Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Thursday, November 18, 2010

ဗုဒ္ဓဘာသာဝင်တွေ လွဲမှားနေတဲ့ သရဏံဂုံ

ပြီးခဲ့တဲ့အပတ်က သူငယ်ချင်းတစ်ယောက် အစ်ကိုအသည်းရောဂါနဲ့ ဆုံးသွားတာကို ကောင်းမှုကုသိုလ် အလှူအတန်း ပြုပါတယ်။ အင်မတန် ကောင်းတဲ့ အလှူတစ်ခုဖြစ်ပါတယ်။ မုန့်ဟင်းခါး စားရင်းနဲ့ အတွေးတစ်ခု ပေါ်လာတာနဲ့ပဲ ဒီစာလေးကို ရေးဖြစ်တာပါ။ အဓိကကတော့ သေသူအတွက် လုပ်တဲ့ကောင်းမှုကုသိုလ်ပါ။ တစ်ချို့တွေ မှားနေတဲ့အရာက သေသွားတဲ့လူကို သရဏံဂုံတင်ရမယ်ဆိုတဲ့ အယူမှားတွေပါပဲ။ ကျွန်တော့်သူငယ်ချင်းက သူ့အစ်ကို ကောင်းရာမွန်ရာ ရောက်အောင် ဒီအလှူကို အဝေးတစ်နေရာကနေ လုပ်ပေးလိုက်တာပါ။ သေသွားတဲ့ သူ့အစ်ကိုနဲ့ ခွဲခွာနေတာလည်း သုံးလေးနှစ်လောက် ရှိနေပါပြီး။ ကျွန်တော်အခုပြောမယ့် အကြောင်းအရာကလည်း သူ့အစ်ကို သေတဲ့အလှူလေးနဲ့ တိုက်ဆိုင်လာလို့ သေသူကို သရဏံဂုံတင်ရတဲ့ မှားနေသောလူများ ပြင်နိုင်အောင်နှင့် နောင်လာနောင်သားတွေကို သိရှိအောင် ရေးသားခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေဟာ အလှူဒါန လက်နဲ့မကွာ ဆိုသလို သေသူအတွက် ရည်စူးပြီးအလှူဒါန လုပ်တဲ့နေရာမှာ ရက်ရောကြပါတယ်။ သေသောသူကိုလည်း လွယ်လွယ်နဲ့ မမေ့တတ်ကြပါဘူး။ ပူဆွေးသောကတွေနဲ့ စိတ်မကောင်းစွာ ဖြစ်နေပေမယ့် သေသူအတွက်တော့ ကောင်းမှုကုသိုလ် ပြုလုပ်ပေးဖို့ နှစ်ပေါင်းများစွာတိုင်း သတိရနေကြပါတယ်။ အလှူလုပ်တယ်ဆိုတာကတော့ ဘယ်နေရာ ဘယ်အချိန်မှာပဲ လုပ်လုပ် ကောင်းပါတယ်။ လွဲမှားနေတဲ့ အယူဝါဒတွေကို စွဲမနေရင် အကောင်းဆုံးပေါ့…

