Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Thursday, November 4, 2010

တရားသောနည်းဖြင့် အောင်မြင်ခြင်းကို တန်ဖိုးထားပါ

အပြစ်အမုန်းတွေ တင်ထားတဲ့ ဘ၀စာမျက်နှာတွေကို သင်ပုန်းချေလိုက်ပါ... လောက သဘာဝအလှတွေကို အစစ်အမှန် အပြုံးတွေနဲ့ ခံစားကြည့်လိုက်ရင် သင့်အတွက် မနက်ဖြန်တွေ လန်းဆန်းလာမှာပါ... တခဏလေးပဲ ဖြစ်ဖြစ်ပေါ့ အနည်းဆုံးတော့ သင့်မျက်နှာပေါ်က တင်းနေတဲ့ အကြောလေးတွေ ပြေသွားမှာပါ... life flow လေးကို ငြိမ်ငြိမ်လေးပဲ သွားတာကောင်းပါတယ်... cool ဖြစ်နေရင်တော့ ပိုကောင်းတာပေါ့။ free style ကတော့ သိပ်ပေါ့လွန်းမယ်လို့ ထင်ပါတယ်။ အဓိပ္ပာယ်ရှိစေဖို့ ဘ၀ကို တည်ဆောက်နေကြတယ် မဟုတ်လား။ မှန်ကန်စွာ အသက်ရှင်နေထိုင်ခြင်းကို နှစ်သက်ကြမှာပါ။ ထို့ကြောင့် မှန်သောအလုပ် မှန်သောအပြုအမှုတွေနဲ့ ရှေ့ဆက်ဖို့ လိုပါလိမ့်မယ်။ အကယ်၍ “ကောင်းတဲ့အကျိုးပေးတွေ ရောက်မလာသေးဘူး ဆိုရင်တော့ ကိုယ်တကယ် မကောင်းသေးဘူးလို့သာ မှတ်ထားလိုက်ပေတော့” ဟု ဆရာတော်ဦးသုမင်္ဂလာ တရားထဲမှာ နာဖူးပါတယ်။ ကောင်းကျိုးအဖြာဖြာ ရှိသူတို့အတွက် မသေခင်ကပင် နိဗ္ဗာန်မှာနန်းတော် တည်နေသလို စေတနာရှိပြီး သဒ္ဓါတရား ထက်သန်အောင် ကျွန်တော်ပိုပိုသာသာ ပြောဖူးပါတယ်။ ထိုအခါ ပြောခံရတဲ့လူလည်း ကျေနပ်တယ်။ နောက်ထပ် ကုသိုလ်တရားတွေ ထပ်လုပ်ချင်စိတ် ပေါ်လာရမယ်။ အဲလိုရည်ရွယ်ပြီး တခါတလေ မြှောက်ပင့်ပြောမိပါတယ်။

ကျွန်တော်ငယ်ငယ်က စဉ်းစားမိတာ တစ်ခုရှိပါတယ်။ မိမိက ကောင်းအောင် နေပါတယ်။ ဒါပေမယ့် အခြေအနေက မကောင်းတာမျိုး ကြုံခဲ့ပါတယ်။ စာဖတ်သူတွေလည်း ဒီလိုဖြစ်ဖူးပါလိမ့်မယ်။ မုသားစကား မပြောခဲ့သလို သူများရဲ့အောက်မှာ ကျရောက်နေလဲ လိမ်ညာခြင်းနဲ့ မတုန့်ပြန်ခဲ့ပါဘူး။ တခါတလေတော့ စိတ်ထဲမှာ တစ်မျိုးပဲ ခံစားလိုက်ရတယ်။ နောက်ပြီး ပတ်ဝန်းကျင်မှာက တကယ်ရိုးတယ် အတယ် အလုပ်ကြိုးစားကြသူတွေ အသက်အရွယ်အလိုက် ချမ်းသာတာ ရှားပါးပြီး အလောင်းကစားဒိုင်တွေ လိမ်ညာပြီး ပြောဆိုနေတဲ့ ပွဲစားတွေ ကုန်သည်တွေ စသည့် သမာအာဇီဝ မကျသော သူများက ချမ်းသာနေလေရဲ့။ ဘယ်မှာလဲ ကောင်းတာလုပ်ရင် ကောင်းကျိုး ခံစားရတယ်ဆိုတာ တကယ်လည်း ဖြစ်မလာပါလားလို့ ထင်ခဲ့မိတယ်။ ကျွန်တော်တို့ လူမျိုးတွေက များသောအားဖြင့် အခုကောင်းကျိုးလုပ် အခုကောင်းကျိုးပြန်ရမယ်လို့ ယုံကြည်နေတယ်လေ။ ခံစားခွင့်ကိုသာ အလေးပေးကြတော့ မှားယွင်းတဲ့ အစွဲတွေဝင်နေတာပေါ့။ တကယ်တော့ မကောင်းတာလုပ်ပြီး ချမ်းသာတဲ့လူတွေဟာ ရေရှည်မှာ မကောင်းပါဘူး။ ရေရှည်ကောင်းရင်တောင် နောင်ဘ၀ မကောင်းနိုင်ဘူးဆိုတာ အသေချာပါပဲ။ တလွဲဆံပင် မကောင်းကြပါနဲ့ အကျိုးပေးတွေ မကောင်းသေးရင် ဒီထက်ကောင်းအောင် မေတ္တာထားပြီး ဆက်လုပ်ပေးပါ။ တစ်ချိန်ချိန် ကောင်းလာပါလိမ့်မယ်လို့ ယုံကြည်ထားစေချင်ပါတယ်။

