Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Thursday, November 25, 2010

အားတက်စရာရှိမှ အမျိုးကိုလည်း ပိုချစ်တတ်မယ်

အောက်မှာဖော်ပြထားတဲ့ သီချင်းမျိုးတွေ များများနားထောင် စေချင်တယ်... ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သံယဇာတလည်း ပေါကြွယ်ဝတယ်။ ရှုခင်းတွေလည်း ကောင်းတယ်... ရှေ့ဟောင်းရိုးရာ အမွေအနှစ်တွေလည်း အများကြီးပါပဲ။ ထုံတမ်းအစဉ်အလာ ယဉ်းကျေးမှု ရှိတဲ့ မြန်မာပြည်ကြီးပါ...။ ကိုယ့်တိုင်းပြည်ကို ဂုဏ်မြှင့်ပေးတဲ့ သီချင်းတွေကို ဂုဏ်ယူစရာအဖြစ် ဖော်ပြပေးရမှာပါ။ သူများကို မကြည်ညိုရင် ဘာမှမဖြစ်ဘူး... ကိုယ့်ကိုယ်ကို မကြည်ညိုရင် အပ္ပာယ်ကျတတ်တယ်... ဒီသဘောတရားကို သိကြတာမှန်ပါတယ်။ ဒါဆို ကိုယ့်နိုင်ငံကို ကိုယ်မလေးစားရင် မချစ်မြတ်နိုးရင် ဘယ်သူတွေက ချစ်မြတ်နိုးမှာလဲ... စုတ်ပြတ်သတ်နေတာတွေကို ဖော်ထုတ်ပြီး အပြစ်ပြောနေဖို့ မလိုပါဘူး။ ဖော်ထုတ်ပြီး အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေကို ကိုယ်တတ်နိုင်ရင် ကိုယ်လုပ်ရမယ်။ မလုပ်နိုင်ရင် မိတ်ဆွေ အပေါင်းအသင်းတွေထံမှ အကူအညီတောင်းရမှာပေါ့။

မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံမှာ ဒီလိုအနေဆင်းရဲ အစားဆင်းရဲနေပါတယ်ဟု လူသိရှင်ကြား ဖော်ထုတ်ပြတယ်ဆိုတိုင်း အဲဒီလူကို လေးစားဖို့ မလိုပါဘူး။ ရည်ရွယ်ချက်ကို ကျွန်တော်တို့ ကြည့်ဖို့လိုအပ်ပါတယ်။ နောက်တစ်ချက် အရေးကြီးဆုံးက အဲလိုဖော်ထုတ်တဲ့ လူ(သို့)အဖွဲ့အစည်းသည် သူတို့ဖော်ထုတ်လိုက်တဲ့ ဥပမာ-သူတောင်းစား တစ်ယောက်ရဲ့ဘ၀ကို ဘယ်လိုထောက်ပံ့ပေးနိုင်မလဲ ဘယ်လိုအကျိုးမျိုးကို ဆောင်ရွက်ပေးနိုင်မလဲ... အဲလိုမှ လုပ်ဆောင်ချက်မရှိပဲ... လူတစ်ယောက်ကို၊ အဖွဲ့အစည်းတစ်ခုခုကို မကျေနပ်လို့ လုပ်နေတယ်ဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံက သူတောင်းစားကို စော်ကားတာပဲ။ သူတောင်းစားလဲ လူပါပဲ... မြန်မာနိုင်ငံသားပါပဲ... သူမှာလည်း အသွေးသားနဲ့ တည်ဆောက်ထားတာပါ။ ဒီကိစ္စနဲ့ ပတ်သတ်လို့ အင်တာနက်မှာ လူတွေက တော်တော် စိုးစိုးရွားရွားတွေကို အချိန်ကုန်ခံ ငွေကုန်ခံပြီး ဖော်ပြလေ့ရှိပါတယ်။ အမှန်တကယ်တော့ မလုပ်သင့်ပါဘူး...။ လူနေမှုစနစ်ကို ဖော်ပြချင်တာက နည်းနည်း နိုင်ငံရေး လုပ်ချင်တာက များများဖြစ်နေတယ်... နောက်ပြီး အကြီးအကဲတွေကို မကျေနပ်တာနဲ့ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်မှုတွေ ပါဝင်လာရတာ မျက်ဝါးထင်ထင် မြင်တွေ့နေရတာပဲ...။ ခင်ဗျားတို့ ဖော်ပြမယ့် လူတွေရဲ့ မျက်နှာတွေ ဘ၀တွေကို ကိုယ်ချင်းစာပြီး သနားတယ်ဆိုရင် သူတို့ကို ခုတုံးမလုပ်ပါနဲ့ လို့ မြန်မာလူမျိုးအချင်းချင်း ကိုယ်ချင်းစာတရားလေး ထားတတ်ဖို့ ပြောချင်ပါတယ်။

