Image and video hosting by TinyPic
( ကိုယ်ပိုင်ဘာမှမရှိ )==================အသကော လောကော သဗ္ဗံပဟာယ ဂမနီယံ။ လောကော----------------->လောကကြီးသည်။ အသကော---------------->ကိုယ်ပိုင်ဥစ္စာမရှိပါပေ။ သဗ္ဗံ---------->ရှိပါတယ်ဆိုတဲ့ပစ္စည်းဥစ္စာတွေကို ပဟာယ-------->တစ်နေ့သောအခါပယ်စွန့်ခွာ၍ ဂမနီယံ------------>သွားရမှာချည့် ပါပေတကား။ ===============(သပြေကန်ဆရာတော်)
"ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍ ပုန်းလျှိုးနေခို မသေလိုလည်း ဤကိုယ်မုချ မနေရ" "မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြပါ" စာပေဟောပြောပွဲတွေသည် ရှာဖွေတွေ့ရှိသမျှ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။....နားထောင်မည့်သူများ အနေဖြင့်ကောင်းတာကိုယူပြီး မကောင်းတဲ့အချက်ကိုပယ်နိုင်ပါတယ်။ ရည်ရွယ်ချက်သည်စာပေဟောပြောပွဲမှ ဗဟုသုတနှင့် ကိုယ်ပိုင်တွေးခေါ်တတ်စေရန်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ထပ်တွေ့ ရှိသမျှ ဆက်လက်ဖော်ပြ သွားပါဦးမည်။

Wednesday, November 17, 2010

သဘောတရားကို နားလည်စေချင်သည်

မယောင်ရာ ဆီလူးနေကြမှတော့ မလိုအပ်တဲ့ ပြဿနာတွေ တက်နေတော့မှာပေါ့။ လိုအပ်ချက်မဟုတ်တာကို လောကွပ်လုပ်ပြီး လျှောက်လုပ်နေရင် တိုးတက်မှုဆိုတာ အဘယ်မှာ ရှာတွေ့နိုင်မှာလဲ။ မတိုးတက်ချင်တဲ့ လူတော့ရှိမယ်မထင်ပါဘူး။ သူတပါးကို နင်းပြီးမတက်ဖို့တော့ လိုအပ်ပါတယ်။ ပတ်ဝန်းကျင်မှာ နိုင်ငံရေးနဲ့ ပတ်သတ်ရင် လူတွေက စည်းကမ်းမရှိကြဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံကို တန်ဖိုးထားတာ အားနဲနေတယ်။ စိတ်ပျက်ဖို့ ကောင်းတာက ပါးစပ်ဒိုင်ခံ ၀ါဒီသမားတွေက တွေ့သမျှ လျှောက်ပြောနေတာပဲ... မြန်မာနိုင်ငံကို ပါးစပ်ထဲထည့်ချင်တိုင်းထည့် ထုတ်ချင်တိုင်းထုတ် ၀င်လာတဲ့စကားလုံးတိုင်း ထွက်သွားတဲ့ စကားလုံးတိုင်းဟာ အဓိပ္ပာယ်မဲ့နေတယ်။ တန်ဖိုးကို မရှိသလောက် ဒီလူတွေရဲ့ ပါးစပ်ထဲမှာ ရောက်နေပြီး… ဘယ်သူကမေးမေး မြန်မာကွလို့ ရဲရဲဝံ့ဝံ့ပြောနိုင်ရမှာ… အခုတော့ မြန်မာလို့ ပြောရမှာကို ရှက်စရာ ကောင်းလောက်အောင် လုပ်ရပ်တွေက ဆိုးရွားနေပါတယ်။ အသိတရားလေးနဲ့ စည်းတား ထားစေချင်တယ်။ ကိုယ်တိုင် အရှက်မရှိပေမယ့် ကိုယ့်လူမျိုးတွေမှာ အရှက်တရားရှိတယ် ဆိုတာကို ကိုယ်ချင်းစာတရား ထားပေးကြပါ။ ကိုယ်တိုင်မြန်မာ ဖြစ်နေတဲ့အတွက် အဲဒါမျိုးတွေ မဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းကြပါလို့ အရင်ဆုံးပြောပါရစေ။