တစ်စုံတစ်ခုကို လိုချင်တပ်မက်မှုနဲ့ လုပ်ရင် အကျိုးဖြစ်ထွန်းမှု လျှော့နည်းပါလိမ့်မယ်။ ဘုရားကန်တော့ပြီး ဆုတောင်းနေလို့ အလုပ်တွေ အောင်မြင်လာမှာ မဟုတ်ပါဘူး။ အောင်မြင်အောင် ကိုယ်ကလုပ်မှ ရမှာလို့ ဘုရားဟောခဲ့တယ်။ ကိုယ်ကျင့်သီလ ကောင်းရင် ဘယ်အလုပ်မှာမဆို သူတပါး စော်ကားခြင်းကို မခံကြရဘူး။ ပင်ကိုယ်ရှိနေတဲ့ အကျင့်သီလနဲ့ ဘ၀မှာ မလုံလောက်ပါဘူး။ ဒါကြောင့် အသက်အရွယ်တဖြည်းဖြည်း ရလာတာနဲ့အမျှ အတွေ့အကြုံတွေ ရှိလာပြီး သံဝေဂ ယူတတ်ရမယ်။ တရားဆိုတာ ဘယ်မှာမှ ရှာစရာမလိုပါဘူး။ ပတ်ဝန်းကျင်မှာရှိသလို မိမိမှာလည်း ရှိနေပါတယ်။ လူတစ်ယောက်ကို လိမ်ပြောမယ်ဆိုရင် မတရားပါဘူး။ မှန်တာပြောလိုက်မယ်ဆိုရင် ဒါကတရားတယ်ဆိုတာ လူတိုင်းသိနေတာပဲ။ ဘုရားတရားကို ငယ်ငယ်ရွယ်ရွယ်နဲ့ သိလေလေ ပိုကောင်းလေပါပဲဗျာ။ အရွယ်နှောင်းမှ သိတာမကောင်းဘူးလို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ အသိနောက်ကျလေ နောင်တရလေပါပဲ။ ကျွန်တော်လည်း ဒီထက်စောပြီး ဒါတွေကိုသိသင့်တယ်လို့ အမြဲတမ်း သုံးသပ်မိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ခုံမင်နေတဲ့ ပစ္စည်းတွေက သေတဲ့အခါ ဘာမှအသုံးမ၀င်လို့ပဲ။ ကျွန်တော့်ကို သူတို့က ကောင်းရာ ပို့ကြမှာမဟုတ်ဘူး။ စိတ်စွဲပြီး မက်မောနေရင် မကျွတ်မလွတ်တဲ့ “ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်” ဆိုတဲ့ အပ္ပာယ်လေးပါးမှာ ဒုက္ခခံရရှာအုံးမယ်လေ။ တကယ်တော့ ကုသိုလ်တရား အရေးကြီးပါတယ်။ ကိုယ့်ကိုကယ်တင်နိုင်တာဆိုလို့ ကုသိုလ်ကောင်းမှု မှတပါး ကျန်တာဘာမှမရှိပါဘူး။ အဲဒီကုသိုလ်တရားနဲ့ အကုသိုလ် တရားကို ကျွန်တော့်ဘ၀ချိန်ခွင်မှာ တင်လိုက်တဲ့အခါ ကြက်သီးမွှေးများတောင် ထမတတ်ဖြစ်မိပါတယ်။ ဒါတောင် ကြီးကြီးမားမား လွန်းကျူးမိတာ ဘာမှမရှိဘူး။ ဒါကြောင့် တရားသိလေ… တရားရှိပါ… တရားမြဲပါ… တရားကိုချစ်မြတ်နိုးပါလို့ အကြံပြုချင်ပါတယ်။