အရေးခင်းတုန်းကလည်း ကိုယ့်မြန်မာအချင်းချင်း ပြန်သတ်တဲ့ ပုံတွေ ဗွီဒီယိုဖိုင်တွေကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီး ပြသခွင့်ပိတ်ခဲ့တယ်။ မြန်မာလူမျိုး တစ်ယောက်ရဲ့ အသက်ကို ဒေါ်လာ ၅၀ နဲ့တန်ကြေးဖြတ်ပြီး သတ်ပေးခဲ့တဲ့ လူတွေ အမျိုးယုတ်ခဲ့တယ်။ တွေးမိတိုင်း စိတ်နာပါတယ်။ ကျွန်တော်တို့ လူမျိုးမဟုတ်ဘူးလို့ပဲ ကျွန်တော်မြင်ပစ်လိုက်ပါတယ်။ အဲဒီလောက် ကိုယ်ချင်းစာတရား ကင်းမဲ့ကြလို့...။ ကမ္ဘာကမြင်သွားရင် မြန်မာလူမျိုးဆိုတာ ဒီလိုလား.... သီချင်းထဲမှာတော့ အစဉ်အလာကြီးမားလိုက်တာ တကယ်တော့ စာနာစိတ်မရှိတဲ့ လူတွေလို့ သတ်မှတ်ခံရမှာ။ စိတ်ဓာတ်တွေ အရမ်းကွာပါတယ်... ကျွန်တော်တို့ဆို ဘယ်တော့မှ နိုင်ငံမကောင်းကြောင်း အပြောမခံဘူး... အပြောခံဖို့ မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်လာတာ မဟုတ်ဘူး... ကိုယ့်နိုင်ငံဂုဏ်ကို ကိုယ်တိုင် ထိန်းသိမ်းမှ သူတပါး အထင်သေး မခံရမှာပေါ့ဗျာ... အခုလူတွေက ကမ္ဘာကိုငါ့တို့လူမျိုးက သူတောင်းစားဖြစ်နေပါပြီး ဟု တရားဝင် ပြသနေတယ်လေ။ မီဒီယာတွေက ပိုက်ဆံရဖို့ပဲ ကြည့်ကြတယ်။ နိုင်ငံကြီး ပျက်နေလဲ ဂရုမစိုက်တော့တဲ့ ခေတ်ကိုရောက်နေပြီးလေ။ သူတို့ရဲ့ မျှော်လင့်ချက်ဟာ ကင်းမဲ့သွားတဲ့အတွက် မြန်မာနိုင်ငံကြီး ပျက်စီးသွားဖို့သာ ရည်ရွယ်နေပါတော့တယ်။

