားတွေ အတွက် အသုံးဝင်နေဦးမှာပါ။ ဆွေစဉ်မျိုးဆက် အမွေပေးနိုင်တာ ဒီလိုအဓိပ္ပာယ်ရှိတဲ့ စာသားတွေပါပဲ။ ဒါကြောင့် အဖေဟာ ကျွန်တော့်ဘ၀ရဲ့ ထိပ်ဆုံးက နိုဘယ်ဆုရှင် တစ်ယောက်ပေါ့။ သူတို့ခေတ် သူတို့ချိန်တုန်းက သူတို့တတ်တဲ့ ပညာတွေရှိခဲ့တယ်။ ကျွန်တော်တို့ ခေတ်နဲ့ကွာတယ်ဆိုပေမယ့် စည်းစနစ်တွေက အတူတူပါပဲ…။

အဖေ့ကို လိုက်မမှီတာထက် မနှိုင်းကောင်းဘူး ဆိုတာကို သိနေတယ်လေ။ “ဆရာထက်တပည့် လက်စောင်းထက်” ဆိုတဲ့ စကားပုံက ကောင်းခြင်းကိုပြတယ်။ “အဖေထက် သားတစ်လကြီး” ဆိုတဲ့စကားပုံက မကောင်းဘူးလေ။ ဒါပေမယ့် အဖေမွေးထားတဲ့ သားတစ်ယောက်သည် မညံ့ဘူး၊ တော်တယ် ဆိုတဲ့ အပြင်ပန်းအလှတွေနဲ့ ပကတိအခြေအနေကို ဖုံးလွှမ်းထားမိတယ်။ အဖေနဲ့ စကားပြောတိုင်း အမေကလည်း ဘေးမှာဝင်နားထောင်လေ့ ရှိပါတယ်။ မေမေအမြဲတမ်းမှာတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါက စာကြိုးစား၊ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင်ပေါင်း၊ သူငယ်ချင်းတွေနဲ့လည်း တည့်အောင်ပေါင်း အားလုံးနဲ့ အဆင်ပြေလေ အလုပ်လုပ်ရတာ ချောမွေ့လေလို့ မေတ္တာတွေနဲ့ ပြောတဲ့စကားကို လုပ်ငန်းခွင်ဝင်တိုင်း အမှတ်ရနေဆဲပါ အမေ…။ အမေ့နောက်ကွယ်မှာ အမေမကြိုက်တဲ့ အရာတွေကို သားစိတ်ကြိုက် လုပ်နေမိခဲ့ပါတယ်။ သားအတွေး သားလုပ်ရပ်တွေက မကောင်းမှု့တွေဘက်ကို အားသန်သွားခဲ့တယ်။ ကြီးကြီးမားမား အမှားတွေကျုးလွန်တာ မဟုတ်ပါဘူးအမေ။ အနန္တော အနန္တငါးပါးအပြင် လူတော်တော်များများ မကြိုက်ကြတဲ့ အရက်သေစားကို မကောင်းမှန်းသိသိနဲ့ စိတ်အလိုလိုက် အကြိုက်ဆောင်ပြီး သောက်ခဲ့မိတာပါပဲ။ စာဖတ်သူတွေ အထဲမှာလည်း ဒီလိုမျိုးရှိမှာပါ။ မတွေးမိကြသေးလို့ ဒါမျိုးတွေကို သတိမထားတာ နေမှာပါ။ ဘယ်မိဘကမှ အရက်သေစာ သောက်စားတာ မကြိုက်ပါဘူး။ ကျွန်တော်တို့တွေဟာ တခါတလေ လုပ်မိလိုက်တဲ့ အမှားလေးတွေကို ပြန်ပြန်ပြီး စဉ်းစားသုံးသပ် စေချင်တယ်။ အနည်းဆုံးတော့ အမှားတွေကို သိလာရင် မှန်တာကို လုပ်ချင်လာပါလိမ့်မယ်။ ကျွန်တော်လည်း မပြောပလောက်တဲ့ အချိန်လေးအတွင်းမှာ လမ်းမှားရောက်ခဲ့ရတယ်။ ဒါတွေကို အမြဲတမ်း စွန့်ပယ်ပစ်ဖို့ သားစိတ်တွေကို အမြဲတမ်း တိုက်ပွဲဝင်သွားမှာပါ။ အခုလို အများသူဌာကို အကျိုးပြုတဲ့ တရားစာပေတွေ၊ ဗဟုသုတတွေ ဝေမျှရင်းနဲ့ ခရီးဆက်ဖို့ ကြိုးစားနေမှာပါ။ အရမ်းကြောက်ဖို့ ကောင်းတယ်နော်… အတွေးအခေါ်တွေ မှားသွားရင် ဘ၀ကြီးလည်း လမ်းမှားကို ရောက်တတ်တယ်။

မာနဆိုတာ မထားသင့်တဲ့နေရာမှာ ထားမိရင် မမှားသင့်တဲ့ အမှားတွေ ဖြစ်နိုင်ပါတယ်။ ကျွန်တော်က ဘယ်အလုပ်မဆို ငါလုပ်နိုင်တယ်ဆိုတဲ့ “ဇွဲ” မဟုတ်တဲ့ မာနကို “ဇွဲ” လို့ ထင်မှတ်ခဲ့တာ… ကောင်းတဲ့အရာတွေ အတွက် ဒီလိုစိတ်ဓာတ်ထားတာ အကြောင်းမဟုတ်ပါဘူး။ “မဖြစ်မနေ လုပ်မယ်လို့ ဆုံးဖြတ်ချက်ချတာဟာ အောင်မြင်ခြင်း၏ အဓိက လိုအပ်ချက်” ဟုဆရာတော် တစ်ပါးရေးထားတဲ့ စာစောင်မှာ ဖတ်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် လမ်းမှားနေခဲ့ပါတယ်။ ကျွန်တော်လို မတွေးမိကြပါနဲ့… ထိုစဉ်က ကျွန်တော်စဉ်းစားပုံက ကိုယ့်ကိုအထင်သေးမှာ အရမ်းကြောက်တယ်။ ထို့ကြောင့် အလုပ်ဆိုလည်း ပိုလုပ်နိုင်တယ် တကယ်လည်း လုပ်တယ်… ကျွန်တော်က အမှန်တိုင်းပဲ နေတယ်လို့ အတ္တစိတ်တွေနဲ့ ဝေခွဲမရတဲ့ မောဟတွေလည်း များနေခဲ့တာပေါ့။ အဲဒီခါကျတော့ ပတ်ဝန်းကျင်နဲ့ ဆက်ဆံတဲ့အခါ လူရွေးပေါင်းတာမျိုး ရှိပါတယ်။ သာမာန်လူတွေကို ကျွန်တော်ကောင်းကောင်း ပုံဖော်ပြောနိုင်ပါတယ်။ ဒါကလည်း ကျွန်တော်(၂၅-၂၆)နှစ် အတွင်းမှာ ဖြတ်ကျော်ရင်းနဲ့ ရလာတဲ့ဘ၀ ဒဏ်ရာဒဏ်ချက်တွေ နှင့် အတွေ့အကြုံပါပဲ။ ထွေထွေထူးထူး မဟုတ်ပါဘူး။ ဥပမာ တစ်ခုပြောပြမယ်။ ကျွန်တော့်နဲ့ တစ်ကျောင်းထဲ အတူတက်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ပါ။ သူ့နာမည်က သူရလို့ ခေါ်ပါတယ်။ သဘောအရမ်း ကောင်းလွန်းတဲ့ စာရင်းထဲတော့ မ၀င်ပါဘူး။ ဒါပေမယ့် ပြောရမယ့်အရာတွေကို မပြော၊ မပြောရမယ့် အရာတွေကျတော့ ပြောပြန်တယ်။ ကျွန်တော်ကတော့ မဟုတ်မခံ စိတ်လေးရှိတော့ ကိုယ်မှန်နေရင် ခေါင်းငုံ့မနေတတ်ဘူး။ မှန်လို့ကတော့ အတန်းကြီးမကလို့ ဘာပဲဖြစ်ဖြစ် ပြန်လုပ်ရမှ ကျေနပ်ခဲ့တဲ့ လူမျိုးပေါ့။ လုပ်လို့မရဘူးဆိုရင်တောင် ပေစောင်းပေစောင်း အကြည့်နဲ့တော့ ပြန်ကြည့်ရမှ တခြားအရာတွေကို ပုံမှန်ပြန်လုပ်နိုင်တာ။ မှားနေရင်လည်း ဘယ်သူပြောပြော ခေါင်းငုံ့ခံတယ်။ ကိုယ့်အပြစ်နဲ့ ကိုယ်ခံနိုင်တယ်။

