Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Tuesday, October 26, 2010

ကျွန်တော်တို့ မြန်မာတွေကိုက ညံ့ပါတယ်လို့ မပြောမိပါစေနဲ့

“ကျွန်တော်တို့မြန်မာတွေကိုကညံ့ပါတယ်”

လူငယ်တွေနဲ့ စကားပြောပြော၊ လူကြီးတွေနဲ့တွေ့တွေ့ ဒီစကားကို အလွယ်တကူ ပြောတက် ကြတာ သတိထားမိပါတယ်။ ကမ္ဘာကြီးတစ်ခုလုံး အရှိန်အဟုန်ပြင်းစွာ တိုးတက်ပြောင်းလဲနေတဲ့ အကြောင်းတွေ ပြောလည်း နောက်ဆုံးကောက်ချက်က ဒီစကားပဲဖြစ်တယ်။ ဘောလုံးပွဲနဲ့အားကစား အကြောင်းပြောလည်း နောက်ဆုံးဒီစကားနဲ့ ပိတ်သွားတာပဲ။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း မြို့ပြသန့်ရှင်းရေးစတဲ့ သောင်းပြောင်း ထွေလာတွေ ပြောလည်း နောက်ဆုံးတော့ ဒီစကားနဲ့ပဲ အဆုံးသတ်သွားရ တာပဲဖြစ်တယ်။

ဒီစကားကြားတိုင်း ကျွဲမြီးတိုရတယ်။ ပြောလာတဲ့သူတိုင်း ကိုဘာကြောင့်ဒီလို ကောက်ချက်ချရတာလည်း လိုလည်းပြန်ပြီး မေးခွန်းထုတ်ဖြစ်တယ်။ ဒီတော့သူတို့က ဟိုကြည့်ပါလား၊ ဒီကြည့်ပါလား ဆိုပြီးလက်ညှိုးနဲ့ လျှောက်ထိုးပြတက်ကြတယ်။ ဟုတ်ကဲ့၊ ကောင်းပါတယ်။ ကမ္ဘာကြီးတစ်ခုလုံး ခြုံကြည့် လေ့လာတာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် ဟိုကြည့်ဒီကြည့်လုပ်ပြီးရင် ကိုယ့်ကိုယ်ကိုပြန်ကြည့်ဖို့ သတိမရတာတော့ မကောင်းဘူးလို့ ပြောလိုက်ဖြစ်တယ်။ ဟိုကဒီကလူတွေလုပ်သလို ကိုယ်ကရော လုပ်နေလို့လား၊ လုပ်ခဲ့လို့လား။ လုပ်ဖို့စိတ်ကူးရောရှိလို့လား ဆိုတာပြန်ပြီးသုံးသပ် ကြည့်ပါဦးလို့ လည်းပြောလေ့ရှိပါတယ်။

မြန်မာလူမျိုးတွေ ပျင်းတယ်၊ စည်းကမ်းမရှိဘူးဆိုတဲ့ စကားတွေ အရင်ဆုံးစပြောခဲ့တာက နယ်ပယ်ချဲ့ထွင်းရေး သမားတွေရဲ့ ကိုယ်စားလှယ် လက်ပါးစေတွေ ဖြစ်ကြပါတယ်။ သူတစ်ပါးနိုင်ငံကို ကျူးကျော်သိမ်းပိုက် ရခြင်းဟာ အမြတ်ထုတ်သွေးစုပ်ဖို့ မဟုတ်ပါဘူး။ သူတို့လူမျိုးတွေကို ကယ်တင်ဖို့ ဖြစ်ပါတယ်လို့ ဟစ်အော်ဖို့အတွက် မြန်မာတွေကိုချိုးနှိမ် အပြစ်ဖို့ခဲ့ကြတာသာ ဖြစ်ပါ တယ်။

နောက်တော့  မြန်မာတွေဖျင်းသေး၊ ညံ့သေးတယ်၊ ခေတ်ပညာတက်တွေ နည်းသေးတယ်၊ နိုင်ငံကိုအုပ်ချုပ်ဖို့ အရည်အချင်း မပြည့်ဝသေးဘူး။ ဒါကြောင့် လွတ်လပ်ရေးကို ချက်ချင်းပေးလို့ မဖြစ်သေးဘူး။ ဖြည်းဖြည်းချင်း (၉၁)ဌာနအုပ်ချုပ်ရေးတို့၊ ဒိုမီနီယံတို့၊ ဟုမ္မရူးတို့ဆိုတဲ့ အဆင့်တွေဖြတ်သန်းရဦးမယ် စတဲ့စတဲ့အကြောင်းပြ ချက်တွေနဲ့ ဆက်လက်ပြီး ကိုလိုနီလုပ်ထားချင်သေးတာပဲ မဟုတ်လား။