လောကမှာ လက်ယောင်လိုက်နေတဲ့ လူတွေအများကြီး တွေ့နေရပါတယ်။ အဲဒီထဲမှာ မြန်မာလူမျိုး အများဆုံးပါပဲ။ နိမ့်ချပြီးပြောခြင်း မဟုတ်ပါဘူး… တစ်ချို့လူတွေက စာတတ်တယ်… ဗဟုသုတမရှိဘူး… တစ်ချို့တွေက ပိုက်ဆံရှိတယ် လူမှုရေးမရှိဘူး… တစ်ချို့တွေက ဂုဏ်ရှိတယ် စည်းကမ်းမရှိကြဘူး… ဒီထက်ဆိုးတာက အသိပညာနှင့် နွယ်နေတဲ့ အတွေးအခေါ် နဲပါးလွန်းတာပါ။ အဲလိုမသိတဲ့လူတွေဟာ များသောအားဖြင့် လူလိမ်ခံရတတ်ပါတယ်။ မခံရသရွေ့မှာ သူ့လုပ်ရပ်ကို မှန်တယ်ဟု အကြိမ်ကြိမ် ထင်နေမိတယ်။ တစ်ခုခုကြောင့် ခံလိုက်ရပြီးဆိုရင်တော့ အကြိမ်ကြိမ် မှားတော့တာပဲ…။ တစ်ချို့တွေက မပြင်ဘူး… မှားတဲ့အတိုင်း လိုက်သွားတယ်။ တစ်ချို့တွေက ပြင်လိုက်ကြတယ်။ အခုပြောချင်တာက လုံးဝကို မသိတဲ့လူတွေပါ… နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်စွာ သိနေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် နကန်းတစ်လုံးမှ မသိပဲ… သူတပါးပြောတာကို မစဉ်းစားပဲ ပြောတတ်ကြတာ အရမ်းဆိုးလွန်းပါတယ်။ စာမေးပွဲတွေ ဖြေတဲ့အခါ ဆရာ/ဆရာမတွေက ဘာကြောင့် တစ်ယောက်နဲ့ တစ်ယောက် မကြည့်ခိုင်တာလဲ သိကြသလား…??? အဖြေက ကိုယ်ပိုင် တွေးခေါ်တတ်အောင် လေ့ကျင့်ပေးခဲ့တာပဲ… ယုံကြည်မှုအပြည့် ရှိအောင် သင်ပေးခဲ့တာ… ကိုယ်ကူးယူတဲ့ လူကမှားနေရင် ကိုယ်လည်းမှားမယ်။ ဒါကြောင့် အမှားမှတဆင့် အမှားတွေထပ်ဆင့် ကူးမိနေမှာကို မဖြစ်အောင် မကြည့်ခိုင်းခဲ့တာပါ။ ဒီအချက်သည် လိုက်ပါလုပ်ဆောင်ဖို့ အတွက် ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ အားနည်းနေပါတယ်… ခံယူချက်ပျက်ပြီး ဦးတည်ရာ မဲ့နေတဲ့ လူတွေလုပ်နေကြတာ ပိုဆိုးပါတယ်။ မြန်မာနိုင်ငံမှာ စနစ်တွေ ကောင်းပါတယ်။ ဆရာ/ဆရာမတွေလည်း သင်ပြပေးတာ ကောင်းပါတယ်။ အကယ်၍ ကိုယ်ကသာ လိုချင်စိတ် ရှိမယ်ဆိုရင် ပညာဆိုတာ မကုန်နိုင်သလောက် ရှိနေမှာပါ။