အဲဒါနဲ့ ပတ်သတ်ပြီး ကျွန်တော်ကျောင်းတုန်းက ဖြစ်စဉ်လေးတစ်ခု ရှိပါတယ်။ အောင်သောင်းနဲ့ ကျွန်တော်က တစ်ခန်းထဲပါ။ လေးငါးတန်း လောက်တုန်းကပေါ့။ အိမ်နီးနားချင်းလဲ ဖြစ်တယ်။ တစ်နေ့မှာ သူကကျွန်တော့်ပုဆိုးကို ပြဲသွားအောင်လုပ်တယ်။ ကျွန်တော်သူ့ကို ဘာပြန်လုပ်တယ် ထင်လဲ…??? သူဘောင်းဘီ ၀တ်မဲ့နေ့ကို စောင့်လိုက်တယ်။ စိတ်တော့ နဲနဲရှည်ရတာပေါ့… အဲဒီအပတ်မှာ သူအိပ်မက်တွေ မကောင်းဘူးနဲ့ ထင်ပါတယ်။ မ၀တ်ဘူး။ နောက်အပတ် တနလာင်္နေ့မှာ အောင်သောင်းကျောင်းစိမ်း ဘောင်းဘီးအသစ်လေးနဲ့ ကျောင်းလာတယ်။ ကံဆိုးချင်တော့ အဲဒီနေ့မှာ လမ်းခင်းနေတဲ့ ကတ္တရာဇီးကို ပြေးမြင်တယ်။ အရင်ကတော့ ထိုင်ခုံမှာ ပီကယ်စားပြီးသား ကပ်မယ်ပေါ့နော်။ နောက်လည်းကျရော သူထိုင်မယ့်ခုံမှာ ကတ္တရာဇီး ကပ်ထားလိုက်တယ်။ နဲနဲတော့ အပင်ပန်းခံရတာပေါ့။ စာဖတ်သူအနေနဲ့ တစ်ခုတော့ ပြန်မေးချင်မှာပေါ့။ ဘာလို့ပုဆိုးဝတ်တဲ့နေ့ မလုပ်တာလဲ….??? ပုဆိုးဝတ်တဲ့နေ့ဆိုရင် ပုဆိုးလှည့်ဝတ်လို့ရတယ်။ ဘောင်းဘီကျတော့ လှည့်လို့လည်းမရ အိမ်ရောက်ရင် အဆူခံရအုံးမယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ မကောင်းတဲ့အကြံတွေနဲ့ လုပ်ခဲ့မိသေးတယ်။ အဲဒီအကျင့်က မကောင်းလွန်းတာလဲ မပြောနဲ့ တက္ကသိုလ်မှာ သူငယ်ချင်းကို တစ်ခုကျွေးပြီးမှ ကိုယ်ကတစ်ခု ပြန်စားတယ်။ သူကဘလိုင်းကြီး ကျွေးရင် ကျွန်တော်မစားဘူး။ ရှောင်တယ်… တကယ်လို့ တစ်ယောက်တစ်ခါ ရှင်းရမယ်ဆိုရင် ကျေနပ်တယ်။ သူငယ်ချင်းက ဖွင့်ပြောတယ်။ မင်းခင်တာက တစ်မျိုးကြီးပဲတဲ့။ မင်းကမင်းဆီက မပေးရင် သူများဆီကလည်း မယူဘူးတဲ့။ ဟုတ်တယ် ငါကဒီလိုပဲ ကိုယ်ပေးမှ သူများဆီက ပြန်ယူတတ်လို့။ အခုနောက်ပိုင်းတော့ အဲဒီအကျင့်တွေ ပြင်နေပါပြီး။ ဘာလို့လဲဆိုတော့ "ကိုယ်တိုင် ငွေရှာနေရပြီးလေ များမကြာသော