ဝါဆို၊ ၀ါခေါင်မှာ မိုးတွေ အရမ်းရွာတော့
မြစ်ချောင်း၊ အင်းအိုင် ပင်လယ်၊ သမုဒ္ဒရာတွေအပြင် မြေကြီးမှာ ရွှေသီးပြီးစိုက်ပျိုးရေးကို
အားထည့်ကြတော့ ကောက်သိမ်းချိန်မှာ အထွက်နှုန်းကောင်းလို့ တို့ပြည်သူတွေ ပျော်ကြမြူးကြ
ဝမ်းသာစရာပေါ့။ ငွေကိုမလို ရေကိုသာ လိုသည်ဟု တဖွဖွနှင့်ပြောနေတတ်သော မိုးခေါင်ရေရှား
အပူပိုင်းက ပြည်သူများအတွက် အဆင်ပြေပေမယ့်၊ အောက်ပြည်အောက်ရွာ တို့ရွာသားတွေအတွက်တော့
မြစ်ရေမလျှံအောင် အသီးအနှံခင်းတွေ ရေဖုံးမလွှမ်းအောင် လုပ်ကြရပြန်တယ်။ ဒါပေမယ့်လည်း
ဒီမိုးရွာမှသာလျှင် တခြားနိုင်ငံကလူတွေကို တိုက်ရိုက်မဆိုလိုပေမယ့် မြန်မာနိုင်ငံမှ
ပြည်သူတွေအတွက်တော့ အိုကေမှာ စိုပြေကြရတာမဟုတ်လား။ တစ်နှစ်မှာတစ်ရာသီ ကြုံရစမြဲဖြစ်တာမို့
ပျောက်ကွယ်သွားဖို့ မဖြစ်နိုင်သလို၊ ပုံမှန်လေးရွာသွန်းစေချင်တဲ့ စိတ်လေးတွေကလည်း ကိန်းအောင်နေတတ်ကြပါတယ်။
နာဂစ်တို့ စူနာမီတို့လောက် မဖြစ်စေဖို့လည်း ကျွန်တော်တို့တွေ ဆုတောင်းကြရပြန်ပါတယ်။
ငယ်ငယ်က…..
မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့ဆို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ်လို့
မောင်နှမတွေ ၀ိုင်းဖွဲ့ကာ သီဆိုခဲ့ဖူးတယ်။
ဒီသီချင်းလေးတွေကိုလည်း မမေ့နိုင်၊
မိုးရွာရင်ပျော်တတ်ကြတဲ့ ကျွန်တော်တို့ လူမျိုးကိုလည်း တွေးကြည့်တယ်။ ဒီလိုနဲ့ပဲ ကျောင်းနေဘ၀ကနေတဆင့်
အလုပ်တွေကိုယ်ဆီလုပ်လို့ သူငယ်ချင်းတွေနဲ့ ခွဲကာ ကိုယ့်အသက်မွေးဝမ်းကျောင်းကို ကိုယ်တိုင်တာဝန်ယူ
ဖြေရှင်းကြရပါတော့တယ်။ စစ်တပ်ကိုအားကျပြီး ၀င်လာခဲ့တဲ့ ကျွန်တော်တို့တပ်မတော်သားတွေမှာတော့
ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင် ကြရပါတယ်။ ဒီတာဝန်တွေကို ကျွန်တော်တို့ကိုယ်တိုင်
ထမ်းဆောင်ချင်လို့ ၀င်လာကြတာဆိုတော့ အလုပ်ကိုလည်း တန်ဖိုးထားကြရတာပေါ့။ ဘယ်အလုပ်မဆို
အားစိုက်မှု့ရှိရသလို ပင်ပန်းမှု့ဆိုတာလည်း အထိုက်အလျှောက် ရှိကြပါတယ်။
“အနာခံမှ အသာစံရမယ် ဆိုတဲ့
စကားလည်းရှိပါတယ်။ ဒါကြောင့် အနာခံကြမယ် အသာစံဖို့ကိုတော့ ကျွန်တော်တို့ ခေါင်းထဲအရိုးစွဲစွာ
ရှိမနေတတ်ကြပါဘူး…” ကြီးပွားချင်ရင်
အပြင်မှာအလုပ်လုပ် စီးပွားရေးသမားလုပ် ဒါမှမဟုတ် ဓါးပြတိုက်စားကြမှာပေါ့။ မတရားရှာလို့ရတဲ့ငွေတွေသည်