ပြောတိုင်းယုံလွယ်တဲ့ လူတွေသည် စဉ်းစားဥာဏ် ချို့တဲ့သည့်အတွက် ကိုယ်ချင်းစာတရား မရှိကြပါဘူး။ လုပ်ချင်တာပဲ သိပြီး ဖြစ်လာမည့် အကျိုးအပြစ်ကို ထည့်မတွက်ကြပါဘူး။ ကိုယ်ကောင်းဖို့ တစ်ခုပဲ ကြည့်တတ်ပါတယ်။ အဲဒီလူတွေဟာ တကယ့်လက်တွေ့မှာ အလုပ်လုပ်နေတဲ့ လူတွေထက်ကို ပိုသာပြီး စောဒကတက်နေကြတာ ကိုယ်လုပ်နေရတဲ့ အတိုင်းပဲ တရားဝင်ခြင်း နှင့် တရားမ၀င်ခြင်းကို ကောင်းမွန်စွာ နားမလည်ကြ၊ နိုင်ငံရေးသဘောတရား တွေကိုလည်း နားမလည်ကြ၊ ထို့ကြောင့် ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်ချင်ဇောနဲ့ လုပ်နေကြတယ်။ ကိုယ်မကောင်းတဲ့ အချက်တွေကို မေ့နေကြပြီး... သူတပါး မကောင်းကွက်ကို ရှာကြံအပြစ်ဖို့ နေလို့ကတော့ သေချာတယ် ကိုယ်လိုချင်တဲ့ အတိုင်းဖြစ်လာမှာ မဟုတ်ဘူး။ သတ်မှတ်ထားတဲ့ လမ်းအတိုင်း စနစ်တကျ လျှောက်လှမ်းပြီး လောကသဘာဝကို နားလည်အောင် ကြိုးစားစေချင်တယ်။ တစ်ဖက်သက် စွပ်စွဲချက်တွေက လက်တွေ့မှာ မဟုတ်တဲ့အတွက် ပြောတဲ့လူ ကိုယ်တိုင်မှာပင် အပြစ်ဖြစ်နေပါတယ်။ အပြောခံရသည့်လူ၊ အဖွဲ့အစည်းတစ်ခု အတွက် အပြစ်မဟုတ်တော့ချေ။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး... ဒါပေမယ့် အင်တာနက် စာမျက်နှာမှာတော့ ဝေဖန်ရေးတွေ လေကန်ရေးတွေ စုံစိနေတယ်။ လူတွေက အပြောင်းအလဲ တစ်ရပ်ကို လိုချင်ကြတယ်။ အဲဒီပြောင်းလဲခြင်းသည် စနစ်တကျပဲ ဖြစ်စေရမယ်။ ဘာအတွက်မှမဟုတ်တဲ့ ပြည်သူတွေအတွက် နိုင်ငံတော်အတွက် ဖြစ်တည်ရမယ်။

နောက်တစ်ခု စဉ်းစားရမှာက ရွေးကောက်ပွဲ ပြီးဆုံးသွားပါပြီး... ပြီးဆုံးခြင်း သဘောတရားကိုလည်း နားလည်စေချင်တယ်။ သမ္မတဖြစ်လာမည့် အထဲမှာ ကျွန်တော့်အမျိုးလည်း မပါဘူး။ ဘယ်ပါတီအကြီးအကဲမှ ကျွန်တော်နဲ့ အမျိုးမတော်ဘူး။ တော်ခဲ့ရင်လည်း ကိုယ်ပိုင်ဆန္ဒအတိုင်း မဲပေးခွင့်ရှိနေတာ ဖြစ်တဲ့အတွက် ကြိုက်ရာကို ပေးမှာပါ။ ဒီကိစ္စတွေက နိုင်ငံနှင့်ချီပြီး လုပ်နေတာ ဖြစ်တဲ့အတွက် မကြိုက်ရင် အမှတ်စဉ်(၁)က ပြန်စလို့ မရတော့ပါဘူး။ မပြီးဆုံးခင်မှာသာ ဘာလုပ်ရမယ် ဆိုတာကို သေချာ ဆုံးဖြတ်ရမှာပါ။ ဆုံးဖြတ်ပြီးလို့ ပေးခဲ့တဲ့ ကိုယ့်ဆန္ဒမဲတစ်ခုကို တန်ဖိုးထားပြီး... ရလဒ်ကို စောင့်ကြည့်ကြပါစို့လား။ ပြည်သူက မဲပေးတဲ့ ဒီရွေးကောက်ပွဲ ရလဒ်ကမှ တရားမမျှတရင် ဘယ်အရာက မျှတနေတော့မှာလဲ။ ဘာကြောင့် မမျှတချင်ရတာလဲ... ကိုယ့်လူမျိုးတွေပဲ ပေးတဲ့ ရွေးကောက်ပွဲ မဲတွေသည် မိမိတို့ ရင်ထဲကမဟုတ်လို့ ဘယ်ကပေါက်ဖွားလာရမှာလဲ... နိုင်ထက်စီးနင်းလုပ်ပြီး ဘယ်ပါတီကို မဲထည့်ရမယ်လို့ အတင်းအကျပ် ခိုင်းတာမျိုးလည်း တစ်ခါမှမကြား မိပါဘူး။