အရင်ကထင်ခဲ့တဲ့ အစွဲတွေကို အခုသိတဲ့အချိန်မှာ ပယ်စွန့်နိုင်ရင် နိဗ္ဗာန်ကို ရောက်နိုင်ပါသေးတယ်။ နိဗ္ဗာန်ထိ မတွေးပါနဲ့အုံး အကုသိုလ် မဖြစ်တော့ရင် အပ္ပာယ်တံခါးလေး စိသွားတာပေါ့… မဟုတ်ဘူးလား…။ မသိလို့ မှားနေတဲ့ အမှားတွေအတွက် ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင်ပေါ့။ မသိတဲ့အချိန်တုန်းက ကျွန်တော်စိတ်ထဲမှာ မှားယွန်းနေတာတွေ ရှိနေပါတယ်။ မောင်ဘယ်သူ သေသွားသောကြောင့် သူ့အတွက် (၁၀) နှစ်၊ (၂၀) နှစ်ပြည့် အလှူလုပ်တယ်ပေါ့။ ကျွန်တော့်စိတ်ကူးနဲ့ဆို လုပ်မနေဘူး… လုပ်မယ့်ပိုက်ဆံတွေကို မရှိဆင်းရဲသားတွေ လှူလိုက်မယ်။ ကျောင်းဆောင်တွေ ဆောက်ပေးလိုက်မယ်။ ပညာဒါနတွေ လုပ်ပေးလိုက်မယ်လို့ အမြဲတွေးမိတယ်။ ဒါတွေမှန်တယ်လို့ ဘယ်သူ့ကိုမှ မငြင်းခဲ့ပါဘူး။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပါ။ ဒါပေမယ့် တရားတွေ နာတာများလာတာနဲ့ အမျှ သိလာရတယ်။ ဒါကြောင့် တရားဆိုတာ အသိပညာ ဗဟုသုတတွေ ပေးတာပဲ။ မှန်ကန်နေတာ တရားပါပဲ… ဗုဒ္ဓရဲ့အဆုံးအမတွေက လောကီလူသားတွေအတွက် မှန်ကန်စွာ နေထိုင်ကျင့်ကြံဖို့ ထားခဲ့တာပါ။ ဒါတွေနဲ့ ဝေးသွားရင်လည်း မကောင်းပါဘူး။ အရင်ကပြောခဲ့သလို ဘုရားကိုယ်တိုင် တရားပြပေးဖို့ မဖြစ်နိုင်ဘူး။ ဒီအဆုံးအမတွေကို သံဃာတွေက ပြန်လည်ဟောကြား ပေးခြင်းဖြင့် သိလာနိုင်တာပါ။ ကိုယ်တိုင် တရားနာကြားမှ သိရှိလာမှာပါ။ အဲဒီနောက်မှာတော့ အကျိုးကျေးဇူး ကြီးမားကြောင်း သိလာပါလိမ့်မယ်။

အကြောင်းအရာ တစ်ခုသည် အချက်ပေါင်းများစွာ ရှိလိမ့်မယ်… အကျယ်ချဲ့တွေးလို့ ရနိုင်တယ်။ ဒါမှမဟုတ် ဆက်စပ်နေမယ်ဆိုရင် ကျွန်တော်တို့ တစ်ချက်ထဲ သိလို့မရတော့ပါဘူး။ ဒါကြောင့် အချက်ပေါင်းများစွာ သိနေဖို့ လိုအပ်ပါတယ်။ အချက်တစ်ချက်ထဲ သိတဲ့လူသည် တစ်ယူသန် ဖြစ်တတ်ပါသည်။ ဥပမာ သစ်ပင်တစ်ပင်မှ သီးလာတဲ့ အသီးသည် အချိန်တန် ကြွေကျပြီး အစေ့ကနေ အပင်ပြန်ဖြစ်လာတာကို သိကြမှာပါ… ဒါကို ငြင်းဆန်လို့ မရပါဘူး။ ပင်မသစ်ပင်မှ သီးတဲ့အသီးနဲ့ အဲဒီပင်မအသီးကနေ ပြန်ပေါက်လာတဲ့ အပင်က သီးတဲ့အသီးကလည်း အတူတူပါပဲ။ ဒါကြောင့် ကျွန်တော်အပေါ်မှာ ပြောခဲ့သလို ဒါနကို တစ်မျိုးထဲ သိထားတော့ အလှူလုပ်တာကို တစ်မျိုးတွေးမိနေတယ်။ တကယ်တော့ အတူတူပါပဲ။ ထို့အပြင် ဒါန၊ သီလ၊ ဘာဝနာ အားလုံးကို သိရှိဖို့လည်း လိုအပ်ပါတယ်။

