Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Wednesday, October 27, 2010

ကိုယ့်အတွေး နဲ့ အားလုံးကောင်းစေဖို့

ဘယ်နေရာဘယ်ဒေသမှာ ငါတို့ခန္ဓာတွေ ထားခဲ့ရမယ်ဆိုတာ မသေချာသော အသိတွေနှင့်သာ အဆုံးသတ်မယ့် လူတွေထဲမှာ ဘာမှမသိသေးတဲ့ မိမိကိုယ်တိုင် ပါဝင်နေပါတယ်။ ကျွန်တော် လူတစ်ယောက်ကို မေးဖူးပါတယ်။ သူက မင်းထွက်သွားပြီးတဲ့နောက် မင်းရဲ့သတင်းတွေ ဘယ်လောက်ထိ ကျန်နေမှာလဲ… ဘယ်သူက စိတ်ဝင်တစား ရှိနေအုံးမှာလဲ။ မင်းကိုစွဲလမ်းနေဖို့ မလိုဘူး။ တကယ်တော့ မင်းကိုအကြောင်းပြုပြီး ကျန်ရစ်သူတွေက ကုသိုလ်ယူကြရမှာ။ အခုဖြစ်နေတာက ငါတို့ပတ်ဝန်းကျင်မှာ သေသောသူအတွက် ကောင်းမှုရအောင် လုပ်ပေးတာတဲ့။ ကိုယ့်အတွက် ကိုယ်လုပ်နေတာကို မသိကြပဲ။ အဓိပ္ပာယ်လွဲမှားနေကြတယ်။ သေသောသူကို ဘာပေးပေး ဘာမှမရတာတော့ အသေချာပဲ။ နောက်ပြီး လူတိုင်းဟာ ပတ်ဝန်းကျင်အသစ်ကိုသာ ခုံမင်ကြတယ်။ လူတိုင်းမှာ ပုံမှန်ဆိုတာ မရှိဘူး။ ဆင်းရဲရင်ချမ်းသာအောင် ချမ်းသာရင် ဒီထက် ပိုချမ်းသာအောင် ကြိုးစားကြမှာပဲ။ မင်းကိုသတိရတယ်ဆိုတာ အချိန်ဘယ်လောက်ရှိမှာလဲ။ ဖြစ်မလာနိုင်တော့တဲ့ အရာတွေအတွက် သတိမရတာကို ငါတော့ပိုကြိုက်တယ်လို့ သူကပြောတယ်။ လူတွေဟာ နတ်ပြည်ရောက်ဖို့ထက် နေခဲ့တဲ့လောကမှာ သမိုင်းကျန်ဖို့ကို ပိုအလေးထားနေကြတယ်။ အဲဒါကိုကျွန်တော် စဉ်းစားကြည့်တော့ ဟုတ်တယ်ဗျ။ ဘယ်လောက်ပဲ အစွဲတွေ ကျွတ်တယ်ပြောပြော သေသွားခဲ့ရင် နာမည်ကောင်းလေးတော့ ကျန်ခဲ့ချင်တာပဲ။ ကိုယ့်ကိုမေ့သွားမှာကို ကြောက်နေကြတယ်။ ဒါကဖြစ်နေကြတာကို ပြောပြတာပါ။ ကျွန်တော်လည်း ဒီလိုပါပဲ။ ဒါပေမယ့် သေပြီးဆိုမှတော့ ဘာကိုသိအုံးမှာလဲ သိတော့ရော ဒီပတ်ဝန်းကျင်နှင့် ဘာဆိုင်တော့မှာလဲ… လူတွေယုံကြည်နေကြတဲ့ အမျိုးထဲမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ပြန်ဝင်စားတာကရော ဘာထူးစမ်းလို့လဲ။ သိသင့်တာက ကိုယ်မဟုတ်တော့ဘူးလေ… ရုပ်နာမ်အသစ် တစ်ခုဖြစ်သွားပြီး။