ကိုယ်တိုင်လည်း မဲပေးခဲ့ရပါတယ်... ဘယ်လောက် လွတ်လပ်သလဲဆိုရင် ကိုယ့်ပေးချင်တဲ့ မဲကိုပေးပိုင်ခွင့် ရှိပါတယ်။ လူမြင်မှာ ဆိုရင် တစ်နေရာမှာ သေချာပေးလို့ ရအောင်လည်း ခွင့်ပြုထားပါတယ်။ ဒါကြောင့် တရားမျှတလား မမျှတဘူးလားဆိုတာ ထွက်လာမယ့် ရလဒ်တွေကို ကြည့်ရမှာပါပဲ။ အဖြေတွေကို လေးစားရမယ်... အဖြေတွေကိုလေးစားတာ ကိုယ့်နိုင်ငံက ပြည်သူတွေကို လေးစားတာနဲ့ အတူတူပါပဲ။ မမျှတဘူးလို့ အော်နေသူများ အတွက်တော့ မြန်မာ ပြည်သူပြည်သားများကို မလေးစားရာ ကြပါတယ်။ အတင်းအကြပ် တိုက်တွန်းတာ မရှိပဲ ပြည်သူတွေ ကိုယ်တိုင်ပေးရတဲ့ မဲတွေကိုမှ မမျှတဘူး ဆိုရင်တော့ မှတ်ယူလိုက်ပါ... အဲဒီလူသည် အမျိုးယုတ် သစ္စာဖောက် တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ဒါမှမဟုတ် ကိုယ်တိုင်ကိုယ်ကျ မဲပေးခွင့် မရခဲ့လို့ဖြစ်နိုင်တယ်။ ဤသည်မှာထိုသူ၏ ကောင်းမှု၊ မကောင်းမှုပေါ်၌ မှုတည်နေပါသည်။ အဓိကကတော့ သူကိုယ်တိုင်တောင် အသုံးမကျလို့ အပယ်ခံနေရတာ... အသုံးကျတဲ့ မြန်မာပြည်သူ ပြည်သားတွေကို အပြစ်တင်ကဲ့ရဲ့ နေကြသေးတယ်...

နိုင်ငံရပ်ခြားနယ်စပ်ပါ မကျန် အကုန်လုံး မဲပေးရပါတယ်... ကိုယ့်နိုင်ငံကို ပုန်ကန်ပြီး သူတို့ချစ်တဲ့ နိုင်ငံခြားသားအဖြစ် ခံယူထားတဲ့ လူတွေမှအပပေါ့။ ဒါပေမယ့် ထိုလူတွေသည် အရမ်းအကျင့်ယုတ်ကြ၏။ မြန်မာနိုင်ငံရေးနှင့် ထမင်းစားပြီး... မြန်မာနိုင်ငံမကောင်းကြောင်း သတင်းမီဒီယာလွှင့်တယ်။ မဲပေးတော့ သူခံယူထားတဲ့ နိုင်ငံသားအဖြစ်နဲ့ မဲပေးတယ်။ အမှန်တကယ်တော့ မြန်မာနိုင်ငံနဲ့ ဘာမှကို မသက်ဆိုင်တဲ့ လူတွေအဖြစ်နှင့်သာ ဒီကမ္ဘာမှာ ရပ်တည်နေကြတာပါ။ စဉ်းစားကြည့်ပါ… မြန်မာမှာမွေးတယ်… နိုင်ငံခြားမှာကြီးတယ်… နိုင်ငံခြားသား ခံယူလိုက်တယ်။ အမုန်းဆုံးကတော့ နိုင်ငံခြားသားကို ယူထားတဲ့လူတွေပဲ။ စိုးရိမ်စရာ အကောင်းဆုံးနဲ့ ရှုပ်ထွေးမှု ဖြစ်လာစရာ ဖန်တီးမယ့် လူတွေမို့လို့ပါ။ ကျွန်တော်တို့က မြန်မာစစ်တယ် ဒါကြောင့်မြန်မာကိုချစ်တယ်။ ဘယ်နိုင်ငံကိုမှ အထင်မကြီးဘူး။ ကြောက်လည်း မကြောက်ဘူး။ ဘယ်သူကြိုးကိုင်တာကိုမှ လိုက်လုပ်စရာ မလိုတဲ့မြန်မာပြည် ဖြစ်နေရမှာ။ ဧရိယာအကျယ်အ၀န်းသာ ငယ်ချင်ငယ်မယ်၊ လူကောင် သေးချင်သေးမယ် ဒါပေမယ့် ဘယ်တော့မှ စိတ်ဓာတ်အား မငယ်ဘူး။ ဒါတောင် ဂုဏ်မယူတတ်ပဲ အမြဲတမ်း အပြစ်တင်ကာ အမျိုးမျိုး ဝေဖန်နေတုန်းပဲ။ ရင်နာစရာ ကောင်းပါတယ်။ အကျိုးလည်းမပြု၊ သိက္ခာလည်းချ… ဥပမာ-မြန်မာဖြစ်ပါလျှက်နဲ့ မြန်မာလူမျိုးကိုစွန့်ပြီး နိုင်ငံခြားသားခံယူ ထားသူတွေ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံနှင့် ပတ်သတ်သော အသံလွှင့်ဌာနတွေသည် မြန်မာမကောင်းကြောင်း ဆက်တိုက် ဖော်ထုတ်နေတော့တာပဲ။ ဒါကြောင့် အမျိုးယုတ်သော မြန်မာတွေ အဖြစ်နှင့်သာ ရပ်တည်နေတာ မှန်ကန်နေတယ်။ ထိုသူတွေကို ကျွန်တော်တို့ ပြည်သူပြည်သားတွေက တက်ညီလက်ညီ ဖယ်ရှားပစ်ရမှာပါ။ ဒါမှသူတို့ ထမင်းရှင်ကို သူတို့နားလည်ကြမှာ။ အသံလွှင့် မီဒီယာတွေက မြန်မာပြည်သူပြည်သားတွေကို မဲမထည့်ခိုင်းတာထက် ရွေးကောက်ပွဲကို ပျက်စီးသွားစေချင်တာပါ။ ဒါပေမယ့် သူတို့လုပ်ရပ်တွေက တစ်ခုမှ ဖြစ်မလာခဲ့ပါဘူး။ ရွေးကောက်ပွဲနှင့် ပတ်သတ်ပြီး နောက်ထပ် ဘာတွေဆက်ပြီး သတင်းလွှင့်မလဲ ဆိုတာစောင့်ကြည့်ရတာပေါ့…။ အဲဒါကလည်း သူတို့ရဲ့ မဟုတ်မမှန်တဲ့ လုပ်ရပ်တွေကို တစ်ခုချင်းစီ ဖော်ပြနေတာပါပဲ...။