ထို့ကြောင့် အပြင်မှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို သီချင်းဆိုခိုင်း ကခိုင်း ပြီးတော့ အင်တာနက်မှာ ဖော်ပြ ခေါင်းစဉ်တွေကတော့ တပ်ချင်ရာတပ်လိုက်ကြတယ်။ တကယ်တော့ ခေါင်းစဉ်တွေ လွဲနေကြတာပါ... အမှန်တရားက ဒီလိုဖြစ်ရမှာပါ... ဥပမာ သူတောင်းစားတွေ ဆင်းရဲနွမ်းသူတွေကို ဖော်ပြမယ်ဆိုရင်လည်း ချမ်းသာကြွယ်ဝတဲ့လူတွေ လှူနိုင်အောင် စေတနာတွေ ရှိလာအောင် ကိုယ်ချင်းစာတတ်အောင် ပညာပေးအစီအစဉ် လုပ်ကြရမှာပါ...။ အခုဟာက သူတို့အုပ်ချုပ်လို့ ဒီလိုဖြစ်တယ်... အပြစ်ပြောချင်လို့ လိုက်ရှာနေတဲ့ သဘောပေါက်နေတယ်လေ။ ဒါဆို ကျွန်တော်တစ်ခုပဲ မေးချင်တယ်... နောက်လူအုပ်ချုပ်တော့ရော... နိုင်ငံမှာ ဆင်းရဲနွမ်းပါးတဲ့သူ မရှိတော့ဘူးလား... သူတောင်းစားတွေ လုံးဝပပျောက်သွားမှာလား.... ယနေ့ခေတ် တိုးတက်နေပါတယ် ဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် သူတောင်းစားတွေ ရှိနေသေးတယ်။ ဆင်းရဲနွမ်းပါးတဲ့ လူတွေအများကြီး ရှိတာ အားလုံးသိကြမှာပါ။ နိုင်ငံကြီးတွေမှာတောင် ရှိသေးတာပဲဆိုပြီး ကျွန်တော်တို့က ဂုဏ်ယူနေဖို့ ဒီအမြင်တွေကို ချပြတာမဟုတ်ဘူး။ ဘယ်နိုင်ငံမှာမဆို အဆင့်အတန်းဟူသည် သတ်မှတ်ချက်တွေ အောက်မှာရပ်တည်ကြတယ်။ အဓိက လုပ်ဆောင်ရမှာက ၀ိုင်းဝန်းကူညီမှု လူသားချင်း စာနာစိတ်... ကိုယ်သတင်းရရှိဖို့ မြန်မာနိုင်ငံသား တစ်ယောက်ကို အစားထိုးပြီး လုပ်လိုက်ရတာမျိုး မဖြစ်ပါစေနဲ့။ ခင်ဗျားယူလိုက်တဲ့ သတင်းအတွက် ကုန်ကျတဲ့ ပိုက်ဆံလေး ထောင်ဂဏာန်းဟာ မပြောပလောက်ပေမယ့် သူ့အတွက်ရင်ထဲက နိုင်ငံအပေါ်ထားတဲ့ ပကတိစိတ်တွေ ရိုးသားမှုတွေ အမျိုးချစ်စိတ်တွေ ပျောက်ကွယ်သွားရခြင်းသည် အနစ်နာဆုံးသော လုပ်ရပ်တစ်ခုလို့ သတ်မှတ်နိုင်တယ်။ ဆင်းရဲနွမ်းပါးတဲ့ လူလည်းလူပါပဲ သူတောင်းစားလည်း လူပါပဲ... တိုင်းပြည်ချစ်စိတ်တော့ ရှိမှာပဲ။ ပိုက်ဆံရလို့ လုပ်လိုက်ရပေမယ့် မြန်မာနိုင်ငံက ကမ္ဘာ့အလည်မှာ ရှက်စရာဖြစ်စေတယ်။ ဒါတွေကို မည်သူတွေ လုပ်နေသလဲဆိုတာ ကျွန်တော်ပြောဖို့ လိုမယ်မထင်ပါဘူး။ ကျွန်တော်တို့လို လူတွေက ဒီကိစ္စတွေကို မကျေနပ်လို့ ပြန်လည်ဖော်ထုတ်နေတာပါ။ အမှန်ဆုံးကတော့ မြန်မာနိုင်ငံ သိက္ခာကျအောင် မြန်မာလူမျိုး အရှက်ရအောင် မြန်မာပြည်မှာမွေး မြန်မာအမည်ခံထားပြီး ပြည်ပြေးတဲ့လူတွေ ပြည်ပနိုင်ငံသား ခံယူထားတဲ့ လူတွေပဲ ဖြစ်ပါတယ်။