တကယ်တော့ နာမည်ကောင်း ကျန်ခဲ့ခြင်းက ကောင်းပါတယ်။ တစ်ချိန်က စာရေးသူသည် ဘယ်အရာကိုမှ မကြောက်ခဲ့ဘူး။ ထစ်ခနဲဖြစ် ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ်ဆိုတဲ့ စိတ်မျိုးတွေနဲ့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီး ထင်နေခဲ့တယ်။ ဘ၀ကသံကြိုးရိုက် မှတ်သားပေးလိုက်တဲ့ အတိုင်းအရောင်မဆိုး မပြုပြင်ပဲ ဆက်တိုက် မိုက်နေအုံးမယ်ဆိုရင် နောက်တစ်ဘ၀မှာ ဒီထက်ပိုဆိုးသွားမှာကို နားလည်လာခဲ့တယ်။ ကျွန်တော်တို့တွေဟာ တော်တော်များများ သိနေကြပါတယ်။ ဒါပေမယ့် သိတာကိုသိတဲ့အတိုင်းပဲ ထားတတ်ကြတာက ပိုများပါတယ်။ အဲဒီအကျင့်က အလွန်းဆိုးပါတယ်။ သိတဲ့အတိုင်း လုပ်နိုင်ကြမယ်ဆိုရင် အကောင်းဆုံးပဲပေါ့။ အကုန်မလုပ်နိုင်ဘူးပဲ ထားပါ နိဗ္ဗာန်တံခါးက မပိတ်ထားပါဘူး။ လုပ်နိုင်တဲ့လူအတွက် အမြဲတမ်းတံခါးဖွင့် ကြိုဆိုလျှက်ပါပဲ။ အခုပြောသွားသလိုပေါ့ သိပြီးမှ မကောင်းမှုတွေ လျှောက်လုပ်နေတာက ပိုဆိုးပါတယ်။ အကုသိုလ်ဖြစ်တယ်လို့ မယူဆရင်နေပါ အဓိပ္ပာယ်ရှိခြင်း မရှိခြင်းကို အရင်သုံးသပ်ကြည့်ရင် လုပ်သင့်မလုပ်သင့် အဖြေတစ်ခု ထွက်လာမှာပါပဲ။ “ဗုဒ္ဓတရားတွေမှာလဲ အမှားအမှန် ဝေဖန်စမ်းစစ်ပြီးမှ လုပ်ဖို့အချက်” ပါတာပဲမဟုတ်လား။ တကယ်တော့ ပတ်ဝန်းကျင်ကို အပေါ်ယံတွေနဲ့ ကိုယ့်ကိုအထင်ကြီးစေဖို့ ခြိမ်းခြောက်နေတာပါ။ ကိုယ့်အတွင်းမှာက ဟန်မရှိပဲ စံလုပ်တတ်တဲ့လူလို့ ယခုအချိန်မှာ သုံးသပ်မိတယ်။ ပတ်ဝန်းကျင် ဆိုတာက ကိုယ့်အလုပ်နဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေပေါ့။ ပဲ့ကိုင်ရှင်ကတော့ ကိုယ်ပါပဲလေ။ ဘာပဲလုပ်လုပ် အရင်ဦးဆုံး ကိုယ်တိုင်ပဲ ဆုံးဖြတ်တာပါ။ ခိုင်မာပြီး သေချာတဲ့ ဆုံးဖြတ်ချက်မျိုးတွေကို ချမှတ်ဖို့သာ လိုအပ်တာပါ။ မှားရင်လည်းခံ မှန်ရင်လည်းစံပေါ့။