တိုးတက်လှပါတယ်ဆိုတဲ့ အနောက်နိုင်ငံကြီးတွေမှာ (၂၀) ရာစုဦးပိုင်းကာလထိ အမျိုးသမီးတွေ ပညာသင်ကြားခွင့် ရရေးအတွက် တောင်းဆိုတိုက်ပွဲ ၀င်ခဲ့ကြရတာတွေ ရှိနေသေးတာကို ပြန်ပြီးသတိရနေစေချင်တယ်။

အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ တက္ကသိုလ်ကြီးက ၁၉၂၀ခုနှစ်ကျမှ မိန်းကလေးများကို ဘွဲ့ပေးပါတယ်။ ကိန်းဘရစ်တက္ကသိုလ်ကြီးက ၁၉၂၃ ခုနစ်ကြမှ ဘွဲ့ပေးပါတယ်။ အရင်ကဘွဲ့မပေးပဲ ကျောင်းတက်ခွင့် ပြုထားရုံသာရှိပါတယ်။

မြန်မာနိုင်ငံမှာ မိန်းကလေးတွေဟာ ဟိုရှေးရှေးပဒေသရာဇ်ခေတ်တွေ ကတည်းက ယောက်ျားလေးတွေနဲ့အတူ ဘုန်းတော်ကြီးကျောင်းတွေမှာ စာသင်ကြားခွင့် ရခဲ့ကြပါတယ်။ သင်ပုန်းကြီးကုန်ရုံ အခြေခံပညာအဆင့်တော့ ကျေးလက်ဇနပုဒ်က မြန်မာမိန်းကလေး တိုင်းလောက်နီးပါး တက်မြောက်ခဲ့ကြပါတယ်။ ကိုလိုနီဘ၀ ကျရောက် နေချိန်မှာတောင် မြန်မာနိုင်ငံဟာ အာရှတိုက်တစ်ခုလုံးမှာ စာတတ်မြောက်မှု ရာနှုန်းအမြင့်ဆုံး နိုင်ငံဖြစ်ခဲ့တာပါ။

ပုဂံကဗိသုကာလက်ရာမှာ ဒီနေ့ခေတ်အထိ အံ့မခန်းဖွယ်ရာအဖြစ် ယူဆကြရတဲ့ အာနန္ဒာစေတီလို စေတီပုထိုးတွေ အများအပြား တည်ဆောက်နေချိန်မှာ ဒီနေ့ ကမ္ဘာထိပ်သီးအမေရိကန် နိုင်ငံကြီးဟာ ရွှံ့တော၊ ဗွက်တောနဲ့ လူသူမရှိတောကြီးမျက်မည်း အဖြစ်သာရှိနေပါသေးတယ်။

တချို့ဥရောပနိုင်ငံတွေဟာ ပင်လယ်ဓါးပြ လုပ်စားတဲ့အဆင့်မှာသာ ရှိနေပါသေးတယ်။ မဝေးလှသေးတဲ့ မင်းတုန်းမင်း တရားလက်ထက်တော် ကြီးမှာရေမြုပ်ဗုံးနဲ့ အမြောက်လက်နက်တွေ ထုတ်လုပ်တဲ့ စက်ရုံတွေကစပြီး ရက်ကန်းစက်ရုံ၊ ဒင်္ဂါးသွန်းစက်ရုံ ၊ ဖန်ချပ်စက်ရုံ၊နောက်ဆုံးပိတ် မဲနယ်စက်ရုံအထိ တည်ဆောက် ထုတ်လုပ်နိုင်ခဲ့တာကိုလည်း ဒီနေ့ ခေတ်နဲ့ နှိုင်းယှဉ်လေ့လာသင့် ကြပါတယ်။

ဒါတွေကိုထား မနေ့တနေ့က အခြေအနေကိုပဲ ကြည့်ပါအုံး။ နိုင်ငံရေး၊ စီးပွားရေးတွေကို မပြောပါဘူး။ လူတိုင်းစိတ်ဝင်စားတဲ့ အားကစားဘက်ကိုပဲ ကြည့်ကြပါစို့။ တာဝေးပြေးမာရသွန်မှာ အရှေ့တောင်အာရှ ဒေသတွင်းလောက်တော့ မြန်မာကိုဘယ်သူက မော်ကြည့်နိုင်ခဲ့လို့လဲ။ ဆယ်စုနှစ် ၂-ခုကျော်၊ ၃-ခုလောက် မြန်မာတွေကချည်း စိုးမိုးထားခဲ့တာမဟုတ်လား။ မီတုံးနော်က ဆယ်နှစ်ဆယ်မိုး ရှင်ဗွေဂန်းက ဆယ် နှစ်ဆယ်မိုး နောက်ပြီးတော့ လှသိန်းကလဲ သူတို့နီးပါးပွဲတိုင်း ဗိုလ်ဖြစ်ခဲ့တာချည်း ပါပဲ။