ဒါနမရှိလျှင် ရိက္ခာမပါသော ခရီးသွား၊ ဒါနနည်းလျှင် ရိက္ခာနည်းသော ခရီးသွားနှင့် အလားတူ၏။ သီလမရှိလျှင် ခြေကျိုးသော ခရီးသွား၊ သီလနည်းလျှင် ခြေမသန်သော ခရီးသွားနှင့် အလားတူ။ ၀ိပဿနာမရှိလျှင် မျက်စိမမြင်သော ခရီးသွား၊ ၀ိပဿနာနည်းလျှင် မျက်စိမွဲသော ခရီးသွားနှင့် အလားတူ၏။ မေတ္တာထားပြီး ရေးရရင်တော့ စာဖတ်သူတွေကို ရိက္ခာလည်း ပါစေချင်တယ်၊ ခြေလည်း မကျိုးစေချင်ဘူး၊ မျက်စိလည်း မမွဲစေချင်ဘူး အကောင်း ပကတိအတိုင်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ တောင်းဆုပြုပါတယ်။ ကျွန်တော်နာဖူးတဲ့ တရားထဲကအတိုင်း ပြန်လည် မျှဝေတာပါ။


နောက်တစ်ချက် စဉ်းစားမိတာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုးတက်တဲ့လူက တိုးတက်ပြီး အောက်နိမ့်ကျတဲ့ လူတွေက အဆမတန် နိမ့်ကျနေတယ်။ မညီမျှခြင်းဆိုတာ ဘာကြောင့်လို့ ထင်သလဲ…???

ယနေ့ကမ္ဘာမှာ ပညာတတ်တွေ စုစည်းထားတဲ့ နိုင်ငံတွေသာ ထိပ်ဆုံးမှာ နေရာယူနေကြတာပါ။ အားလုံးသိတဲ့အတိုင်း ပညာတတ်တဲ့အတွက် မစော်ကားရဲဘူး၊ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်၊ လေးစားကြတယ်၊ ရန်မပြုကြဘူး။ ကျွန်တော်တို့ နိုင်ငံမှာကတော့ အားနည်းနေသေးတယ်။ ဒါကြောင့် မညီမျှခြင်းဆိုတဲ့ နိမ့်ကျနေတဲ့ လူတွေများနေတယ်။ တိုးတက်သင့်သလောက် မတိုးတက်ပဲ နောက်ကျနေခဲ့တာ.. အသိပညာ လိုက်စားမှု အားနည်းခဲ့လို့ ဖြစ်နိုင်တယ်။ ပညာရှိမှဖြစ်မယ် ဆိုတာကိုလည်း ပေါ့ပေါ့ပဲ တွေးခဲ့ကြတယ်။ ဒါကြောင့် သိအောင်လည်း မကြိုးစားကြဘူးလေ။ ဆန်ရေစပါး ပေါကြွယ်ဝရင် ပြီးတာပဲဆိုတဲ့ ခေတ်ကကုန်ခဲ့ပါပြီး။ ရေးတတ်ဖတ်တတ်ဆို ကျောင်းထွက်ကြတဲ့ အကျင့်ဆိုးကိုလည်း ဖျောက်ဖျက်သင့်ပါပြီး။ ပညာသင်ပေးတဲ့ ကျောင်းကိုမှ တက်ခွင့်မရတော့ရင် တိုးတက်ဖို့အတွက် ဘယ်မှာရှိမလဲ… အလိမ္မာ စာမှာရှိဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ်မဟုတ်လား… ရှေးထုံးကိုလည်း မပယ်နဲ့ ဈေးသုံးကိုလည်း မကြွယ်စေနဲ့လို့ သိထားမှတော့ ကိုင်းကျွန်းမှီ ကျွန်ကိုင်းမှီ ပညာအသိ လူမှာရှိမှ ဗဟုသုတပြည်စုံရတဲ့။ ထားပါတော့ အခြေအနေအရ ရေးတတ်၊ ဖတ်တတ်လောက်နဲ့ ကျောင်းထွက်လိုက်တယ်… ဒါဆို နောက်ထပ်အသိပညာ ကြွယ်ဝအောင် ဘာလုပ်ကြမလဲ… အသိပညာ မရှိရင်တော့ လူလိမ်ခံရမယ်။ ဘယ်တော့မှ ချမ်းသာလာမှာမဟုတ်ဘူး အမြဲတမ်းကျွန်ပဲ ဖြစ်နေမယ်။ ဒါကြောင့် ရှေးလူကြီးတွေက ပညာတတ်တွေနဲ့ပေါင်း ဒါမှပညာရှိမယ်… ပညာရှိမှ ဥာဏ်ကောင်းမယ်လို့ ပြောကြတာပါ။ ဥာဏ်ကောင်းမှ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန်ရောက်နိုင်မှာ မဟုတ်လား။