လုပ်ငန်းခွင်အတွင်း အချိန်ကုန်နေသော ဘ၀တစ်ခုကို ပိုင်ဆိုင်ထားပြီး ဆိုမှတော့ အမေ့အိမ်လောက်တော့ ဘယ်ငြိမ်းချမ်းတော့မလဲ။ ဒါကသဘာဝ ကျပါတယ်လေ။ အမြဲတမ်း မိဘရင်ခွင်မှာ နေလို့မှ မရနိုင်တာ။ ကိုယ့်အလုပ်နဲ့ကိုယ်မို့ အိမ်ကို ခဏလောက်သာ ပြန်ရတာ မစမ်းတော့ပါဘူး။ အဲလို ရောက်တဲ့အချိန်လေး ခဏအတွင်းမှာ မိမိ၏ဖခင်နှင့် အတွေ့အကြုံလေးတွေ ဖလှယ်ကြတယ်။ ဘယ်လိုမှ လိုက်မမှီတဲ့ ဖေဖေကို ကျွန်တော်အမြဲတမ်း လေးစားမိတယ်။ ဘ၀မှာ စံ တင်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် အမြဲတမ်းရှိသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အတွက်တော့ အဖေဟာ စာအုပ်ထဲမှာ အမြဲဖတ်နေတဲ့ ပညာရှင်တွေရဲ့ အထက်မှာ ထာဝရ ရှိနေပါတယ်။ နိုဘယ်ဆုရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်နေတယ်။ ကိုယ့်ဘ၀မှာလဲ အဖေနဲ့တွေ့တိုင်း နိုဘယ်ဆုရှင်တွေနဲ့ တွေ့ရတာထက် ပိုတန်တယ်လို့ တွေးမိတယ်။ ဘာကြောင့်လဲဆိုတော့ အဖေနဲ့ဆို ကျွန်တော့် ပတ်ဝန်းကျင်တွေ၊ ကျွန်တော့်အလုပ်တွေ၊ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဂရုတစိုက်နဲ့ နားထောင်ပေးတယ်။ ပြီးရင် ကျွန်တော့် ဘ၀အတွက် အကြံပေးတယ်။ ပြဿနာတွေရှိရင် အချိန်ပေးပြီး ကူညီဖြေရှင်းပေးတယ်။ အဲဒီနိုဘယ်ဆုရှင်တွေ၊ သိပ္ပံပညာရှင်တွေက ကျွန်တော့်ကို အချိန်ပေးဖို့ နေနေသာသာ တွေ့ချင်မှာတောင် မဟုတ်ဘူး။ သူတို့ရဲ့ အဆိုအမိန့်တွေထက်စာရင်လေ အဖေပြောပြတဲ့ စကားပုံတစ်ခု သားမှတ်နေတယ် အဖေ “ငါ့သားအမြဲမှတ်ထား၊ ဘယ်လုပ်ငန်းပဲလုပ်လုပ်၊ ရပြီးတဲ့ အောင်မြင်မှု သရဖူနဲ့ ကျေနပ်မနေနဲ့၊ ပန်းတိုင်တစ်ခု ရောက်ပြီးပြီးဆိုရင် နောက်ထပ်ဒီထက် မြင့်တဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခု ထပ်ချရမည်” ဒီစာပုဒ်လေးကို ကြိုက်လွန်းလို့ သားမှတ်စုလေးထဲမှာကို သေချာမှတ်သား ထားပါတယ်အဖေ။ အဖေပေးတဲ့ ဒီအမွေက တန်းဖိုဖြတ်လို့ မကုန်နိုင်ပါဘူး။ နောင်လာနောင်သားတွေ အတွက် အသုံးဝင်နေဦးမှာပါ။ ဆွေစဉ်မျိုးဆက် အမွေပေးနိုင်တာ ဒီလိုအဓိပ္ပာယ်ရှိတဲ့ စာသားတွေပါပဲ။ ဒါကြောင့် အဖေဟာ ကျွန်တော့်ဘ၀ရဲ့ ထိပ်ဆုံးက နိုဘယ်ဆုရှင် တစ်ယောက်ပေါ့။ သူတို့ခေတ် သူတို့ချိန်တုန်းက သူတို့တတ်တဲ့ ပညာတွေရှိခဲ့တယ်။ ကျွန်တော်တို့ ခေတ်နဲ့ကွာတယ်ဆိုပေမယ့် စည်းစနစ်တွေက အတူတူပါပဲ…။