ကျွန်တော်တို့အားလုံး ကိုယ်ပေးလိုက်တဲ့ မဲအတွက် ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ သဘောတရားတွေကို သေချာနားလည်စေချင်တယ်။ သဘောတရားက အရေးကြီးပါတယ်။ ဒီအချိန်မှာ အမေစုကိုလည်း ကျွန်တော်တို့ တမ်းတလို့ မရဘူး။ ဘာကြောင့်လဲ သူ့ပါတီက မပါဝင်ဘူး။ ဒါကို အပြောင်းအလဲဖြစ်အောင် ထပ်လုပ်နေမယ် ဒါမှမဟုတ် နိုင်ငံဆူပူအောင် ထပ်လုပ်နေမယ် ဆိုရင်တော့ အမေစုတို့ ပြောနေတဲ့ ဒီမိုကရေစီလည်း ပျက်မှာပဲ။ ထို့အပြင် တိုင်းပြည်ကိုပျက်စီးရာ ပျက်စီးကြောင်း လုပ်မှု၊ ပျက်စီးမည့်သူတွေကို အားပေးမှု၊ တားမြစ်မှု မရှိခြင်းတို့ကြောင့် ဥပဒေက အရေးယူနိုင်ပါသည်။ အမေစုသည်လည်း ဒီဥပဒေတွေနှင့် ညိုစွန်းပြီး အပြစ်ဒဏ်ခံပြီးပါပြီး။ နောက်ထပ် ဘယ်သူတွေက ဆက်မိုက် နေကြအုံးမှာလဲ။ မိုးပျံအောင် တော်နေလဲ ချမှတ်ထားတဲ့ စည်းကမ်းတွေ၊ ဥပဒေတွေကို ချိုးဖောက်မယ်ဆိုရင် တရားဥပဒေ စိုးမိုးနေတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် အပြစ်ရှိသလို အပြစ်ပေးခြင်း ခံရမှာပဲ။ လောကမှာ ကျွန်တော်အကြောက်ဆုံး နှစ်ချက်က အမိန့်နဲ့ညွန်ကြားချက်ပါ။ ဟိုတလောက ရွေးကောက်ပွဲ မလုပ်ခင်မှာ ဗွီဒီယိုဖိုင် တစ်ခုကြည့်ရပါတယ်။ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲမထည့်အောင် ၀ါဒဖြန့်ထားတာပါ။ စဉ်းစားမိတာက ကိုယ်တိုင်မဲပေးခွင့် မရှိသူတို့သည် အင်မတန် ယုတ်မာရိုင်းစိုင်း ကြပါသည်။ ကိုယ်တိုင်လည်း မဲပေးခွင့်မရှိ သူတပါးပေးမည့် မဲကိုလည်း မပေးခိုင်းကြဘူး... ဘာလုပ်ရပ်တွေ ဖြစ်နေလဲ စဉ်းစားကြပါ။ မစားရမယ့်အမဲ သဲနဲ့ပက်တာတော့ မကောင်းတဲ့ လုပ်ရပ်ပါ။ ကျွန်တော့်စိတ်ဓာတ် အမှန်အရ နိုင်ငံတော်အတွက် ဖြစ်တဲ့အတွက် ပေးကိုပေးရမယ်... ကြိုက်တဲ့ပါတီကို မဲပေးကိုပေးရမယ်။ အားတောင် ပေးလိုက်အုံးမယ်။ သူတပါးစိတ်ကို ချုပ်ချယ်တာဟာ မလိုစိတ်တွေ ရှိနေတာပါ။ အခုမြန်မာ ပြည်သူပြည်သားတွေရဲ့ လုပ်ရပ်တွေက ဘယ်သူ့ အချုပ်ချယ်မှမခံပဲ ကိုယ်ပိုင် ဆန္ဒနဲ့ မဲပေးခဲ့ကြပြီးပါပြီး.. ထို့အတွက်လည်း တန်ဖိုးရှိတဲ့ အဖြေတစ်ခုကို ကျွန်တော်တို့ ရကြတော့မှာပါ…။