ဟိုတလောက အင်တာနက်မှာ ကြားရသလို သူငယ်ချင်းတွေကလည်း ပြောပါတယ်။ စ လုံးမှာ အခြေအနေ မကောင်းတော့ဘူး။ ရိုင်းပင်ကူညီပါတယ်ဆိုတဲ့ မြန်မာလူမျိုး အချင်းချင်းလည်း ရိုက်စာလုပ်နေကြပြီးတဲ့။ သြော်... ဒီလိုလဲ ရှိကြမှာပေါ့လေလို့ တွေးမိပါတယ်။ ဒါပေမယ့် အဆိုးဆုံး သိရတာက မြန်မာတွေရဲ့ အရည်အချင်းတွေကို ကျွန်တော်တို့ မြန်မာတွေပဲ နှိမ့်ချတာပါတဲ့... ဘာကြောင့်လဲလို့ ကျွန်တော်က မေးလိုက်တော့ စ လုံးမှာက အခုနောက်ပိုင်း အလုပ်တွေက မရတော့ဘူး... အလုပ်ရဖို့ အင်မတန် ခက်ခဲတယ်တဲ့။ မြန်မာလူမျိုး စ လုံးမှာ ကြီးပျင်းနေတာကလည်း အထူးအစမ်း မဟုတ်တော့ပါ။ ဒါပေမယ့် လူဦးရေ များလာတဲ့အတွက် ကန့်သတ်ချက်တွေ ရှိလာပါတယ်။ အခုနောက်ပိုင်း စင်္ကာပူမှာ နိုင်ငံသားအဖြစ်တောင် ခံယူခိုင်းနေကြတယ်။ စရောက်ခါစ မြန်မာတွေအတွက် အခက်အခဲက စ လုံးက အလုပ်ပိုင်ရှင်တွေက အလုပ်မခန့်နိုင်တဲ့ ကိစ္စပဲ။ အလုပ်မရလို့ မပြန်ချင်ဘူးလေ။ ကိုယ့်အရည်အချင်းကိုတော့ ကိုယ်သိတယ်... မြန်မာနိုင်ငံကို မပြန်ချင်တော့ လခကို လျှော့ချပြီး ယူပါမယ်ဆိုတဲ့ စိတ်မျိုးတွေနဲ့ အလုပ်လျှောက်ကြတယ်။ စင်္ကာပူက လူတစ်ယောက် ပြောဖူးတယ်... သူတို့စရောက်တုန်းက မြန်မာလူမျိုး ဘွဲ့ရပြီး ကျွမ်းကျင်မှု တစ်ခုအနေနဲ့ တတ်ထားပြီး သူတွေသည် အနည်းဆုံး ၁၈၀၀ ဒေါ်လာလောက် ရပါတယ်တဲ့။ အခုနောက်ပိုင်း မြန်မာတွေ ဘယ်လောက်နဲ့ အလုပ်လုပ်နေကြလဲ သိလားဆိုတော့ ကျွန်တော်လည်း မသိလို့ ပြောပြပါအုံးဆိုတော့ သူကပြောပါတယ်... ၁၀၀၀ နဲ့ ၁၂၀၀ ဒေါ်လာ ကြားထဲမှာ အလုပ်လုပ်နေကြတယ်။ တစ်ချို့ဆို ၁၀၀၀ ဒေါ်လာနဲ့ စားဝတ်နေရေး ပြဿနာတွေတောင် ရှိတယ်လို့ ဆိုပါတယ်။ ပိုက်ဆံရတာ မရတာထက် သေချာစဉ်းစားကြည့်ရင် အရည်အချင်းတွေ ချပစ်လိုက်တာပဲ။ မြန်မာနိုင်ငံကြီးက လုပ်လိုက်တာ မဟုတ်ဘူး။ မြန်မာလူမျိုးတွေက မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ချပစ်ကြတာ။ ကဲ...ဘယ်သူ့ကို အပြစ်တင် နေဦးမှာလဲ...