အဖေ့ကို လိုက်မမှီတာထက် မနှိုင်းကောင်းဘူး ဆိုတာကို သိနေတယ်လေ။ “ဆရာထက်တပည့် လက်စောင်းထက်” ဆိုတဲ့ စကားပုံက ကောင်းခြင်းကိုပြတယ်။ “အဖေထက် သားတစ်လကြီး” ဆိုတဲ့စကားပုံက မကောင်းဘူးလေ။ ဒါပေမယ့် အဖေမွေးထားတဲ့ သားတစ်ယောက်သည် မညံ့ဘူး၊ တော်တယ် ဆိုတဲ့ အပြင်ပန်းအလှတွေနဲ့ ပကတိအခြေအနေကို ဖုံးလွှမ်းထားမိတယ်။ အဖေနဲ့ စကားပြောတိုင်း အမေကလည်း ဘေးမှာဝင်နားထောင်လေ့ ရှိပါတယ်။ မေမေအမြဲတမ်းမှာတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါက စာကြိုးစား၊ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင်ပေါင်း၊ သူငယ်ချင်းတွေနဲ့လည်း တည့်အောင်ပေါင်း အားလုံးနဲ့ အဆင်ပြေလေ အလုပ်လုပ်ရတာ ချောမွေ့လေလို့ မေတ္တာတွေနဲ့ ပြောတဲ့စကားကို လုပ်ငန်းခွင်ဝင်တိုင်း အမှတ်ရနေဆဲပါ အမေ…။ အမေ့နောက်ကွယ်မှာ အမေမကြိုက်တဲ့ အရာတွေကို သားစိတ်ကြိုက် လုပ်နေမိခဲ့ပါတယ်။ သားအတွေး သားလုပ်ရပ်တွေက မကောင်းမှု့တွေဘက်ကို အားသန်သွားခဲ့တယ်။ ကြီးကြီးမားမား အမှားတွေကျုးလွန်တာ မဟုတ်ပါဘူးအမေ။ အနန္တော အနန္တငါးပါးအပြင် လူတော်တော်များများ မကြိုက်ကြတဲ့ အရက်သေစားကို မကောင်းမှန်းသိသိနဲ့ စိတ်အလိုလိုက် အကြိုက်ဆောင်ပြီး သောက်ခဲ့မိတာပါပဲ။ စာဖတ်သူတွေ အထဲမှာလည်း ဒီလိုမျိုးရှိမှာပါ။ မတွေးမိကြသေးလို့ ဒါမျိုးတွေကို သတိမထားတာ နေမှာပါ။ ဘယ်မိဘကမှ အရက်သေစာ သောက်စားတာ မကြိုက်ပါဘူး။ ကျွန်တော်တို့တွေဟာ တခါတလေ လုပ်မိလိုက်တဲ့ အမှားလေးတွေကို ပြန်ပြန်ပြီး စဉ်းစားသုံးသပ် စေချင်တယ်။ အနည်းဆုံးတော့ အမှားတွေကို သိလာရင် မှန်တာကို လုပ်ချင်လာပါလိမ့်မယ်။ ကျွန်တော်လည်း မပြောပလောက်တဲ့ အချိန်လေးအတွင်းမှာ လမ်းမှားရောက်ခဲ့ရတယ်။ ဒါတွေကို အမြဲတမ်း စွန့်ပယ်ပစ်ဖို့ သားစိတ်တွေကို အမြဲတမ်း တိုက်ပွဲဝင်သွားမှာပါ။ အခုလို အများသူဌာကို အကျိုးပြုတဲ့ တရားစာပေတွေ၊ ဗဟုသုတတွေ ဝေမျှရင်းနဲ့ ခရီးဆက်ဖို့ ကြိုးစားနေမှာပါ။ အရမ်းကြောက်ဖို့ ကောင်းတယ်နော်… အတွေးအခေါ်တွေ မှားသွားရင် ဘ၀ကြီးလည်း လမ်းမှားကို ရောက်တတ်တယ်။