ကောင်းတာလုပ်ရင် ကောင်းကျိုး ခံစားရမယ် မကောင်းတာလုပ်ရင် မကောင်းကျိုး ခံစားရမယ် ဆိုတာကို လူတိုင်းသိကြမှာပါ။ ကောင်းတာကို ပိုပြီးလုပ်ချင်ကြမယ်လို့ ထင်ပါတယ်။ ဘ၀မှာသူ့အကြောင်းနဲ့သူတော့ ရှိကြလိမ့်မယ်။ ဒါပေမယ့် အတ္တာဟိ အတ္တနော နာထော မိမိကိုယ်သာ မိမိအားကိုးရာ၏ ဟုဆိုထားပါသည်။ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ဆောင်တတ်အောင် လေ့ကျင့်ထားစေချင်တယ်။ စီးပွားရှာတာလည်း ရှာတာပေါ့။ ဒါနလေးလည်း ယူကြပါ။ ပရဟိတ လုပ်နိုင်လေ ပိုကောင်းလေပါပဲ။ ပစ္စည်းဥစ္စာချမ်းသာရင် လှူဒါန်းပါ။ ဥစ္စာထဲမှာ အနှစ်ရှာ တွေ့တာ ဒါန ပဲလေ။ ဒါကြောင့် လှူဒါန်းခိုင်းနေတာပါ။ သိရမှာက ပစ္စည်းဥစ္စာ ချမ်းသာတာထက် စိတ်ချမ်းသာတာက ပိုကောင်းတယ်ဆိုတဲ့ အချက်ပါပဲ။ ပစ္စည်းဥစ္စာ ချမ်းသာခြင်း ဆင်းရဲခြင်းဆိုတာ ပကာသနလို့ ဆိုပါရစေ။ တကယ်တမ်း စိတ်ချမ်းသာမှု စိတ်ဆင်းရဲမှုတွေက မိမိဘ၀ကို ပြောင်းလဲပေးနိုင်တဲ့ အရာတွေပါ။ စိတ်ချမ်းသာပြီး လုပ်ရတဲ့အလုပ်နှင့် စိတ်ဆင်းရဲပြီး လုပ်ရတဲ့အလုပ် လုပ်ကိုင်ပုံခြင်း မတူသလို၊ အောင်မြင်မှုခြင်းလည်း မတူပါဘူး။

အသက်ရှင်နေသရွေ့ နေ့စဉ်လှုပ်ရှားနေတဲ့ အလုပ်အကိုင်တွေကို အကြောင်း ဟုခေါ်သည်။ ဒီအကြောင်းတွေကနေ အကျိုးဖြစ်လာတာပါ။ အလုပ်လုပ်မှ အကျိုးရှိမယ်။ ဥပမာ အလုပ်တစ်ခု အောင်မြင်ခြင်းရဲ့ အကျိုးကျေးဇူးပေါ့။ အောင်မြင်ခြင်းရဲ့ တစ်ဖက်မှာ ဘာတွေရှိနိုင်သလဲ ဆိုတာကတော့ အောင်မြင်ပြီး နောက်ပိုင်းမှသာ သိရသလို အောင်မြင်ခြင်း အမျိုးအစား ပေါ်မှုတည်ပြီး ခံစားမှုရသလေးတွေ ကွဲပြားခြားနား တတ်ကြပါတယ်။ လူတွေဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုကို အောင်မြင်ချင်ကြတာပဲ။ အကယ်၍ ကိုယ့်အလုပ်တိုင်းကို သူတပါးတွေ မဲပေးခွင့် ရှိမယ်ဆိုရင်လေ ၁၀၀ ရာခိုင်နှုန်း မဟုတ်တောင် ၉၀ ရာခိုင်နှုန်းလောက်ထိ လိုချင်ကြပါတယ်။ ဖြစ်ပေါ်လာမယ့် အခြေအနေထက် ကိုယ်လိုချင်တဲ့ အခြေအနေ တစ်ရပ်ကို အစွဲအလန်းတစ်ခု အနေဖြင့် စောင့်ကြည့်နေကြသလိုပါပဲ...။ ဟုတ်သည် မှန်သည်ဟု ကျွန်တော် အတင်းမဆိုလိုပါ...သို့သော် ကျွန်တော်နှင့် ပတ်ဝန်းကျင် အနီးတ၀ိုက်မှာတော့ ထိုကဲ့သို့ မြင်တွေ့နေရခြင်းမှာ ဧကန်စင်စစ်ဖြစ်ပေသည်။