နောက်တစ်ချက် ရှိပါသေးတယ်... ဒါကကျွန်တော်နဲ့ သိပ်မဆိုင်ပါဘူး... လူမှုရေး ပြဿနာတွေပါ။ အနည်းငယ် ဖော်ပြချင်ပါတယ်။ ကိုယ့်ဆန္ဒအလျှောက် ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကြိုက်ချင်သူကိုကြိုက် ချစ်ချင်သူကို ချစ်နိုင်ပါတယ်။ ဒါပေမယ့် တပ်မတော်ကို ကြည့်မရဘူး... တပ်မတော်မကောင်းဘူး တပ်မတော်ကို မုန်းတယ် ဟုကြွေးကြော်သံ ကြားလိုက်ရပါတယ်။ များမကြာခင်မှာပဲ သူ့နောက်ကြောင်းလေး လိုက်မိတဲ့အခါ ထွက်လာတဲ့ သတင်းတွေက မြန်မာနိုင်ငံမှာ စစ်မှုထမ်းနေတဲ့ တပ်မတော်သား တစ်ယောက်နဲ့ ရည်းစားဖြစ်နေတယ်တဲ့။ နေ့မအား ညမနား စကားတွေ ပြောနေကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက စုတ်ပြတ်သတ်နေတာပဲ... ဒါက ရှင်တို့ တပ်မတော်ကြောင့်ဆိုရင် ကိုယ်ကြိုက်နေတဲ့ လူကတပ်မတော်ထဲက တပ်မတော်သား တစ်ယောက်ဖြစ်တယ် ဆိုတာကို ခေတ်ပညာတတ် တစ်ယောက်အနေနဲ့ သိသင့်ပါတယ်။ ပြောချင်ရင်လည်း လွတ်လွတ်ကျွတ်ကျွတ် နေပြီးတော့ ပြောပါ။ မချစ်ပဲနေနိုင်ရင် မပတ်သတ်ကြနဲ့ပေါ့ဗျာ။

လူတိုင်းသည် ကိုယ့်အမျိုးထိရင် ဘယ်သူမှ မခံချင်ကြဘူး။ လူမှုရေးနဲ့ နိုင်ငံရေး၊ အချစ်ရေးနဲ့ နိုင်ငံရေး ရောမယ်ဆိုရင် ခင်ဗျားတို့အတွက် ပြဿနာတစ်ရပ် ဖြစ်သလို တရားနည်းလမ်းလည်း မကျဖြစ်တတ်ပါတယ်။ တပ်မတော် မကောင်းကြောင်း လုပ်နေတဲ့ မြန်မာနဲ့ ပတ်သတ်ပြီး ထမင်းစားရနေသော လူများလည်း စဉ်းစားကြပါ ခင်ဗျားတို့ရဲ့ အမျိုးတွေထဲက မိန်းကလေးတွေက ဘယ်သူနဲ့ ချစ်သူဖြစ်နေသလဲ ဆိုတာကိုပေါ့။ တော်ကြာ ကိုယ်ကတော့ မသိပဲ ပြောချင်တိုင်းပြော စော်ကားချင်တိုင်း စော်ကားပြီးမှ ကိုယ်နှမ ကိုယ့်အစ်မတွေက ကိုကို၊ မောင်မောင် ဆိုပြီး ခင်ဗျားတို့ မုန်းတဲ့ တပ်မတော်သားတွေကို ချစ်မိနေမှာ ဆိုးလို့ သတိပေးရခြင်း ဖြစ်ပါတယ်။ ဒါအပြင် စစ်သားဘ၀ဆိုတာ ခင်ဗျားတို့ တစ်ချိန်မှာ နားလည်လာမှာပါ။ ကျွန်တော်တို့ဟာ ပြည်သူတွေကို နှိပ်စက်ဖို့အတွက် တပ်မတော်သား ဖြစ်လာတာမဟုတ်ဘူး။ ပြည်သူတွေသည်လည်း ကျွန်တော်တို့ရဲ့ ဆွေမျိုးသားချင်းတွေပါပဲ။ တာဝန်ဆိုတာကို ထမ်းဆောင်တာခြင်း မတူသေးသရွေ့၊ တစ်နေ့ တပ်မတော်သား ဖြစ်လာခဲ့ရင် ခင်ဗျားတို့ နားလည်လာမှာပါ။ တစ်ခုပဲ တောင်းဆိုပါတယ်။ ဒီမိုကရေစီ ပေးပြီးတဲ့နောက်မှာ စစ်မှုမထမ်းမနေရစနစ်ကို သေချာကိုင်တွယ်ဖို့ အတွက်ပါ။ ဒီစနစ်ကြောင့် ကျွန်တော်တို့ ပြည်သူပြည်သားတွေ အားလုံးနားလည်မှုတွေ ရှိလာပြီး နောင်အနာဂတ်မှာ ဒီထက်တိုးတက်လာပြီး ပိုမိုစည်းလုံးညီညွတ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။