ခဏတာနဲ့ပျောက်ကွယ်တတ်ကြသလို ရန်သူမျိုးငါးပါးထဲက တစ်မျိုးမျိုးကလည်း ဒုက္ခပေးတတ်ကြတာကို
ဗုဒ္ဓဘာသာပီပီ သိပြီးသားပါ။ ဒီပစ္စည်းတွေဟာ မမြဲသောသဘောတရားတွေနဲ့ ပျက်ဆီး ပျောက်ဆုံးသွားနိုင်တယ်။
ကျွန်တော်တို့ တပ်မတော်သားတွေမှာတော့ ငွေကြေးချမ်းသာမှုမရှိပေမယ့် သိက္ခာတရားနဲ့ ဂုဏ်ဆိုတာတော့
ရှိနေစမြဲမို့ နေရင်လည်းတန်တယ် သေရင်လည်းတန်နေပါတော့တယ်…။ တကယ်တော့ ဘယ်အလုပ်ကိုမဆို
ကြိုးစားလုပ်ဆောင်ရန်သာ အရေးအကြီးဆုံးပါ…။ ဘယ်အရာမှ မလွယ်ဘူးလို့ ခေါင်းထဲမှာ ထည့်ထားရမယ်။
တောတောင်အလီလီထပ်လို့ ကျောပေါအိတ်ကိုလွယ်ကာ
တိုင်းပြည်ကိုကာကွယ်နေရတဲ့ စစ်သားတစ်ယောက်ရဲ့ ဘ၀မှာတော့ အေးချမ်းမှု၊ ငြိမ်းချမ်းမှုကို
လိုချင်ကြတာပေါ့။ နွေ၊ မိုး၊ ဆောင်း သုံးရာသီထဲ ရှိပေမယ့် ကျွန်တော်တို့ စစ်သားတွေအတွက်
ဘယ်ရာသီမှ ချောင်တယ်လို့မရှိပါဘူး…။ နွေဆိုတော့လည်း ပူလိုက်တာ နေစရာတောင်မရှိဘူး…။
“ဆယ်တန်းအထိ အိမ်မှာနေခဲ့စဉ်က အမေက နေပူရင်အပြင်မထွက်ရဘူးတဲ့။
ဒါဟာ မှတ်သားလောက်တဲ့ စကားပါ။ ဒါပေမယ့် သားတို့စစ်သားဘ၀နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ စကားမဟုတ်တာတော့
သေချာတယ်အမေ…” ကတ္တရားလမ်းက အပူရှိန်တွေတက်ပြီး အငွေ့တွေပျံနေတဲ့အချိန်မှာ ကျွန်တော်တို့
စစ်သားတွေ ဘာလုပ်နေကြသလဲ… ကျောပိုးအိတ်ကိုလွယ်… သေနတ်ကိုထမ်းပြီး ကိုယ့်တိုင်းပြည်ကြီးအတွက်
ကာကွယ်နေရတယ်လေ…။ နိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ ပြည်သူလူထုတွေ ငြိမ်းချမ်းစွာနေနိုင်ဖို့အရေး
တို့တွေထမ်းထားရတဲ့ တာဝန်ကလဲ မသေးပါလား…။
မိုးရွာရင်ပျော်ပြီး မိုးရေထဲမှာ ကစားနေတဲ့ကလေးတွေက
အများဆုံးတစ်နာရီထဲပါ… တစ်နေကုန်မိုးရွာထဲမှာ အ၀တ်တွေစိုရွဲနေအောင် လျှောက်ခဲ့ရတာ နာရီပေါင်းတော်တော်များခဲ့ပါပြီး…။
ပျော်နေတာလားလို့ ဘယ်သူများမေးခဲ့ကြဖူးသလဲ…? “မေးမယ့်လူမရှိပေမယ့်
ရေတွက်လို့မရနိုင်တဲ့ မိုင်တိုင်တွေကတော့ တော်တော်လေးများခဲ့ပါပြီး…” ရေစိုဝတ်နဲ့
လျှောက်လည်တာ မြန်မာ့ရိုးရာသင်္ကြန် တစ်ခုထဲရှိတယ်ထင်ခဲ့တာ… ကျွန်တော်တို့ စစ်သားတွေကလည်း
မိုးတွင်းမှာ ရေစိုဝတ်နဲ့တစ်နေကုန် လျှောက်သွားနေရတာ ပြန်စဉ်းစားမိမှ…. သြော်…ကိုယ့်ဘ၀ကို
ကိုယ်သိလာရသလို… တန်ဖိုးလည်း ထားတတ်လာတယ်။ ယနေ့ခေတ်မှာ အဆုတ်ထဲရေ၀င်တယ် အအေးပတ်တယ်