နောက်ထပ် မြင်နေတာလေးတွေကိုလည်း ပြောပါရစေ… အဲဒါက လူ့အဆင့်အတန်းတွေ ဘာကြောင့် ကွာနေရသလဲ ဆိုတာပါပဲ… အဓိကက စာမဖတ်လို့ပါ။ အဲဒါဟာ အမှန်ကန်ဆုံး အချက်ပါပဲ။ ကမ္ဘာမှာ ယှဉ်မယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ စာဖတ်ချင်စိတ် မရှိကြလို့ နိုင်ငံတကာထက် နောက်ကျနေတာပါပဲ…။ အနောက်နိုင်ငံတွေမှာက မီးရထားစီး ကားစီး အမြဲတမ်းစာအုပ် တစ်အုပ်ဖတ်နေကြတယ်။ ချစ်သူရည်းစား ရှိတဲ့လူမှအပပေါ့။ ဒါပေမယ့် များသောအားဖြင့် စာဖတ်ကြတဲ့ အကျင့်တွေရှိတယ်… အနောက်နိုင်ငံတွေက စာကြည်တိုက်တွေမှာ လူတွေပြည့်နေကြတယ်… ကျွန်တော်မြင်ဖူးတဲ့ ဒဂုံတက္ကသိုလ် ကန်တင်းထဲက ဆိုင်တွေလိုပါပဲ…. ^_^

အမှန်တကယ်တော့ စာမဖတ်နိုင်တဲ့ လူတွေဟာ တရားနာပေးရပါမယ်။ အသိပညာကြွယ်ဝစေမယ့် တစ်ချို့စာအုပ်တွေက ဆင်းရဲသားတွေအတွက် ဒါမှမဟုတ် လူလတ်တန်းစားတွေ ၀န်ထမ်းတွေအတွက် ၀ယ်ဖတ်ဖို့ မလွယ်ကူပါဘူး။ ထို့အပြင် အထောက်အကူပြုတဲ့ စာကြည့်တိုက်တွေကလည်း နေရာအနှံ့မှာ မရှိသေးဘူး။ အခုနောက်ပိုင်းမှာ ပုဂ္ဂလိဂ နှင့် နိုင်ငံတော်ပိုင်း မြို့ရွာပိုင်း စာကြည့်တိုက်တွေ တည်ထောင်လာတာ တွေ့ရှိရပါတယ်။ သတင်းစားထဲမှာ စာကြည့်တိုက်တစ်ခု ဘယ်မြို့ ဘယ်ကျေးရွာမှာ ဖွင့်လှစ်လိုက်ပြီး ဆိုတာကို ကြားလိုက်တာနဲ့ ရွာမှာ သူကြီးသမီး ယောင်္ကျားနောက် လိုက်ပြေးတာထက်ကို ကျွန်တော်ပိုပျော်ပါတယ်။