နောက်တစ်ချက်က တပ်မတော်သားတိုင်း ပြည်သူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်... ပြည်သူတိုင်း တပ်မတော်သားတစ်ယောက် မဖြစ်ဖူးဘူး။ ဘယ်လို ဒုက္ခ ဘယ်လိုဆင်းရဲ အားလုံးကို ရင်ဆိုင်ဖူးပါတယ်။ အတိုင်းတာ တစ်ခုအထိတော့ ခံဖူးကြပါလိမ့်မယ်။ စစ်တပ်ထဲဝင်လို့ ချမ်းသာမယ်ဆိုရင် မြန်မာနိုင်ငံမှာ ပြည်သူမရှိတော့ဘူး။ သေချင်သေမယ်၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပြတ်ချင်ပြတ်မယ်... အိမ်ကမိန်းမ မုဆိုးမ ဘယ်ချိန်ဖြစ်မလဲ၊ အဖေမဲ့တဲ့ သားသမီး ဘယ်ချိန်ဖြစ်မလဲ ဆိုတာကို တပ်မတော်သားတွေ ထမ်းထားကြတာပါ။ ဒါဟာ ဘာအတွက်မှ မဟုတ်ဘူး... တိုင်းပြည်ကို ချစ်လို့ပဲ...။ အခု စာရေးသူအနေဖြင့် ရေးနေတယ်ဆိုတာလည်း ဘယ်သူမှ တာဝန်ပေးထားတာ မရှိဘူး။ ကိုယ့်ထမင်း ကိုယ်စားပြီး နိုင်ငံတော်အတွက် ပြည်သူအတွက် တပ်မတော်အတွက် အလုပ်နေတာပါပဲ။ ဒါပေမယ့် ကိုယ့်အလုပ်ရှင်သည် ကိုယ့်ထမင်းရှင်ပဲ သစ္စာတရားကို စောင့်ထိန်းဖို့ လိုအပ်ပါတယ်။

ကိုယ့်နိုင်ငံသိက္ခာ ကျစေတဲ့ အပြုအမှု အလုပ်အကိုင်များကို ကျွန်တော်တို့ အနေဖြင့် ရှောင်ကျဉ်ပြီး မြှင့်တင်ဖို့ အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ မြန်မာလူမျိုးဆိုတာ ဘယ်နိုင်ငံရောက်ရောက် ၀င့်ကြွားစွာ နေနိုင်ရမယ်။ မြန်မာအကြောင်းကို ဂုဏ်ယူစွာပြောနိုင်တဲ့ လူတစ်ယောက် ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းရေးသားလိုက်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ Come to Myanmar ဆိုတဲ့ သီချင်းကတော့ ကျွန်တော်တို့ လူမျိုးတွေအတွက် အားတက်စေတဲ့ သီချင်းလေးတွေပါ... ဒီသီချင်းတွေ နားထောင်လိုက်ရရင် ကြည်နှုးပြီး ကိုယ့်နိုင်ငံကို အထင်ကြီး လေးစားတတ်လာပြီး... လုပ်ရမယ့် အလုပ်တွေသည်လည်း မြှင့်မားလာလိမ့်မယ်လို့ ယုံကြည်ပါရစေ...။

အရောက်သာလှမ်းလာခဲ့ပါ မြန်မာပြည်



Come to Myanmar



Come to Myanmar(English)


NPNGMMP




 
RSS FeedRSS Subscription!
Follow me!Follow me!