အပူရှပ်တယ်ဆိုတာ ငါတို့လို တပ်မတော်သားတွေအတွက် မရည်ရွယ်ထားပါလား။ မဖြစ်နိုင်တဲ့ ရောဂါတွေလို့တောင်
သတ်မှတ်ရမလိုပါပဲ…။ လူချင်းတူတယ် နေရာချင်းမတူဘူးဆိုတာ ဒါများဖြစ်မလား… “ဒုတ်ပြီး၊ ဓါးပြီး၊ သေနတ်ပြီးလို့တော့ ကြားဖူးတယ်… ဘာမှမပြီးချင်ပါဘူး…
တိုင်းရင်းသားတွေအကုန်ပါဝင်တဲ့ ငြိမ်းချမ်းရေးတံတားကြီးတစ်စင်းပဲ အမြန်ပြီးချင်ခဲ့တာပါ”
ဆန္ဒတွေမပြည့်သေးခင် အခက်အခဲရှိတာကိုလည်း အားငယ်စိတ်
မမွေးမိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတပါးမလုပ်နိုင်တာကို ငါတို့လုပ်နိုင်ခဲ့ကြလို့ပါပဲ။
လူသူအရောက်နဲပါးတဲ့ တောတောင်အတွင်းမှာ မိုးရွာထဲသွားထားလို့ စိုနေတဲ့အ၀တ်တွေ မခြောက်ရင်နေပါ။
ဆာလာတဲ့ဗိုက်ကို ဘယ်လိုဖြည့်တင်းမလဲဆိုတာ ပြဿနာဖြစ်လာတယ်လေ။ ထမင်းချက်ဖို့ ထင်းတွေရေစိုနေသရွေ့
ဒီနေ့ထမင်းစာရဖို့ လမ်းမမြင်သလောက် ဖြစ်ခဲ့ရပါတယ်။ တကယ်တော့ လူ့အခွင့်အရေး ဆုံးရှုံးတယ်ဆိုတာ
ငါတို့တပ်မတော်သားတွေကို ဘယ်သူများမှီနိုင်မလဲကွာ….လို့ဆိုပြီး ပေါက်ကွဲပစ်လိုက်ချင်ပါရဲ့…။
ထမင်းချက်တဲ့ရဲဘော်အတွက် မီးခိုးကြောင့်
မျက်ရည်ကျသည်ဟု ထင်သယောင်ယောင် ငိုကြွေးသဏ္ဍာန်တူပါသည်။ တိတ်တခိုးပါပဲ အရိပ်အမျိုးမျိုးတွေကိုရှာလို့
သောက်စရာ ရေအိုင်လေးများတွေ့ရင် အတိုင်းမသိပျော်ရပေမယ့် ယုတ်မာရက်စက်သော ရန်သူတို့၏
မိုင်းတွေကြောင့်လည်း ရေမရခင် သွေးများလည်း ရခဲ့ကြသေးသည်။ အရှင်လတ်လတ်ကြီး ကိုယ့်အရှေ့မှာ
ပေါင်ပြတ်၊ ဒူးပြတ် လက်ပြတ်၊ ခြေပြတ် ဆက်ငင်ဆက်ငင် ဤမြင်ကွင်းကို မကြည့်ရက်။ ၀မ်းနည်းကြေကွဲ
အဖြေရှာလို့ မိသားစုကို ပြေးမြင်မိ၏။ တောထဲတောင်ထဲ ဆေးရုံ၊ ဆေးခန်းအဘယ်မှာလဲ ၂၄ နာရီဖွင့်ပေးနေတာက
သေမင်းပဲရှိတာပါ။ သွေးထွက်လွန်မှာဆိုး၍ ဖြတ်သင့်ရင်ဖြတ်၊ ပတ်သင့်ပတ်(ဆေးပတ်တီးဖြင့်)၊
ပြီးတာနဲ့ ရဲဘော်ရဲဘက်ပီပီ ၀ါးကိုခုတ်၊ စောင်ကြားကိုထုတ် ပုခက်လုပ်ထမ်းပိုးပြီး လုံခြုံမှုနှင့်ဆေးကုသမှု
အနည်းငယ်ရနိုင်မည့် နေရာတွင် ထားခဲ့ရပြန်သည်။ မိမိသည်ကာ မနားရပါ… မချိပြုံးနှင့်ပြုံးပြ၍
ပြန်လည်ထွက်ခွာ ရှေ့တန်းတာဝန် ထမ်းရပြန်သည်။
နိုင်ငံတစ်ခုမှာ ကျောင်းနေအရွယ်ကလေးတွေ
ကျောင်းနေနိုင်ရေး၊ လယ်သမားတွေ လယ်စိုက်နိုင်ရေး၊ စီးပွားရေးသမားတွေ လွယ်ကူစွာကုန်ကူးနိုင်ရေးတွေကအစ