အမျိုးသမီး လှံတံပစ်၊ သံလုံးပစ်၊ သံပြားပစ်ဆိုတာမှာလဲ ဆယ်စုနှစ် ၂ခုလောက်ထိ မခင်ထွေးတို့၊ မခင်ဌေးတို့၊ ဂျနီဖာတင်လေးတို့က လွှမ်းမိုးထားနိုင်ခဲ့တာပဲ။ ပြီးတော့ လက်ဝှေ့ ကျားဘညိမ်း၊ မဂျစ်၊ တီအောင်နောက်တော့ စံလှ၊ ရဲချစ်၊ ရဲဆွေ၊ လှရွှေ၊ သိန်းမြင့်၊ တင်ထွန်း စသူတို့က အရှေ့တောင်အာရှဘုရင်တွေပဲ အလေးမ ထွန်းမောင်၊ ထွန်းကြွယ်၊ ရေကူး တင်မောင်နီ၊ တာတိုပြေးဘုရင်မ ဂရေစီကား။ နောက်တော့ ဘောလီဘော၊ ဘောလုံး အရှေ့တောင်အာရှမှာတော့ ဘယ်ဘက်ကစမ်းစမ်း မြန်မာက ဗိုလ်တကာ ဘုရင်ပါ။ အဲဒီခေတ်က ယိုးဒယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ဆိုတာက စီးပွားရေးအရလည်း အင်မတန် ဆင်းရဲမွဲတေနေသေးတဲ့ အချိန်ကာလ ။

စင်ကာပူနိုင်ငံ အဖြစ်တောင်မရောက်သေးပါဘူး။ ဂျပန်တို့ ဘာတို့ဆိုတာက ၁၉၄၀၊ ၁၉၅၀၊၁၉၆၀ ကာလတွေတုန်းက ဘောလုံးဆိုတာ ဘယ်လိုကန်ရမှန်းတောင် သိသေးတာမဟုတ်ဘူး။ သူတို့က အမေရိကန်တွေ အတိုင်းဘေ့စ်ဘောစိတ်ဝင် စားကြတာ။ မြန်မာတွေ ညံ့တယ်ပြောမယ်ကြံတိုင်း ခုပြောခဲ့တဲ့မြန်မာတွေ အကြောင်း ပြန်စဉ်းစားစေချင်ပါတယ်။ လူမျိုးတစ်မျိုးအနေနဲ့ မြန်မာတွေဟာ အရည်အသွေး၊ အစွမ်းအစ ဘယ်ဘက်ကမှ မညံ့ပါဘူး။ ဘယ်သူ့အောက်မှ မနိမ့်ကျပါဘူး။ ခုခေတ်ပြောလေ့ရှိတဲ့ အိုင်ကျူ ဆိုတာနဲ့ပြောလည်း အာရှတိုက်မှာလအမြင့်ဆုံးထဲမှာ ပါတယ်လို့ပြောရဲတယ်။

မြန်မာတွေရဲ့ အရည်အသွေးအစွမ်းအစ မညံ့ကြောင်း အနောက်နိုင်ငံက မြန်မာ့အရေးလေ့လာသူ ပညာရှင်တွေ၊ သတင်းစာ ဆရာတွေ၊ စာရေးဆရာတွေလည်း သိကြပါတယ်။ မြန်မာလူမျိုးများရဲ့ နိုင်ငံရေးအသိ၊ နိုင်ငံရေးနိုးကြားမှု၊ နိုင်ငံတကာ ဗဟုသုတကြွယ်ဝမှုကို အဆိုပါ ပညာရှင်တွေအားလုံး အသိအမှတ် ပြုကြပါတယ်။ သူတို့နိုင်ငံက လူတွေထက်သာပါတယ်လို့တောင် ထုတ်ပြောကြပါတယ်။ မြန်မာလူမျိုး တစ်ယောက်ဟာ အမေရိကန်နိုင်ငံအကြောင်း လဲသိတယ်။ အီရတ်ကိစ္စလည်းသိတယ်။ ဘော့စနီးယား၊ ဆားဘီးယားတို့ အကြောင်းလည်း သိတယ်။ တောင်အာဖရိက အကြောင်းလည်းသိတယ်။ လူလတ်တန်းစား အမေရိကန်တွေကို မေးကြည့်ရင်တောင် ဒီလိုနိုင်ငံတွေအကြောင်း မြန်မာတွေလောက် မသိကြပါဘူးလို့ ရိုးရိုးသားသား ပြောကြပါတယ်။