ကျွန်တော်ကတော့ ကိုယ်တိုင်လုပ်လို့ ရလာတဲ့ အောင်မြင်မှုမျိုးကိုပဲ လိုချင်ပါတယ်။ ကိုယ်တိုင်မလုပ်နိုင်တဲ့ အလုပ်မျိုးမှ ရလာတဲ့ အောင်မြင်မှုမျိုးကို မနှစ်မျို့ပါဘူး။ တစ်ဦးတစ်ယောက် မဟုတ်ရင် အဖွဲ့နဲ့ဆိုတာ အဖွဲ့ကောင်းရင် ကောင်းသလို စံစားရတာလေးတွေ ရှိတတ်ပါတယ်။ အဲဒီအတွက် ကျွန်တော် ဂုဏ်ယူနေမှာ မဟုတ်ပါဘူး။ စာရေးလာတာ (၃) နှစ်ကျော်လာပြီး အထိုက်အလျှောက်တော့ အောင်မြင်မှုလေးတွေ ရပါတယ်။ တခြားအရာတွေ မလုပ်နိုင်လို့ ဘာမှဝင်မပြောဖြစ်ဘူး… အခုကျွန်တော်လုပ်နိုင်တဲ့ အရာဘက်မှာ အောင်မြင်လာရင် ၀မ်းသာတယ်။ ၁ ရာခိုင်နှုန်းပဲဖြစ်ဖြစ် အဓိပ္ပာယ်ရှိတယ်လေ။ ဒါပေမယ့် ရပ်တန့်နေတာမျိုး မဟုတ်ပါဘူး။ လူတိုင်းဟာ ကိုယ်ဝါသနာပါတဲ့ အလုပ်မှာ အောင်မြင်မှု သေးသေးလေးနဲ့ ကျေနပ်မနေတတ်ကြပါဘူး။ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်ထဲက အဖေက သားတစ်ယောက်ကို ဆုံးမထားတာ ရှိပါတယ်…

“ငါ့သား အမြဲမှတ်ထား၊ ဘယ်လုပ်ငန်းပဲ လုပ်လုပ် ရပြီးတဲ့
အောင်မြင်မှုသရဖူနဲ့ ကျေနပ်မနေနဲ့၊ ပန်းတိုင်တစ်ခုရောက်ပြီးပြီးဆိုရင်
နောက်ထပ် ဒီထက်မြင့်တဲ့ ရည်မှန်းချက်ပန်းတိုင် တစ်ခု ထပ်ချရမည်”

ကျွန်တော့်မှတ်စု စာအုပ်လေးထဲက ဒီစာလေးတွေကို ဖတ်ရတိုင်းမှာ အလိုလို အားတက်တယ်။ ရှေ့ဆက် လုပ်ရမယ့် အရာတွေကိုလည်း သိလာရတယ်။ အရည်အသွေးတွေ ပြည့်ဝနေလို့ မဟုတ်ပါဘူး။ ကျွန်တော့်မှာ ၀မ်းစာရေးတောင် အဆင်မပြေသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်နေတဲ့ လောကကြီးမှာ ကျွန်တော်သိတဲ့ အရာလေးတွေက အရမ်းသေးငယ်လွန်းတယ်လေ။ ဒါကြောင့် ကြိုးစားရုန်းကန် နေရပါတယ်။ ငွေကြေးတန်ဖိုး မရှိရင်နေပါစေ သဘာဝကျတဲ့ သမာအာဇီဝ တန်ကြေးရှိတဲ့ အောင်မြင်မှုနဲ့တင် ကျေနပ်နိုင်ပါတယ်။

နောက်ဆုံးပြောချင်တာက အိပ်ရာမှ ခဏခဏ နိုးနေသူတို့အတွက် “ည” သည် ရှည်လျှားလှစွာ၏ ခရီးပန်းလာသော သူတို့အတွက် “ခရီး” သည် ရှည်လျှားလှစွာ၏ သူတော်ကောင်းတရားကို မသိကြသော သူတို့အတွက် “သံသရာခရီး” သည် ရှည်လျှားလှစွာ၏ ထို့ကြောင့် ကျွန်တော်တို့တွေဟာ သံသရာကို ရှည်ချင်တာလား တိုချင်တာလား စဉ်းစားပြီး ကိုယ်ရောက်ချင်တဲ့ နေရာကို ကိုယ်တိုင်ကျင့်ကြံ နေထိုင်နိုင်ပါစေလို့ ကျွန်တော်သိတဲ့ တစ်မိုက်တစ်ထွာ အသိလေးနဲ့ တိုက်တွန်းရေးသားလိုက်ပါသည်။ သူတော်ကောင်းစိတ်တွေ ရှိလာမှတော့ အောင်မြင်ဖို့အတွက် သေချာပြီးပေါ့။ အောင်မြင်မှုဟာလည်း တရားသော အောင်မြင်မှုဖြစ်လာမှာ မလွဲမသေပါပဲ။ ထို့ကြောင့် တန်ဖိုးရှိလာပါမယ်။ မည်သူမဆို တရားသောနည်းဖြင့် အောင်မြင်ခြင်းကို တန်ဖိုး ထားနိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

NPNGMMP

0 comment:

Comment here

သင့်အကြံပြုချက်တွေကို လေးစားစွာ ဖတ်ရှုပေးပါမည်။ ကျေးဇူးတင်ပါသည်။

 
RSS FeedRSS Subscription!
Follow me!Follow me!