အခြေခံပြည်သူလူထုတွေ စားဝတ်နေရေး ပြေလည်စေဖို့အတွက် တိုင်းပြည်အေးချမ်းနေဖို့ လိုအပ်တယ်လေ…။
ငါတို့တပ်မတော်သားတွေ တောတောင်တွေထဲမှာ ဘယ်လောက်ဆင်းရဲဒုက္ခ ရောက်နေပါစေ… ပြည်သူပြည်သားတွေ
ပျော်ရွှင်နေမယ်ဆိုရင်လေ ဘ၀ကြီးတစ်ခုလုံးကို ရင်းပြီးတော့ နေပစ်လိုက်ချင်တယ်။ “သနားစရာကောင်းတာက နွေးထွေးမှု့အပြည့်အ၀ မပေးနိုင်တဲ့ ကိုယ့်မိသားစုအကြောင်း
ပြန်တွေးမိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။ မိသားစုအရေးထက်စာရင် တစ်ပြည်လုံးရဲ့အရေးက
ပိုအရေးကြီးတယ်ဆိုတဲ့ တာဝန်တွေနဲ့ပဲ စစ်တပ်ထဲမှာ အသက် (၆၀)ထိ ထမ်းဆောင်ရင်းနဲ့ နေသွားတဲ့
တပ်မတော်သားတွေက စံပြဖြစ်နေစမြဲပါပဲလေ…..” အသက်ပေးသွားခဲ့တဲ့ ရဲဘော်ရဲဘက်တွေကိုတော့
အမြဲတမ်းလေးစားလျှက်ပါ….။ တိုင်းပြည်အတွက် တာဝန်ကျေပွန်ပြီး မိဘအတွက်၊ မိသားစုအတွက်
တာဝန်မကျေနိုင်ခဲ့တဲ့ တပ်မတော်သားတွေကို ကိုယ်ချင်းစာကြည့်ပေးနိုင်ကြပါစေ…။
ဒီတာဝန်တွေကို ဘယ်သူမှပေးခဲ့တာ မဟုတ်ပါဘူး…
ကျွန်တော်တို့ ကိုယ်တိုင်ယူခဲ့ကြတာပါ။ “ကျွန်တော်တို့တပ်မတော်ကိုက
မျိုးချစ်တပ်မတော် ဖြစ်နေတာပါ။ တခြားနိုင်ငံက တပ်မတော်တွေလို ကြေးစားတပ်မတော် အမြဲတမ်းတပ်မတော်ဆိုပြီး
မဟုတ်ပါဘူး။ အမျိုးကိုချစ်လို့ အမျိုးကိုကာကွယ် ရမှာမဟုတ်လား…” ဒါတွေက ဂုဏ်ယူစရာတွေ
ဖြစ်လာပါတယ်။ ယနေ့ခေတ်မှာ အရည်အချင်းပြည့်ဝသည့် တပ်မတော်၊ စံနမူနာပြတပ်မတော်ဖြစ်အောင်
တည်ဆောက်လျှက်ရှိရာ နေရေးထိုင်ရေး စားဝတ်နေရေး အသုံးအဆောင်တွေကစလို့ ပညာရေးနှင့်လူနေမှု
အဆင့်အတန်းတွေကိုပါ မြှင့်တင်ပေးလျှက်ရှိပါတယ်။ လစာစရိတ် အကျိုးခံစားခွင့်နှင့်အတူ
ဆေးဝါးကုသမှုရှိပြီး။ လူတော်တော်များများ ဇဝေဇ၀ါဖြစ်နေသည်မှာ တပ်မတော်သားတစ်ယောက်၏ မိဘသည်ကျန်းမာရေးတစ်ခုခုဖြစ်လျှင်
တပ်မတော်စစ်ဆေးရုံတွင် အခမဲ့ကုသပိုင်ခွင့် ရှိပါသည်။ ၎င်းအချက်ကို လူတိုင်းမသိ၍ မေးနေကြသည်ကို ယခုရှင်းပြလိုက်ပါသည်။ သို့ပင်သော်လည်း ယနေ့ခေတ်
တပ်မတော်သားတစ်ယောက်ဖြစ်ရန် အလွယ်တကူ မဖြစ်နိုင်တော့ချေ။ စစ်ဆေးမှုတွေ၊ ဆေးစစ်မှုတွေ၊
ကြံခိုင်မှုတွေကအစ မိဘသဘောတူညီချက်တွေ (လက်ပွေ/လက်မှတ်/လူကိုယ်တိုင်) ထိတိုင် လိုအပ်ချက်တွေ
All Clear ဖြစ်မှလက်ခံသည့် ခေတ်ရောက်လာခဲ့ပြီး။ အတင်းအဓမ္မစေခိုင်းမှု မဖြစ်အောင်