အချိန်များမှာ အိမ်ထောင်တစ်ခု တည်ဆောက်ရမှာမို့ မလွယ်ကူတဲ့ အချုပ်အနှောင် လောကထဲမှာ ငွေတွေလဲ ကိုယ့်အနားရှိနေဖို့ လိုတယ်လေ" အရင်ဘ၀က ကုသိုလ်ကံ နည်းခဲ့၍ ဒီဘ၀မှာ လိုအင်ဆန္ဒမပြည့်ဝခြင်း တောင်းတ ငတ်မွန်းနေခြင်းတို့ ခံစားနေရတာ မှန်ပေမယ့် နောင်ကောင်းဖို့ ကြည့်ပြီးအကုသိုလ် မလုပ်ချင်တော့ဘူး။ “ကုသိုလ်မရရင်နေပါ အကုသိုလ်တော့ မဖြစ်ပါစေနဲ့” စည်းမရှိတဲ့ လွတ်လပ်မှုမျိုး လိုချင်တာ မဟုတ်ပါဘူး။ လူ့ဘောင်လောကမှာ ကိုယ်နဲ့ထိုက်မယ့် သာယာပျော်ရွှင်မှုလေး လိုချင်တာပါ။ လိုတာထက်ပိုတဲ့ အချုပ်နှောင်တွေ ကြားထဲက ဘ၀တွေသည် အရမ်းမွန်းကြပ်ပါတယ်။ ခေါင်းမော့ကြည့်ဖို့ အင်အားရှိပေမယ့် ကြည့်ခွင့်ရတဲ့နေ့တွေက ကြယ်မစုံတဲ့ လမိုက်ညတွေဆိုတော့ ဘာကိုမြင်နေရအုံးမှာလဲ။ တစ်ခုတော့ တွေးမိပါတယ်။ ဘာမှမသိတဲ့ လူတွေသည် ဘာကိုမှမကြောက်ဘူး နားအေးတယ်လို့ ထင်နေကြတယ်။ တကယ်သိ တကယ်နားလည်သွားသော လူတစ်ယောက်မှာ အရင်ကမသိခဲ့တာကို ကြောက်ရွံ့မိတာ အမှန်။ ထို့ကြောင့် ယခင်က လုပ်မိခဲ့တဲ့ အမှားတွေကို မုန်းတီးလာတယ်။ ဒီထက်ကောင်းအောင် ရှေ့ဆက်ချင်ပါတယ်။ ကျွန်တော်စေ့စေ့ မကြည့်ရဲတဲ့ လူတွေရှိပါတယ်။ ဥပမာ စာအရမ်းမေးတဲ့ အရမ်းကျစ်တဲ့ ဆရာမျိုး၊ နောက်တစ်မျိုးက ဘာသာရေး ကိုင်းရှိုင်းပြီး အေးချမ်းစွာ နေတဲ့လူမျိုးပဲ။ ဆရာဆိုတာကတော့ ထားလိုက်ပါတော့ ဒါက ရယ်စရာပြောတာပါ။ စာရနေရင်တော့ ကြည့်ရဲတာပေါ့ဗျာ… မရရင်တော့ မကြည့်ရဲဘူးပေါ့။ တခါတလေတော့ စာရလည်းမကြည့်ရဲ မရလည်းမကြည့်ရဲတဲ့ ဆရာတွေလည်း ရှိပါတယ်။ ချစ်ကြောက်ရိုသေ နေရသော ဆရာတွေက တပည့်တွေအပေါ် ဘယ်တော့မှ အပြစ်မမြင်တတ်ပါဘူး အမြဲတမ်း ခွင့်လွတ်ပြီးသားပါ။ ပြောချင်တာက ဘာသာရေး လိုက်စားတဲ့ လူတွေပါပဲ။ သူတော်ကောင်းတွေရဲ့ မျက်နှာဆိုတာ တကယ်ပါ မယုံရင် ရှာကြည့်နိုင်တယ်။ သူတို့ကို ကြည့်လိုက်တာနဲ့ မိမိ၏စိတ်ထဲမှာ အေးချမ်းသွားတယ်။ အဲဒါကြောင့် ကျွန်တော်သူတို့ကို စေ့စေ့မကြည့်ရဲတာ… ကိုယ့်ကိုယ်ကို မလုံဘူးလေ… ကျွန်တော်လည်း ကြိုးစားနေပါတယ်။ ဘာသာရေး လိုက်စားနေတဲ့ ကျွန်တော့်ပတ်ဝန်းကျင်က