မာနဆိုတာ မထားသင့်တဲ့နေရာမှာ ထားမိရင် မမှားသင့်တဲ့ အမှားတွေ ဖြစ်နိုင်ပါတယ်။ ကျွန်တော်က ဘယ်အလုပ်မဆို ငါလုပ်နိုင်တယ်ဆိုတဲ့ “ဇွဲ” မဟုတ်တဲ့ မာနကို “ဇွဲ” လို့ ထင်မှတ်ခဲ့တာ… ကောင်းတဲ့အရာတွေ အတွက် ဒီလိုစိတ်ဓာတ်ထားတာ အကြောင်းမဟုတ်ပါဘူး။ “မဖြစ်မနေ လုပ်မယ်လို့ ဆုံးဖြတ်ချက်ချတာဟာ အောင်မြင်ခြင်း၏ အဓိက လိုအပ်ချက်” ဟုဆရာတော် တစ်ပါးရေးထားတဲ့ စာစောင်မှာ ဖတ်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် လမ်းမှားနေခဲ့ပါတယ်။ ကျွန်တော်လို မတွေးမိကြပါနဲ့… ထိုစဉ်က ကျွန်တော်စဉ်းစားပုံက ကိုယ့်ကိုအထင်သေးမှာ အရမ်းကြောက်တယ်။ ထို့ကြောင့် အလုပ်ဆိုလည်း ပိုလုပ်နိုင်တယ် တကယ်လည်း လုပ်တယ်… ကျွန်တော်က အမှန်တိုင်းပဲ နေတယ်လို့ အတ္တစိတ်တွေနဲ့ ဝေခွဲမရတဲ့ မောဟတွေလည်း များနေခဲ့တာပေါ့။ အဲဒီခါကျတော့ ပတ်ဝန်းကျင်နဲ့ ဆက်ဆံတဲ့အခါ လူရွေးပေါင်းတာမျိုး ရှိပါတယ်။ သာမာန်လူတွေကို ကျွန်တော်ကောင်းကောင်း ပုံဖော်ပြောနိုင်ပါတယ်။ ဒါကလည်း ကျွန်တော်(၂၅-၂၆)နှစ် အတွင်းမှာ ဖြတ်ကျော်ရင်းနဲ့ ရလာတဲ့ဘ၀ ဒဏ်ရာဒဏ်ချက်တွေ နှင့် အတွေ့အကြုံပါပဲ။ ထွေထွေထူးထူး မဟုတ်ပါဘူး။ ဥပမာ တစ်ခုပြောပြမယ်။ ကျွန်တော့်နဲ့ တစ်ကျောင်းထဲ အတူတက်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ပါ။ သူ့နာမည်က သူရလို့ ခေါ်ပါတယ်။ သဘောအရမ်း ကောင်းလွန်းတဲ့ စာရင်းထဲတော့ မ၀င်ပါဘူး။ ဒါပေမယ့် ပြောရမယ့်အရာတွေကို မပြော၊ မပြောရမယ့် အရာတွေကျတော့ ပြောပြန်တယ်။ ကျွန်တော်ကတော့ မဟုတ်မခံ စိတ်လေးရှိတော့ ကိုယ်မှန်နေရင် ခေါင်းငုံ့မနေတတ်ဘူး။ မှန်လို့ကတော့ အတန်းကြီးမကလို့ ဘာပဲဖြစ်ဖြစ် ပြန်လုပ်ရမှ ကျေနပ်ခဲ့တဲ့ လူမျိုးပေါ့။ လုပ်လို့မရဘူးဆိုရင်တောင် ပေစောင်းပေစောင်း အကြည့်နဲ့တော့ ပြန်ကြည့်ရမှ တခြားအရာတွေကို ပုံမှန်ပြန်လုပ်နိုင်တာ။ မှားနေရင်လည်း ဘယ်သူပြောပြော ခေါင်းငုံ့ခံတယ်။ ကိုယ့်အပြစ်နဲ့ ကိုယ်ခံနိုင်တယ်။