ILO နဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်နေကြပြီး ဖြစ်ပါသည်။ “နောက်ပိုင်းတွင်
ILO အဖွဲ့အစည်းများကို (အလုပ်ခန့်ထားရေးနှင့် တပ်သားစုဆောင်းရေး) ဘုတ်အဖွဲ့ဝင်အဖြစ်
ထားရှိပေးရမည်ဟု အကြံပြုလာချင်သည်” ဒါဆိုရင် အရည်အချင်းလည်းပြည့်မည်… ပြဿနာတစ်စုံတစ်ရာလည်း
ပေါ်ပေါက်မှု မဖြစ်တော့ဘူးပေါ့။ အဲဒါကြောင့်လေ ကျွန်တော်ပြောချင်တာက ခေတ်တွေပြောင်းလာတာနှင့်အမျှ
လူတွေလည်းပြောင်းလာခဲ့ပြီး၊ မူတွေလည်းပြောင်းလာခဲ့ပြီး အခုတော့လေ စနစ်တွေပြောင်းပြီး
တိုင်းပြည်ကို ကာကွယ်ချင်တဲ့ လူငယ်လူရွယ်များ (အသက်(၁၈)နှစ်မှ(၂၅)နှစ်အတွင်း) စစ်မှုထမ်းဆောင်နေကြပြီးဖြစ်ရာ
တစ်နေ့တစ်နေ့ မိမိသဘောဆန္ဒဖြင့် ၀င်ရောက်သူပေါင်း (၁၀၀) ကျော်ထိ ရှိနေသည်ကို မြန်မာနိုင်ငံရှိ
စစ်သားစုဆောင်းရေးတပ် အနီးတ၀ိုက်တွင် စုံစမ်းသိရှိနိုင်ပါသည်။ ဟိုတစ်နေ့က သတင်းမှာ ကျိုင်းတုံတပ်နယ် ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတွင် မိမိတို့တပ်မတော်သည် အရည်အချင်းမှ အရေအတွက်၊ အရေအတွက်မှ
အရည်အချင်းသို့ ဖော်ဆောင်သွားကြမယ်လို့လည်း ပြောထားပါတယ်။ ယောင်္ကျားတစ်ယောက်ရဲ့ဘ၀မှာ
စစ်သားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူရမည့် အချိန်အခါဖြစ်နေပါပြီး။
သို့ပါသောကြောင့် နေပူပူမှာ ဘယ်အရာကိုမှ
မမက်နိုင်ရှာတဲ့ လူလူချင်းအတူတူ ဒီတော၊ ဒီတောင်၊ ဒီရေ၊ ဒီမြေပေါ်မှာ ဒီရာသီဥတုဒဏ်တွေနဲ့
ဘယ်ဒုက္ခခံချင်ကြမှာလဲ…။ မေတ္တာဖြင့်ခြုံအကုန်လုံဆိုသလို နိုင်ငံအတွက် ကိုယ်ကျိုးစွန့်သင့်ရင် စွန့်ကြရပေမည်။ ထို့ကြောင့် မိဘဆိုတာက မိသားစုအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်လို့ပြောရင် မယုံနိုင်စရာမရှိသလို
တပ်မတော်သည်လည်း နိုင်ငံတော် တည်တံ့ခိုင်မြဲရေး အတွက်ဆို တာဝန်အရှိဆုံး အဖွဲ့အစည်းတစ်ခုပါ။
ဒီအဖွဲ့အစည်းကြီးထဲမှာ တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများသည် မိမိအသက်ထက် တိုင်းပြည်အသက်
(ပြည်သူလူထုအားလုံး၏အသက်)ကို ပိုတန်ဖိုးထားကြ၍ နွေ၊မိုး၊ဆောင်းရယ်မရှိ သေခြင်းတရားသာ ရှိသည်ဟု
ခံယူကာ ဘ၀တွေကိုပေးဆပ်ရင်းနဲ့ တာဝန်ထမ်းဆောင်နေကြပါတော့သည်။
(လေးစားစွာဖြင့်)
NPNG(myanmarp)
0 comment:
သင့်အကြံပြုချက်တွေကို လေးစားစွာ ဖတ်ရှုပေးပါမည်။ ကျေးဇူးတင်ပါသည်။