အလှူအကြောင်းကို ပြန်ဆက်ကြရအောင် အလှူမမှားစေနဲ့ ဆိုတာက သေသောသူကို ရည်စူးပြီး လုပ်တဲ့အလှူက သေသူအတွက် ကောင်းပါတယ်။ သေသူကလည်း ရောက်ရာဘ၀ကနေ သာဓုခေါ်နိုင်သလို မိမိသည်လည်း ကုသိုလ်ရရှိပါတယ်။ ဒါပေမယ့် လွဲမှားနေတာက ကျွန်တော်တို့ ပတ်ဝန်းကျင်က လူသေပြီးဆိုရင် ဘုန်းကြီးပင့် သရဏံဂုံ တင်ကြတာပါ။ ကျွန်တော်လည်း အရင်က တရားစာပေတွေနဲ့ ဝေးနေတော့ ဗုဒ္ဓရဲ့ စစ်မှန်သော အဆုံးအမတွေကို မရဘူး။ မှားနေတာတွေက အမှန် နေရာယူပြီး ကြီးပြင်းလာတယ်။ ကိုယ့်ပတ်ဝန်းကျင် ပြန်ကြည့်လိုက်တော့လည်း လူတိုင်းက ဒီလိုပဲ ပြောနေကြတယ်။ မောင်နီသေတာ သရဏံဂုံ တင်လိုက်တယ်။ အခုနောက်ပိုင်းမှ သရဏံဂုံတင်တဲ့ အနက်အဓိပ္ပာယ်ကို သေချာသိသွားတော့တယ်။ အဲဒီအတွက် တရားပြပေးတဲ့ သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေ အားလုံးကို ကျေးဇူးတင်ရမှာပါ။ မိမိ၏ သိလိုချင်တဲ့ စိတ်ကိုလည်း အသိအမှတ် ပြုရမှာဖြစ်ပါတယ်။ ငြိမ်ငြိမ်မနေတတ်တာက ဖြန့်ဝေချင်တဲ့ ဆန္ဒပါ။ ကိုယ်သိရင် သူတပါးကိုပါ ပေးသိချင်တဲ့ ပင်ကိုယ်ဗီဇကြောင့်ပဲ သရဏံဂုံ ဘာကြောင့်တင်ရသလဲ ဆိုတာလေးကို ကျွန်တော်သိသလောက် ပြောပြပါရစေ…။

သေသူကို သရဏံဂုံ တင်ပေးလို့ မရသလို၊ အသက်ရှင်သူကိုလည်း တင်ပေးလို့ ရတာမဟုတ်ပါဘူး။ အမှန်တကယ်တော့ ကိုယ်တိုင်ဆောက်တည်ရခြင်းပင် ဖြစ်ပါတယ်။ ဆောက်တည်တာ ဖြစ်တဲ့အတွက် အသက်ရှင်နေတဲ့ လူတွေသာ ဆောက်တည်လို့ ရတဲ့ သရဏံဂုံလို့ မှတ်ယူရပါမယ်… ဒါဆို သေသူကို သရဏံဂုံ တင်ပေးတယ်ဆိုတာ ဖြစ်နိုင်ပါအုံးမလား…. မဖြစ်နိုင်တာကို အခုသိပြီးဆိုရင် နောင်မှာ သေသူကို သရဏံဂုံ တင်ပေးပါ အရှင်ဘုရားလို့ မလျှောက်ကြပါနဲ့တော့… တကယ်တော့ ကျန်ရစ်ခဲ့တဲ့ လူတွေကို အသိဝင်အောင် တရားဖြင့် သရဏံဂုံ ဆောက်တည်တာပါ။ စိတ်နှလုံးသွင်းယူတာ မှားနေတဲ့အတွက် သေသူဆီကိုပဲ ရောက်ပြီး တရားမမှတ်နိုင် ပူဆွေးသောက ထက်ရောက် နေရလေ၏

ဗုဒ္ဓဘာသာမှာ သရဏဂုံ ဆောက်တည်ထားတဲ့ သူတွေအတွက် သရဏဂုံ ပျက်ခြင်းအကြောင်း နှစ်မျိုးရှိပါတယ်။ တစ်မျိုးက သေသွားရင် သရဏဂုံ ပျက်သွားပြီး နောက်တစ်မျိုးကတော့ ရတနာသုံးပါးထက် ကျန်တဲ့အရာတွေကို ပိုပြီးအားကိုးယုံကြည် ကိုးကွယ်ရင် သရဏဂုံ ပျက်ပါတယ်။ တစ်ချို့က ရတနာသုံးပါးအပေါ် ယုံကြည်ကိုးကွယ်မှု မပျက်ပေမယ့် အခြေအနေအရ တစ်ခြားအယူဝါဒတွေကို ကိုးကွယ်ပူဇော် ပသနေရတာတွေ ရှိပါတယ်။ ဥပမာ ကြောက်လို့ပဲ ဖြစ်ဖြစ်၊ လာဘ်လာဘကြောင့်ပဲ ဖြစ်ဖြစ်၊ အစဉ်အလာ ကိုးကွယ်လာမှုများကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ ဒီလို ကိုးကွယ် ပူဇော်မှုမျိုးမှာတော့ သရဏဂုံ မပျက်ပါဘူး။ သရဏဂုံတော့ ညစ်နွမ်းပါတယ်။

ဒီနေရာမှာ ပြောချင်တာက သေသွားရင် သရဏဂုံ တင်ပေးလို့ မရတော့တဲ့အပြင် အသက်ရှင်စဉ်က ဆောက်တည်ခဲ့တဲ့ သရဏဂုံပါ ပျက်သွားတာဖြစ်တဲ့ အတွက် သေသူကို သရဏဂုံ တင်တယ်ဆိုတာ မှားနေတဲ့ အယူအဆ ဖြစ်တယ်ဆိုတာ ပြောချင်တာပါ။ တစ်ခုတော့ ရှိတယ်။ သေသူကို သရဏဂုံတင်တာ မဟုတ်ဘဲ သေတဲ့သူကို ရည်စူးပြီး ကုသိုလ်လုပ် အမျှပေးဝေပေးတာ၊ သေသူကို အကြောင်းပြုပြီး ကျန်ခဲ့တဲ့သူတွေမှာ သောကပရိဒေ၀ တွေကြောင့် သရဏဂုံ ညှိုးနွမ်းနေတဲ့အပေါ်မှာ ပြန်လည်သတိတရ ဖြစ်လာအောင် ကုသိုလ်လုပ်ကြတယ် ဆိုရင်တော့ ဒါဟာ အဓိပ္ပါယ်ပြည့်ဝပြီး စာပေနဲ့ညီကာ သဘာဝလည်း ကျပါတယ်။ အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။ သေသူကို သရဏဂုံတင်တာ မဟုတ်ဘဲ သေသူကို ရည်စူးပြီး ကုသိုလ်လုပ်တာ ဆိုရင်တော့ သေတဲ့နေကစပြီး အချိန်မရွေး၊ နေရာမရွေး အကန့်အသတ်မရှိ ကုသိုလ်လုပ် အမျှပေးဝေနိုင်ပါတယ်။ သေသွားတဲ့သူက သာဓုခေါ်နိုင်လို့ ခေါ်သွားရင် သူ့အတွက် ကောင်းသွားပြီး မခေါ်နိုင်လည်း ကျန်တဲ့သူတွေအတွက် ကုသိုလ်ရစေတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။

အထက်ပါ စာပိုဒ်နှစ်ပိုဒ်သည် ဆရာတော်အရှင်ဝိစိတ္တမှ ဗုဒ္ဓဘာသာဝင်တွေ လွဲနေတဲ့အကြောင်း ရှင်းပြထားတာကို ဖတ်ရ၍ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ အဓိက ရည်ရွယ်ချက်သည် အလှူအတန်း ရက်ရောတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ လွဲမှားနေတဲ့ အယူတွေကို ထင်သာမြင်သာမိ၍ စေတနာဖြင့် ရေးသားခြင်းဖြစ်ပါသည်။ ဒီလောက်ဆိုရင် အားလုံးရှင်းလောက်ပြီးလို့ ထင်ပါတယ်။ သရဏံဂုံတင်လို့မရ ဆောက်တည်မှသာ ရသည်ဖြစ်ကြောင်းနှင့် သေသူကိုရည်စူးပြီး လုပ်တဲ့အလှူတွင် မိမိသာလျှင် သရဏံဂုံ ဆောက်တည်ခြင်းကို သိရှိပြီး လွဲမှားခဲ့တဲ့ အစွဲများကို အမှု့မဲ့အမှတ်မဲ့ မနေပဲ ၀ိုင်းဝန်းပြင်ဆင်ကြပါစို့….။

NPNGMMP

Loading...

 
RSS FeedRSS Subscription!
Follow me!Follow me!