အတွေ့အထိများတဲ့ သတင်းစာဆရာ၊ စာရေးဆရာတွေနဲ့ တွေ့တိုင်းမြန်မာ့ သတင်းစာသမားများဟာ တချို့နေရာများမှာ အထူးသဖြင့် နိုင်ငံရေး၊ ကမ္ဘာ့အရေး၊ လေ့လာသုံးသပ်ရာမှာ ရေးသားတင်ဆက်မှု အတတ်ပညာပိုင်းမှာ သူတို့ဆီကလူတွေထက် အများကြီးသာတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာလူမျိုးတွေလို ကျွန်ဘ၀၊ နယ်ချဲ့လက်အောက်ခံဘ၀၊ ဖက်ဆစ်လက်အောက်ခံဘ၀ စတာတွေကို သူတို့မကြုံတွေ့ခဲ့ဖူးဘူး။ ပြီးတော့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေ မ၀င်ခဲ့ဖူးဘူးလို့ ရှင်းပြတော့ ကန့်ကွက်သူမရှိ သဘောတူ လက်ခံကြပါတယ်။ ဟုတ်ပါတယ်။ မြန်မာလူမျိုးတွေဟာ စိတ်ယဉ်ကျေးမှုအဆင့်မြင့်ရုံ သာမက သတ္တိလဲ ပြောင်ကြပါတယ်လို့တောင် ထပ်ဆင့်ပြောကြပါတယ်။

နိုင်ငံခြားသားတွေကတောင် မြန်မာလူမျိုးများရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဥာဏ်စွမ်း ဥာဏ်စ၊ နိုင်ငံရေးဗဟုသုတ ပြည့်ဝမှုနဲ့ သတ္တိပြောင်မှုများကို ထောမနာပြုနေကြရတာတောင်မှ ဘာဖြစ်လို့များ တချို့မြန်မာတွေက “မြန်မာတွေကညံ့ပါတယ်” လို့ ပြောနေကြတာပါလိမ့်လို့ တွေးလို့မရ စဉ်းစားလို့မရ ဖြစ်ရပါတယ်။ ပြီးတော့ ဒေါသဖြစ်ရတယ်။

ကျွန်တော်ညံ့တယ်၊ ခင်ဗျာညံ့တယ်၊ သူညံ့တယ်လို့ ပြောချင်ပြောပါ။ လက်ခံပါတယ်။ ကိုယ်ညံ့တာလည်း ကျွန်တော်ဒီနေရာက ၀န်ခံပါတယ်။ ကိုယ်ကြောက်တာလည်း ဒီနေရာက ကျွန်တော်ဝန်ခံပါတယ်။ “မြန်မာတွေက ညံ့ပါတယ် ”လို့ သိမ်းကြုံးပြောရင်တော့ အားကြီးစိတ်ဆိုးပါတယ်။ လူထုစိန်ဝင်း၏‌ "လမ်းဖောက်သူဖြစ်ပါစေ " ဆောင်းပါး‌ပေါင်းချုပ်မှ ကူးယူတင်ပြအပ်ပါသည်၊၊

မျိုးချစ်စိတ်ဓာတ် တက်ကြွစေတဲ့အထဲမှာ ဒီစာကို ဖတ်ရတာအတန်ဆုံးပါပဲ။ ထို့ကြောင့် စာရေးသူနှင့်တကွ ဤစာကို တင်ထားသော ဒီ www.mysing.ning.com မှတင်ပေးသူကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာ စိတ်ဓာတ်ကို ကမ္ဘာကသိပါတယ်။ ဒီစာလေးဖတ်ပြီးရင်တော့ မြန်မာတွေ ညံတယ်လို့ နောက်ထပ် မသုံးနှုန်းကြပါနဲ့တော့လို့ ကျွန်တော် NPNG(MyanmarP) မှထပ်ဆင့် တောင်းဆိုပါရစေ… အားလုံးကို ကျေးဇူးတင်ပါတယ်။

NPNGMP

0 comment:

Comment here

သင့်အကြံပြုချက်တွေကို လေးစားစွာ ဖတ်ရှုပေးပါမည်။ ကျေးဇူးတင်ပါသည်။

 
RSS FeedRSS Subscription!
Follow me!Follow me!