ပြန်မရတော့တဲ့ အရာတွေကို တမ်းတမနေပါနဲ့... ကိုယ်ထည့်ထားတဲ့ မဲတစ်ခုကို တန်ဖိုးထားကြပါ... အစစ်မှန်ဆုံးသော အဖြေတစ်ခု ထွက်လာပါမယ်... အဲဒါကိုသာ ကျေနပ်စွာ လက်ခံပါ... ငြင်းဆန်မယ်ဆိုရင်တော့ ပြည်သူတွေ အချင်းချင်း ဒုက္ခရောက်ကြရလိမ့်မယ်။ အားလုံးစည်းလုံး စေချင်တယ်... မြန်မာပြည်ကြီး ဖွံ့ဖြိုးတိုးတက် စေချင်တယ်ဆိုရင်တော့ တစ်ယူသန် အဖျက်လုပ်ရပ်တွေကို နားမယောင်ကြပါနဲ့... ချမှတ်ထားတဲ့ ဒီမိုကရေစီ လမ်းကြောင်းမှန် ဖြစ်ပေါ်ရေးကို ၀ိုင်းဝန်းကူညီပါ။ အားလုံးသည် ပညာရှိပြီး နားလည်နေကြတဲ့ ဒီခေတ်မှာ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရပ်တည်ကြပါ။ ၀ါးမျိုခံရခြင်းမှ ကင်းဝေး နိုင်ကြပါစေ... ရတာမလို လိုတာမရဆိုတဲ့ သဘောတရားကို သိရှိပြီး ကိုယ့်အတ္တတွေအတွက် တိုက်ပွဲဝင်တာကို ရပ်ကြပါတော့... နေ့တိုင်းမီးလိုပူလောင်နေတဲ့ သင်တို့ဆီက ထွက်တဲ့ စကားလုံးတွေကို ညအိပ်ရာဝင်တိုင်း သေချာစဉ်းစားကြည့်ပါ.... နောက်နေ့မှာ အေးချမ်းမှုကို သင်လိုချင်လာပါလိမ့်မယ်...။ အေးချမ်းမှုတွေ ရရှိနေတဲ့ ကျွန်တော်တို့ ပြည်သူပြည်သားတွေကို ဝေဒနာအဆိုးအ၀ါးတွေ ဖြစ်အောင် မဖန်တီးကြပါနဲ့လို့ သဘောတရား နားမလည်သေးသူများ နှင့် အဖျက်အမှောက် လုပ်နေသူတို့အား တိုက်တွန်း ရေးသားလိုက်ပါတယ်။

NPNGMMP

0 comment:

Comment here

သင့်အကြံပြုချက်တွေကို လေးစားစွာ ဖတ်ရှုပေးပါမည်။ ကျေးဇူးတင်ပါသည်။

 
RSS FeedRSS Subscription!
Follow me!Follow me!