လူတစ်ယောက်ကို အားကျလို့ တတ်နိုင်သလောက် ကောင်းအောင်ပြင်နေပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ။ အကုသိုလ် မလုပ်ဖြစ်ဖို့ စိတ်ကို အေးချမ်းအောင် လုပ်ရမယ်။ လူတွေကို အကျိုးပြုချင်သေးတယ်။ ကျွန်တော်မနေ့က အတွေးပေါက်လို့ စာလေးနှစ်ကြောင်း ရေးမိတယ်။ အဲဒါက ဒီလိုလေးပါ။ “ပေးဆပ်ခြင်းတွေဖြင့် အရာရာ အေးချမ်းစေမယ်ဆိုရင် ငါ့ရှိသမျှ အားလုံးပေးချင်တယ်” “စွန့်လွတ်ခြင်းတွေဟာ မနာကျင်ရပဲ ပျော်ရွှင်မှုတွေ ရနေမယ်ဆို ငါပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ဆုံးရှုံးပါစေ ဗလာနတ္တိ နေနိုင်တယ်” လုပ်နိုင်ရင်တော့ လူတိုင်းကို အကောင်းမြင်ချင်ပါတယ်။

တရားစာစောင်တွေမှာ ဖတ်ရတဲ့ စာပိုဒ်လေးတွေ ရှိပါတယ်။ အဲဒီထဲက ကိုယ်နဲ့ကိုက်မယ့် အချိန်၊ ဒေသ၊ နေရာပေါ် မှုတည်ပြီး နှစ်သက်တဲ့ စာသားတွေကို ဖော်ပြချင်ပါတယ်။ ကိုယ်နှင့်နှုတ်ကို အနားပေးပြီး အသိတရားနဲ့ အေးအေးဆေးဆေး နေတတ်ပါစေ တကယ်ချမ်းသာတယ်… “ရခဲလှသော လူ့ဘ၀တွင် ကံကောင်း၍ ကျန်နေသော လက်ကျန်အချိန်ကို မမေ့မလျှော့သော အသိတရားနှင့် အကျိုးရှိစွာ အသုံးပြုကြပါ” ဒီစာပိုဒ်လေးကို ဖတ်ပြီးတော့ ကျွန်တော်က အောက်ကနေ ထပ်ကွန့်လိုက်တယ်။ ငါ့ပတ်ဝန်ကျင့်က လူတွေ၊ ငါ့သူငယ်ချင်းတွေ၊ ငါ့မိတ်ဆွေတွေ၊ ငါ့ဆွေမျိုးတွေ ငါ့ရှေ့မှာရော ငါ့နောက်ကွယ်ပါ သေဆုံးနေကြတာ ရှာစရာမလိုတဲ့ တရားတွေပါပဲ လို့တွေးမိရင်းနဲ့ ဒီစာလေးကို အဆုံးသတ်လိုက်ပါတယ်။ ကျေးဇူးရှင်ဖြစ်တဲ့ မိဘနှစ်ပါးနှင့် မိမိရဲ့စိတ်တွေကို တဖြည်းဖြည်း နှုးညံသိမ်မွေ့အောင် လမ်းညွန်ပြပေးနေသော ဗုဒ္ဓရဲ့ အဆုံးအမနှင့် တရားစာပေများအား မမေ့မလျှော့သော အသိတရားများ နှင့် ဦးထိပ်ပန်ဆင် ထားပါမယ်။ ရည်ရွယ်ချက်က ဒီစာလေးကို ဖတ်မိသူတိုင်း ကျွန်တော့်ဖြစ်စဉ်လေးနဲ့ နှိုင်းယှဉ်ကာ အသိတရားနဲ့ ပြင်ဆင်နိုင်ရန် အတွက်ပါပဲ။ စာဖတ်သော ပရိတ်သတ်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း များနှင့် ပြည့်ဝကြပါစေ။

 
RSS FeedRSS Subscription!
Follow me!Follow me!