အဲဒါနဲ့ ပတ်သတ်ပြီး ကျွန်တော်ကျောင်းတုန်းက ဖြစ်စဉ်လေးတစ်ခု ရှိပါတယ်။ အောင်သောင်းနဲ့ ကျွန်တော်က တစ်ခန်းထဲပါ။ လေးငါးတန်း လောက်တုန်းကပေါ့။ အိမ်နီးနားချင်းလဲ ဖြစ်တယ်။ တစ်နေ့မှာ သူကကျွန်တော့်ပုဆိုးကို ပြဲသွားအောင်လုပ်တယ်။ ကျွန်တော်သူ့ကို ဘာပြန်လုပ်တယ် ထင်လဲ…??? သူဘောင်းဘီ ၀တ်မဲ့နေ့ကို စောင့်လိုက်တယ်။ စိတ်တော့ နဲနဲရှည်ရတာပေါ့… အဲဒီအပတ်မှာ သူအိပ်မက်တွေ မကောင်းဘူးနဲ့ ထင်ပါတယ်။ မ၀တ်ဘူး။ နောက်အပတ် တနလာင်္နေ့မှာ အောင်သောင်းကျောင်းစိမ်း ဘောင်းဘီးအသစ်လေးနဲ့ ကျောင်းလာတယ်။ ကံဆိုးချင်တော့ အဲဒီနေ့မှာ လမ်းခင်းနေတဲ့ ကတ္တရာဇီးကို ပြေးမြင်တယ်။ အရင်ကတော့ ထိုင်ခုံမှာ ပီကယ်စားပြီးသား ကပ်မယ်ပေါ့နော်။ နောက်လည်းကျရော သူထိုင်မယ့်ခုံမှာ ကတ္တရာဇီး ကပ်ထားလိုက်တယ်။ နဲနဲတော့ အပင်ပန်းခံရတာပေါ့။ စာဖတ်သူအနေနဲ့ တစ်ခုတော့ ပြန်မေးချင်မှာပေါ့။ ဘာလို့ပုဆိုးဝတ်တဲ့နေ့ မလုပ်တာလဲ….??? ပုဆိုးဝတ်တဲ့နေ့ဆိုရင် ပုဆိုးလှည့်ဝတ်လို့ရတယ်။ ဘောင်းဘီကျတော့ လှည့်လို့လည်းမရ အိမ်ရောက်ရင် အဆူခံရအုံးမယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ မကောင်းတဲ့အကြံတွေနဲ့ လုပ်ခဲ့မိသေးတယ်။ အဲဒီအကျင့်က မကောင်းလွန်းတာလဲ မပြောနဲ့ တက္ကသိုလ်မှာ သူငယ်ချင်းကို တစ်ခုကျွေးပြီးမှ ကိုယ်ကတစ်ခု ပြန်စားတယ်။ သူကဘလိုင်းကြီး ကျွေးရင် ကျွန်တော်မစားဘူး။ ရှောင်တယ်… တကယ်လို့ တစ်ယောက်တစ်ခါ ရှင်းရမယ်ဆိုရင် ကျေနပ်တယ်။ သူငယ်ချင်းက ဖွင့်ပြောတယ်။ မင်းခင်တာက တစ်မျိုးကြီးပဲတဲ့။ မင်းကမင်းဆီက မပေးရင် သူများဆီကလည်း မယူဘူးတဲ့။ ဟုတ်တယ် ငါကဒီလိုပဲ ကိုယ်ပေးမှ သူများဆီက ပြန်ယူတတ်လို့။ အခုနောက်ပိုင်းတော့ အဲဒီအကျင့်တွေ ပြင်နေပါပြီး။ ဘာလို့လဲဆိုတော့ "ကိုယ်တိုင် ငွေရှာနေရပြီးလေ များမကြာသော အချိန်များမှာ အိမ်ထောင်တစ်ခု တည်ဆောက်ရမှာမို့ မလွယ်ကူတဲ့ အချုပ်အနှောင် လောကထဲမှာ ငွေတွေလဲ ကိုယ့်အနားရှိနေဖို့ လိုတယ်လေ" အရင်ဘ၀က ကုသိုလ်ကံ နည်းခဲ့၍ ဒီဘ၀မှာ လိုအင်ဆန္ဒမပြည့်ဝခြင်း တောင်းတ ငတ်မွန်းနေခြင်းတို့ ခံစားနေရတာ မှန်ပေမယ့် နောင်ကောင်းဖို့ ကြည့်ပြီးအကုသိုလ် မလုပ်ချင်တော့ဘူး။ “ကုသိုလ်မရရင်နေပါ အကုသိုလ်တော့ မဖြစ်ပါစေနဲ့” စည်းမရှိတဲ့ လွတ်လပ်မှုမျိုး လိုချင်တာ မဟုတ်ပါဘူး။ လူ့ဘောင်လောကမှာ ကိုယ်နဲ့ထိုက်မယ့် သာယာပျော်ရွှင်မှုလေး လိုချင်တာပါ။ လိုတာထက်ပိုတဲ့ အချုပ်နှောင်တွေ ကြားထဲက ဘ၀တွေသည် အရမ်းမွန်းကြပ်ပါတယ်။ ခေါင်းမော့ကြည့်ဖို့ အင်အားရှိပေမယ့် ကြည့်ခွင့်ရတဲ့နေ့တွေက ကြယ်မစုံတဲ့ လမိုက်ညတွေဆိုတော့ ဘာကိုမြင်နေရအုံးမှာလဲ။ တစ်ခုတော့ တွေးမိပါတယ်။ ဘာမှမသိတဲ့ လူတွေသည် ဘာကိုမှမကြောက်ဘူး နားအေးတယ်လို့ ထင်နေကြတယ်။ တကယ်သိ တကယ်နားလည်သွားသော လူတစ်ယောက်မှာ အရင်ကမသိခဲ့တာကို ကြောက်ရွံ့မိတာ အမှန်။ ထို့ကြောင့် ယခင်က လုပ်မိခဲ့တဲ့ အမှားတွေကို မုန်းတီးလာတယ်။ ဒီထက်ကောင်းအောင် ရှေ့ဆက်ချင်ပါတယ်။ ကျွန်တော်စေ့စေ့ မကြည့်ရဲတဲ့ လူတွေရှိပါတယ်။ ဥပမာ စာအရမ်းမေးတဲ့ အရမ်းကျစ်တဲ့ ဆရာမျိုး၊ နောက်တစ်မျိုးက ဘာသာရေး ကိုင်းရှိုင်းပြီး အေးချမ်းစွာ နေတဲ့လူမျိုးပဲ။ ဆရာဆိုတာကတော့ ထားလိုက်ပါတော့ ဒါက ရယ်စရာပြောတာပါ။ စာရနေရင်တော့ ကြည့်ရဲတာပေါ့ဗျာ… မရရင်တော့ မကြည့်ရဲဘူးပေါ့။ တခါတလေတော့ စာရလည်းမကြည့်ရဲ မရလည်းမကြည့်ရဲတဲ့ ဆရာတွေလည်း ရှိပါတယ်။ ချစ်ကြောက်ရိုသေ နေရသော ဆရာတွေက တပည့်တွေအပေါ် ဘယ်တော့မှ အပြစ်မမြင်တတ်ပါဘူး အမြဲတမ်း ခွင့်လွတ်ပြီးသားပါ။ ပြောချင်တာက ဘာသာရေး လိုက်စားတဲ့ လူတွေပါပဲ။ သူတော်ကောင်းတွေရဲ့ မျက်နှာဆိုတာ တကယ်ပါ မယုံရင် ရှာကြည့်နိုင်တယ်။ သူတို့ကို ကြည့်လိုက်တာနဲ့ မိမိ၏စိတ်ထဲမှာ အေးချမ်းသွားတယ်။ အဲဒါကြောင့် ကျွန်တော်သူတို့ကို စေ့စေ့မကြည့်ရဲတာ… ကိုယ့်ကိုယ်ကို မလုံဘူးလေ… ကျွန်တော်လည်း ကြိုးစားနေပါတယ်။ ဘာသာရေး လိုက်စားနေတဲ့ ကျွန်တော့်ပတ်ဝန်းကျင်က လူတစ်ယောက်ကို အားကျလို့ တတ်နိုင်သလောက် ကောင်းအောင်ပြင်နေပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ။ အကုသိုလ် မလုပ်ဖြစ်ဖို့ စိတ်ကို အေးချမ်းအောင် လုပ်ရမယ်။ လူတွေကို အကျိုးပြုချင်သေးတယ်။ ကျွန်တော်မနေ့က အတွေးပေါက်လို့ စာလေးနှစ်ကြောင်း ရေးမိတယ်။ အဲဒါက ဒီလိုလေးပါ။ “ပေးဆပ်ခြင်းတွေဖြင့် အရာရာ အေးချမ်းစေမယ်ဆိုရင် ငါ့ရှိသမျှ အားလုံးပေးချင်တယ်” “စွန့်လွတ်ခြင်းတွေဟာ မနာကျင်ရပဲ ပျော်ရွှင်မှုတွေ ရနေမယ်ဆို ငါပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ဆုံးရှုံးပါစေ ဗလာနတ္တိ နေနိုင်တယ်” လုပ်နိုင်ရင်တော့ လူတိုင်းကို အကောင်းမြင်ချင်ပါတယ်။

တရားစာစောင်တွေမှာ ဖတ်ရတဲ့ စာပိုဒ်လေးတွေ ရှိပါတယ်။ အဲဒီထဲက ကိုယ်နဲ့ကိုက်မယ့် အချိန်၊ ဒေသ၊ နေရာပေါ် မှုတည်ပြီး နှစ်သက်တဲ့ စာသားတွေကို ဖော်ပြချင်ပါတယ်။ ကိုယ်နှင့်နှုတ်ကို အနားပေးပြီး အသိတရားနဲ့ အေးအေးဆေးဆေး နေတတ်ပါစေ တကယ်ချမ်းသာတယ်… “ရခဲလှသော လူ့ဘ၀တွင် ကံကောင်း၍ ကျန်နေသော လက်ကျန်အချိန်ကို မမေ့မလျှော့သော အသိတရားနှင့် အကျိုးရှိစွာ အသုံးပြုကြပါ” ဒီစာပိုဒ်လေးကို ဖတ်ပြီးတော့ ကျွန်တော်က အောက်ကနေ ထပ်ကွန့်လိုက်တယ်။ ငါ့ပတ်ဝန်ကျင့်က လူတွေ၊ ငါ့သူငယ်ချင်းတွေ၊ ငါ့မိတ်ဆွေတွေ၊ ငါ့ဆွေမျိုးတွေ ငါ့ရှေ့မှာရော ငါ့နောက်ကွယ်ပါ သေဆုံးနေကြတာ ရှာစရာမလိုတဲ့ တရားတွေပါပဲ လို့တွေးမိရင်းနဲ့ ဒီစာလေးကို အဆုံးသတ်လိုက်ပါတယ်။ ကျေးဇူးရှင်ဖြစ်တဲ့ မိဘနှစ်ပါးနှင့် မိမိရဲ့စိတ်တွေကို တဖြည်းဖြည်း နှုးညံသိမ်မွေ့အောင် လမ်းညွန်ပြပေးနေသော ဗုဒ္ဓရဲ့ အဆုံးအမနှင့် တရားစာပေများအား မမေ့မလျှော့သော အသိတရားများ နှင့် ဦးထိပ်ပန်ဆင် ထားပါမယ်။ ရည်ရွယ်ချက်က ဒီစာလေးကို ဖတ်မိသူတိုင်း ကျွန်တော့်ဖြစ်စဉ်လေးနဲ့ နှိုင်းယှဉ်ကာ အသိတရားနဲ့ ပြင်ဆင်နိုင်ရန် အတွက်ပါပဲ။ စာဖတ်သော ပရိတ်သတ်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း များနှင့် ပြည့်ဝကြပါစေ။

0 comment:

Comment here

သင့်အကြံပြုချက်တွေကို လေးစားစွာ ဖတ်ရှုပေးပါမည်။ ကျေးဇူးတင်ပါသည်။

 
RSS FeedRSS Subscription!
Follow me!Follow me!